
နေပြည်တော် ဇွန် ၂၃
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ခရီးစဉ်တွင် လိုက်ပါလာကြသည့် ကိုယ်စားလှယ်အဖွဲ့ များသည် ယနေ့တွင် မော်စကိုမြို့ရှိ အထင်ကရနေရာ များ၊ ဘာသာရေးဆိုင်ရာအဆောက်အဦများ၊ လျှပ်စစ် နှင့် စွမ်းအင်ပြတိုက်နှင့် MGIMO ကျောင်းတို့သို့ သွားရောက်ကြည့်ရှုလေ့လာကြပြီး တာဝန်ရှိသူများ နှင့် တွေ့ဆုံကာ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးကြသည်။
အမြင်ချင်းဖလှယ်
ထိုသို့လေ့လာရာတွင် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ မြို့တော်ဝန် ဒေါက်တာ မောင်မောင်နိုင် ဦးဆောင်သောအဖွဲ့သည် မော်စကို လျှပ်စစ်နှင့် စွမ်းအင်ပြတိုက်သို့ သွားရောက်လေ့လာပြီး မော်စကို မြို့တော်ဝန်နှင့် တွေ့ဆုံကာ မြို့ပြဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာလုပ်ငန်းများနှင့် စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။
အလားတူ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန်း အောင်ကျော် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ သည် ရုရှား- မြန်မာချစ်ကြည်ရေးအသင်းဥက္ကဋ္ဌနှင့် လည်းကောင်း၊ စိန့်ပီတာစဘတ် မြို့တော်ဝန်ရုံးခွဲ (မော်စကို)မှ ပြည်ပဆက်ဆံရေး ကော်မတီနှင့် လည်းကောင်း သီးခြားစီ တွေ့ဆုံပြီး ပူးပေါင်းဆောင် ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
ထို့အတူ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ကိုယ်စားလှယ်အဖွဲ့သည် မော်စကိုမြို့တော်ဝန်နှင့် တွေ့ဆုံပြီး ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ၊ ဆေးပညာပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
သွားရောက်လေ့လာ
ထို့ပြင် ထူးချွန်ဆုရအရာရှိများအဖွဲ့သည် မော်စကိုမြို့ရှိ Patriotic Park နှင့် ရုရှားတပ်မတော်၏ ပင်မဘုရားရှိခိုးကျောင်းသို့လည်းကောင်း၊ သာသနာ ရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ကိုယ်စားလှယ်အဖွဲ့ သည် မော်စကို သာသနာပိုင်မဟာယနဗုဒ္ဓဘုန်းတော် ကြီးကျောင်းသို့ လည်းကောင်း၊ နိုင်ငံခြားရေးဝန်ကြီး ဌာနကိုယ်စားလှယ်အဖွဲ့သည် MGIMO တက္ကသိုလ်သို့ လည်းကောင်း သွားရောက်လေ့လာကြရာ တာဝန် ရှိသူများက လိုက်လံရှင်းလင်း ပြသခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်