
ရန်ကုန် နိုဝင်ဘာ ၁၈
ရန်ကုန်တိုင်းဒေသကြီး အတွင်း ရှိ တိုင်းရင်းသားလူမျိုးများ၏ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေး မှုဆိုင်ရာ နှီးနှောဖလှယ် သုတေသန စာတမ်းစာဖတ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက သာကေတ မြို့နယ် ပြည်ထောင်စုတိုင်းရင်း သားကျေးရွာ အစည်းအဝေးခန်းမ ၌ ကျင်းပသည်။
အစဉ်အလာများထိန်းသိမ်း
ဦးစွာ တိုင်းဒေသကြီးဝန်ကြီး ချုပ် ဦးစိုးသိန်းက စာတမ်းဖတ်ပွဲ တွင် ကရင်၊ မွန်နှင့် ရခိုင်စာပေ ယဉ်ကျေးမှုအသင်းများမှ စာတမ်း ပြုစုသူပညာရှင်များက ဖတ်ကြား မည်ဖြစ်၍ မိမိတို့၏ စာပေ၊ ယဉ် ကျေးမှုများကို တိုင်းရင်းသားများ အချင်းချင်း နှီးနှောဖလှယ်နိုင်ပြီး တစ်ဦးနှင့်တစ်ဦး ရင်းနှီးလာ၍ နားလည်မှု ပိုမိုတိုးပွားလာမည်ဖြစ် ကြောင်း၊ တိုင်းရင်းသားလူမျိုး တိုင်းသည် မိမိတို့၏ စာပေ၊ ဘာသာစကား၊ ယဉ်ကျေးမှု၊ အနုပညာ၊ ရိုးရာ၊ ဓလေ့ထုံးတမ်း စသော အစဉ်အလာများကို ထိန်းသိမ်းကြပြီး နိုင်ငံနှင့်လူမျိုး၊ ဘာသာ သာသနာနှင့် ယဉ်ကျေးမှု တို့အပေါ် သစ္စာစောင့်သိပြီး ရင့်ကျက်သော အမျိုးသားရေး စိတ်ဓာတ်ဖြင့် ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာ တည်တံ့ခိုင်မြဲရေး တို့ကို နိုင်ငံသား တိုင်းရင်းသား တိုင်းက သမိုင်းပေး တာဝန် တစ်ရပ်အဖြစ်ခံယူ၍ စည်းလုံး ညီညွတ်စွာဖြင့် ဆက်လက် ထိန်းသိမ်း စောင့်ရှောက်သွားရန် ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးစောဂျက်ကော့ထူးက အခမ်း အနား ကျင်းပရခြင်းနှင့် စပ်လျဉ်း ၍ ရှင်းလင်းတင်ပြပြီး မွန်စာပေ နှင့် ယဉ်ကျေးမှုကော်မတီဥက္ကဋ္ဌ ဒေါက်တာ မင်းခင်စိန်က ကျေးဇူး တင်စကား ပြောကြားသည်။
ဂုဏ်ပြုချီးမြှင့်
ယင်းနောက် ပြည်ထောင်စု တိုင်းရင်းသားကျေးရွာ(ရန်ကုန်) ယဉ်ကျေးမှုအဖွဲ့မှ စည်းလုံးချင်း အတွက် သီချင်းတစ်ပုဒ်ဖြင့်ကပြ ဖျော်ဖြေတင်ဆက်ကြရာ တိုင်း ဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့က ကြည့်ရှုအားပေးကြပြီး ဂုဏ်ပြု ချီးမြှင့်ငွေများ ချီးမြှင့်သည်။
ဆက်လက်၍ အခမ်းအနား ဒုတိယပိုင်း ဆက်လက်ကျင်းပရာ မွန်စာပေနှင့် ယဉ်ကျေးမှု ကော်မတီအကြံပေး နိုင်စိုးအောင် က မွန်စာပေနှင့် ထီးလှိုင်ရှင် ကျန်စစ်သား၏ မျိုးရိုးဇာတိအား ဆန်းစစ်ခြင်း ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ရခိုင်စာပေနှင့်ယဉ် ကျေးမှုအသင်း ဒုတိယဥက္ကဋ္ဌ ဦးမောင်ဖြူက ရခိုင်ပြည်နယ် မြောက်ဦးမြို့ သျှစ်သောင်းဘုရား ရှိ အာနန္ဒစန္ဒြမင်း ရေးထိုးခဲ့သည့် စာရေးနည်း အတတ်ပညာကို လမ်းပြခဲ့သော အာနန္ဒစန္ဒြ မင်းကျောက်စာ ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ကရင်စာပေနှင့် ယဉ်ကျေးမှုအသင်း ဥက္ကဋ္ဌ မန်းသန်းဝင်းဦးက မြန်မာနိုင်ငံ ကရင့်ပညာရေး ခေါင်းစဉ်ဖြင့် စာတမ်း ဖတ်ကြားကြသည်။
ထို့နောက် ဖတ်ကြားခဲ့သည့် စာတမ်းအပေါ် တက်ရောက်လာ သူများက သိရှိလိုသည်များ မေးမြန်းခဲ့ပြီး စာတမ်းရှင်များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ ကြောင်း သိရသည်။
ဆန်းကျော်ဦး(ပြန်/ဆက်)