ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် ဂျပန်ကို အဝေးကွင်း၌ မြန်မာအသင်း အရေးနိမ့်

 

ရန်ကုန်     နိုဝင်ဘာ    ၁၆
၂၀၂၆  ကမ္ဘာ့ဖလား   အာရှဇုန်ဒုတိယအဆင့် ခြေစစ်ပွဲအုပ်စု  (B) ပထမနေ့အဖြစ်   ဂျပန် လက်ရွေးစင်အသင်းနှင့်   မြန်မာ့လက်ရွေးစင် အသင်းသည် နိုဝင်ဘာ ၁၆ ရက်က ဂျပန်နိုင်ငံ အိုဆာကာမြို့တွင် ယှဉ်ပြိုင်ကစားရာ ဂျပန် အသင်းက ငါးဂိုးပြတ်အနိုင်ရခဲ့သည်။
မြန်မာအသင်းအနေဖြင့်   အာရှထိပ်သီး ဂျပန်အသင်းနှင့် အဝေးကွင်းတွင် ငါးဂိုးပြတ် အရေးနိမ့်ခဲ့ပြီး အဖွင့်ပွဲတွင် အရှုံးနှင့် ရင်ဆိုင် ခဲ့ရသည်။ မြန်မာအသင်းသည် ဂျပန်အသင်းကို နောက်ဆုံးတွေ့ဆုံမှုတွင် ၁၀ ဂိုးပြတ်အရေးနိမ့် ထားသော်လည်း ယခုအဝေးကွင်းပွဲတွင်မူ ငါးဂိုး သာ ပေးခဲ့ရခြင်းဖြစ်သည်။ ဂျပန်အသင်းထက်ဘောလုံးပညာ၊ ဘောလုံးဖွံ့ဖြိုးတိုးတက်မှု၊ လူစာရင်း အစစအရာရာ ကွာခြားနေသည့်   မြန်မာအသင်းသည်   ပေးဂိုးနည်းရန်သာ   အဓိက ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။
ဂျပန်အသင်းတွင် ကူဘို၊ အန်ဒို စသည့် အမာခံကစားသမားအချို့ မပါဝင်ဘဲ မီနာမီနို၊ ယူအီဒါ၊  ဒိုအန်၊  တာနာကာ၊ ကာမာဒါ၊ နာကာ ယာမာတို့ဖြင့် ပွဲထွက်ခဲ့သည်။ မြန်မာအသင်းသည် ခံစစ်အသားပေးသည့် လူစာရင်းဖြင့် ပွဲထွက်ခဲ့ပြီး ကျော်ဇင်ဖြိုး (ဂိုး)၊ ဟိန်းဖြိုးဝင်း၊ ကျော်မင်းဦး၊  ဇွဲခန့်မင်း၊  ဟိန်းဇေယျာလင်း၊ သက်ဟိန်းစိုး၊ ဝေလင်းအောင်၊ နေမိုးနိုင်၊ ဆွမ်လမန်၊ မောင်မောင်လွင်၊ ဟိန်းထက်အောင်တို့ဖြင့် ပွဲထွက်ခဲ့သည်။ ဂျပန်အသင်းသည် ပွဲစကတည်းက တိုက်စစ်ဖွင့်ကစားခဲ့ပြီး မြန်မာ အသင်းကလည်း ခံစစ်အသားပေးကစားခဲ့သည်။ ၁၁ မိနစ်တွင် ယူအီဒါ က အဖွင့်ဂိုးစတင်သွင်းယူပြီး ၂၈ မိနစ်တွင် ကာမာဒါက ဒုတိယဂိုးထပ်မံ သွင်းယူခဲ့သည်။ ပထမပိုင်းပြီးခါနီးတွင် ယူအီဒါက တစ်ဂိုးထပ်မံ သွင်းယူ သဖြင့် ပထမပိုင်းအပြီးတွင် သုံးဂိုးပြတ်ဦးဆောင်နေသည်။ ဒုတိယပိုင်း တွင်လည်း   ဂျပန်အသင်းကသာ  ပွဲကိုစိုးမိုးထားပြီး မိနစ် ၅၀ တွင် ယူအီဒါက ဟက်ထရစ်ရစေမည့်ဂိုးသွင်းယူခဲ့သည်။ ယင်းနောက်ပိုင်းတွင် နှစ်သင်းစလုံး ကစားသမားများအပြောင်းအလဲပြုလုပ်ခဲ့ပြီး ဂျပန်အသင်း အတွက် ပဉ္စမမြောက်ဂိုးကို ၈၆ မိနစ်တွင် ဒိုအန်က သွင်းယူခဲ့သည်။
မြန်မာအသင်းသည် အုပ်စုဒုတိယပွဲအဖြစ် နိုဝင်ဘာ ၂၁ ရက်တွင် မြောက်ကိုရီးယားအသင်းနှင့် အိမ်ကွင်းကစားရမည်ဖြစ်သည်။ မြန်မာ အသင်းသည် ဂျပန်၊  ဆီးရီးယား၊  မြောက်ကိုရီးယားတို့နှင့် တစ်အုပ်စု တည်း ကျရောက်နေခြင်းဖြစ်သည်။
ရဲရင့်လွင်