
ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ ဟိုပုံးမြို့နယ်၌ နှစ်စဉ်ကျင်းပမြဲဖြစ်သည့် ဟိုပုံးမြို့ တန်ဆောင်တိုင်မီးထွန်းပွဲတော်ကို ယခုနှစ် တွင်လည်း ဒီဇင်ဘာ ၁ ရက်မှ ၅ ရက်အထိ စည်ကား သိုက်မြိုက်စွာ ကျင်းပလျက်ရှိသည်။
ဒီဇင်ဘာ ၁ ရက်က ကျင်းပသည့် ဖွင့်ပွဲတွင်လည်း စိန်နားပန်မီးပုံးပျံနှင့် ညမီးကြီးမီးပုံးပျံများ လွှတ်တင် ပူဇော်ခဲ့ကြပြီးနောက် ဟိုပုံးမြို့ရှိ အနောက်ရပ်ကွက်၊ တုံခမ်းရပ်ကွက်၊ ရန်ကင်းကျေးရွာ၊ ဖာလိုင်ကျေးရွာ တို့မှ မီးပဒေသာလှည့်လည်ပူဇော်ခဲ့ကြသည်။
ထို့အပြင် ဒီဇင်ဘာ ၅ ရက်အထိ တန်ဆောင်တိုင်မီးထွန်းပွဲတော် ရက်များအတွင်းတွင်လည်း မီးပုံးပျံငယ်များ၊ ညမီးကြီး မီးပုံးပျံများ လွှတ်တင်ပူဇော်ခြင်းနှင့် မီးပဒေသာ လှည့်လည်ပူဇော်ခြင်းများကို ညစဉ်ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။
ဟိုပုံးမြို့ တန်ဆောင်တိုင်မီးထွန်းပွဲတော် ဖွင့်ပွဲ အခမ်းအနားကို ဒီဇင်ဘာ ၁ ရက် ညနေပိုင်းက သီရိမင်္ဂလာရွှေချမ်းသာမွေတော်ဘုရားကြီး၌ ကျင်းပ ပြုလုပ်ရာ ရှမ်းပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန် သိန်းမောင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင် ကြည်ဝင်း၊ သယံဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ်၊ ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံ၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန် ရဲထွေးနှင့် မြို့မိမြို့ဖ ဦးခွန်မောင်ဖြူတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပြီးနောက် အမှတ်(၁) နှင့် အမှတ်(၂)အခြေခံ ပညာအထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူ များက မီးပုံးအကအလှများဖြင့် ကပြဖျော်ဖြေကာ ကျောင်းသား ကျောင်းသူများ၊ ဒေသခံပြည်သူများက မီးပုံးပျံငယ်များ လွှတ်တင်ခဲ့ကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးများ၊ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက သီရိမင်္ဂလာရွှေချမ်းသာ မွေတော်ဘုရားကြီးကို ဆီမီးထွန်းညှိပူဇော်ခဲ့ကြပြီး ပြည်နယ်စီးပွားရေးရာဝန်ကြီးက မီးပုံးအကအလှ များဖြင့် ကပြဖျော်ဖြေသည့် ကျောင်းသား ကျောင်းသူ များအား ဆုငွေများ ချီးမြှင့်ပေးခဲ့သည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)