
ရန်ကုန် ဒီဇင်ဘာ ၇
ခရီးစဉ်ဒေသသစ် တစ်ခုအဖြစ် ဖော်ဆောင်ထားရှိသော မိုင်းရှူး တောင်ပေါ်တိမ်ပင်လယ်သို့ ယခု နှစ်တွင် စိတ်ဝင်တစား လာရောက် ကြည့်ရှုအပန်းဖြေသူ များပြားနေ ကြောင်း ခရီးစဉ်သစ်ကို စတင် ဖော်ဆောင်သူ မနန်းမွေနွံက ပြောသည်။
ယင်းခရီးစဉ်ကို ၂၀၂၁ ခုနှစ်က စတင်ဖော်ဆောင်ခဲ့ပြီး ယခုနှစ် အတွင်း လူသိများလာခြင်းဖြစ် ကာ တိမ်ပင်လယ်မှာ မိုင်းရှူး တောင်ပေါ်တက်လမ်း အတိုင်း လာရောက်၍ ဘိုးဘွားတောင်သွား လမ်း (PNO )ဘုရားအောက်ဘက် တွင်တည်ရှိပြီး မိုင်းရှူးမြို့မှ လာရောက်လည်ပတ်မည်ဆိုလျှင် ၄၅ မိနစ်ခန့် လာရောက်ရုံဖြင့် ရောက်ရှိနိုင်ကာ အဆိုပါနေရာသို့ အောက်တိုဘာလမှစ၍ လားရှိုး၊ ကျောက်မဲမြို့တို့မှ ခရီးသွား ဧည့်သည်ဝင်ရောက်မှု များပြား ခဲ့ကာ ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့မှလည်း လာရောက်လည်ပတ်သူများ ရှိ လာကြောင်း ဆိုသည်။
“တိမ်ပင်လယ်ကို ကြည့်ရှုဖို့ မနက်ပိုင်းမှ လာရောက်သူဦးရေ ဆိုရင် တစ်ရက်ကို ၅၀၊ ၆၀ လောက် ရှိတယ်။ တိမ်ပင်လယ်ကြည့်ဖို့ ညအိပ်ပြီး စောင့်တဲ့သူတွေနဲ့ ဆိုရင် တော်တော်လေးများပါတယ်။ အများအားဖြင့်တော့ လူငယ်တွေ ပါ”ဟု မနန်းမွေနွံက ပြောသည်။
နံနက် ၆ နာရီ ဝန်းကျင် နေစထွက်သည့် အချိန်မှစတင် ကာ နံနက် ၁၀ နာရီဝန်းကျင် ခန့်အထိ တိမ်ပင်လယ်ကြည့်ရှု ရန် အလှဆုံးအချိန်ဖြစ်ပြီး တိမ် များကြည့်ကာ အလှဓာတ်ပုံများ ရိုက်ကူးနိုင်ရန် ဓာတ်ပုံရိုက်စရာ နေရာများ ဖော်ဆောင်ထားရှိကာ ဝင်ကြေးအနေဖြင့် ကျပ် ၄၀၀၀ ကောက်ခံသွားမည် ဖြစ်ကြောင်း လည်း သိရသည်။
“တိမ်တွေက ၁၀ လပိုင်း လောက်ကစပြီး ၂ လပိုင်းလောက် အထိတော့ တိမ်ရှိတယ်။ ဒါပေမယ့် ၁ လပိုင်းလောက်အထိတော့ တိမ် များပြီး ၂ လပိုင်းလောက်မှာတော့ တိမ်နည်းသွားတယ်” ဟုလည်း ၎င်းက ပြောကြားသည်။
တိမ်ပင်လယ် လာရောက် ကြည့်ရှုသူများအနေဖြင့် ညအိပ် တည်းခိုလိုသူများအတွက် ဘန်ဂလို များ စီစဉ်ထားရှိပြီး အခန်းခ ဈေးနှုန်းအနေဖြင့် နှစ်ယောက်အိပ် အခန်းဈေးနှုန်းမှာ ငွေကျပ် ၄၀၀၀၀ ၊ သုံးယောက်အိပ်အခန်း ဈေးနှုန်းမှာ ငွေကျပ် ၆၀၀၀၀၊ လေးယောက်အိပ် အခန်းဈေးနှုန်း မှာ ငွေကျပ် ၈၀၀၀၀ ရှိကြောင်း သိရသည်။
MT
ဓာတ်ပုံ-မိုင်းရှူးတောင်ပေါ်
တိမ်ပင်လယ်