
ယဉ်လာဒ်
ကလောမြို့ရဲ့ အထင်ကရပွဲတော်ဖြစ်ပြီး တစ်နှစ်မှာ တစ်လ၊ တစ်လမှာ တစ်ကြိမ် သာ ကျင်းပတဲ့ ရိုးရာ မီးရှော်တိုင်ထွန်းညှိ ပူဇော်ပွဲနဲ့ မီးကြာစံ လှည့်လည်ပူဇော်ပွဲကို နိုဝင်ဘာလကုန်ပိုင်းမှာ တစ်ဖန်ပြန်လည် ကျင်းပတော့မှာ ဖြစ်ပါတယ်။
မြန်မာ့ရိုးရာယဉ်ကျေးမှု ပွဲတော်တွေ ဟာ ၁၂ လရာသီစလုံးမှာ ရှိကြပြီး လအလိုက်ကျင်းပကြတဲ့ ပွဲတော်တွေ သာမက တိုင်းရင်းသားတို့ရဲ့ ရိုးရာ ယဉ်ကျေးမှုပွဲတော်တွေကိုလည်း ကျင်းပ ကြလေ့ရှိပါတယ်။
မီးရှော်တိုင် ထွန်းညှိပူဇော်ပွဲ
ဒီတစ်ပတ်မှာတော့ ထင်းရှူးမြို့တော် လို့ တင်စားရတဲ့ ကလောမြို့ရဲ့ ရိုးရာ မီးရှော်တိုင် ထွန်းညှိပူဇော်ပွဲအကြောင်းကို မျှဝေဖော်ပြပေးလိုပါတယ်။
ကလောမြို့ မီးရှော်တိုင်ထွန်းညှိ ပူဇော်ပွဲကို ရိုးရာဓလေ့ အစဉ်အလာမပျက် နှစ်စဉ်ကျင်းပခဲ့ပေမယ့် ကိုဗစ်ကပ်ရောဂါ ဖြစ်ပြီးတဲ့နောက်ပိုင်း မကျင်းပနိုင်ခဲ့တာ သုံးနှစ်ကျော်ရှိခဲ့ရာမှ ဒီနှစ်မှာတော့ နိုဝင်ဘာ ၂၈ ရက်ကနေ ဒီဇင်ဘာ ၁ ရက် အထိ ပွဲတော်ကို လေးရက်တိုင်တိုင် ပြန်လည်ကျင်းပမှာ ဖြစ်ပါတယ်လို့ ကလောမြို့နယ် အထွေထွေအုပ်ချုပ် ရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက စာရေးသူကို ပြောပြပါတယ်။ ပုံမှန်အား ဖြင့်ဆို ပွဲတော်ကာလကို တစ်ပတ်နီးပါး ကျင်းပပေမယ့် ဒီနှစ်မှာတော့ လေးရက်ပဲ ကျင်းပမယ်လို့ သိရပါတယ်။
သုံးနှစ်ကျော်ပြီးမှ ပြန်ကျင်းပနိုင်
ကလောမြို့ အမှတ်(၃) ရပ်ကွက် အုပ်ချုပ်ရေးမှူးကလည်း “ရိုးရာအစဉ် အလာမပျက် ပြန်ကျင်းပနိုင်တာကို သိပ်ဝမ်းသာတာပေါ့ဗျာ။ ကိုဗစ်ဖြစ်နေတဲ့ ကာလတစ်လျှောက် မကျင်းပခဲ့တာ သုံးနှစ်ကျော်ရှိပါပြီ” လို့ စာရေးသူကို ပြောပါတယ်။
တန်ဆောင်တိုင်ပွဲတော်လို့ မခေါ်ဘဲ ကလောမြို့ရဲ့ ရိုးရာမီးရှော်တိုင်ပွဲတော် လို့သာ ခေါ်ဝေါ်သုံးစွဲကြပါတယ်။ တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ပြီးမှ သာ ကလောတန်ဆောင်တိုင်ပွဲတော်ကို ပြုလုပ်လေ့ရှိတယ်လို့လည်း တောင်ရိုး ဒေသခံ တိုင်းရင်းသားတစ်ဦးဖြစ်တဲ့ ဖိုးထွန်းနိုင်က စာရေးသူကို ပြောပါ တယ်။ “ကလောမြို့ ရပ်ကွက်အလိုက် မီးရှော်တိုင်နဲ့ မီးကြာစံ လှည့်လည်ပူဇော် ကြပါတယ်။ မီးကြာစံလှည့်လည်ပူဇော်ရင် လူအင်အားလိုတဲ့အခါ ကျွန်တော်တို့ကို ခေါ်ပါတယ်” လို့ သူက ဆက်ပြောပါတယ်။
ကလောမြို့ပေါ်မှာ ရပ်ကွက် ၁၁ ရပ်ကွက်ရှိပြီး ရပ်ကွက်တစ်ခုစီကနေ မီးရှော်တိုင်တစ်ခုစီ ထွန်းညှိပူဇော်ကြ ပါတယ်။ မီးကြာစံကတော့ မိမိတို့ပုံဖော် လိုတဲ့ ဒီဇိုင်းအလိုက် ပုံဖော်ပြီး ရိုးရာဝတ်စုံ တွေဝတ်ဆင်ပြီး မြို့ပေါ်ကို စီတန်း လှည့်လည် ပူဇော်ကြတာဖြစ်ပါတယ်။
ကလောမြို့ နာရီစင်ဘေးက ကလော မောမြေဦးပန်းခြံကွင်းထဲနဲ့ မီးရှော်တိုင် ပြုလုပ်ကျင်းပမယ့်ကွင်းကို ကြိုတင် ပြင်ဆင်ပေးထားပြီးဖြစ်ပါတယ်။ ပွဲတော် ကာလမှာ စျေးရောင်းပွဲတော်ကိုလည်း အားကစားကွင်းထဲမှာကျင်းပဖို့ စီစဉ် ပေးထားတယ်လို့ ကလောမြို့ရဲ့ တာဝန်ရှိသူတစ်ဦးထံမှ သိရပါတယ်။
မီးရှော်တိုင်ဆိုတာ ကလောမြို့ရဲ့ အမည်နာမဝိသေသဖြစ်ပြီး ထင်းရှူးဆီ ထင်းရှူးသားတွေနဲ့ မျောတိုင်အမြင့် ၂၅ ပေကျော်ကို ဝါးနှီးခေါက်နဲ့ကျစ်ပတ်ထားတဲ့တိုင်ကို ခေါ်ဝေါ်တာဖြစ်ပြီး မီးရှော်တိုင် တစ်တိုင်ကို လူအယောက် ၂၀ လောက်က ဝိုင်းဝန်းပြီး ထမ်းရတာဖြစ်ပါတယ်။ မီးရှော်တိုင်နဲ့တွဲဖက်ပြီး ယမ်းခွေကိုလည်း ပြုလုပ်ရပါတယ်။
နှစ်ပေါင်း ၆၀ ကျော် ကျင်းပခဲ့
အချိန်ပေးပြီး ဇွဲ လုံ့လ ဝီရိယတွေနဲ့ စိတ်ရောကိုယ်ပါနှစ်ပြီး ကြိုတင်ပြင်ဆင် ပြီးမှသာ မီးရှော်တိုင်ပွဲတော်ကို ကျင်းပ လေ့ရှိကြပါတယ်။ မီးရှော်တိုင်ကို အမြင့်ဆုံးအထိ ရောက်အောင်ပစ်ပြီး ဘုရားမီးပူဇော်ကြတဲ့ ရိုးရာပွဲတော်တစ်ခု ဖြစ်ပါတယ်။ မီးရှော်တိုင်ပွဲတော် ကျင်းပတဲ့ ကာလဟာ စတင်ကျင်းပတဲ့နှစ်ကစလို့ ဒီနှစ်အထိဆို နှစ်ပေါင်း ၆၀ ကျော် ရှိပြီလို့ ဒေသခံတွေပြောစကားအရ သိရ ပါတယ်။
“တိုင်းရင်းသားတို့ရဲ့ရိုးရာယဉ်ကျေးမှုကို ပြန်လည်ဖော်ထုတ်ပေးတဲ့ ပွဲတော် ဖြစ်တဲ့အတွက် မြန်မာပြည်တစ်ပြည်လုံး က ခရီးသွားတွေအနေနဲ့ လာရောက် လေ့လာပြီး ဆင်နွှဲပေးကြပါ” လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
ကလောမြို့ဆိုတာ ခရီးသွားဧည့်သည် တွေရဲ့ စိတ်နှလုံးကို သိမ်းပိုက်ထားနိုင်တဲ့ ခရီးသွားမြို့တော်တစ်ခု ဖြစ်ပါတယ်။ အေးမြတဲ့ တောင်ပေါ်မြို့လေးဖြစ်ပြီး တိုင်းရင်းသားပေါင်းစုံ နေထိုင်ကြတဲ့ မြို့လေးလည်း ဖြစ်ပါတယ်။ လည်ပတ် စရာနေရာတွေကလည်း တစ်ခုပြီးတစ်ခု အသစ်အသစ်တွေ ပေါ်ထွက်နေတာမို့ ခရီးသွားဧည့်သည်တွေရဲ့ မျက်စိကျစရာ မြို့တော်ဖြစ်ပါတယ်။
ဒါကြောင့် ကလောမြို့ရဲ့ ရင်သပ် ရှုမောစရာကောင်းလှတဲ့ ရိုးရာဓလေ့ ပွဲတော်ဖြစ်ပြီး သုံးနှစ်ကျော်ကြာမှ ပြန်လည်စတင်ကျင်းပမယ့် မီးရှော်တိုင် ထွန်းညှိပူဇော်ပွဲနဲ့ မီးကြာစံ လှည့်လည် ပူဇော်ပွဲကို ဒီတစ်ပတ်ရဲ့ ခရီးသွား လမ်းညွှန်အနေနဲ့ ရေးသားဖော်ပြပေး လိုက်ပါတယ်။ ။