
နေပြည်တော် နိုဝင်ဘာ ၁၆
၂၀၂၃ ခုနှစ်၊ နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာ ပြပွဲတွင် တာဝန်ထမ်းဆောင်ခဲ့သည့် ဝန်ထမ်းများ အား ဂုဏ်ပြုဆုငွေ ချီးမြှင့်ခြင်းနှင့် ဂုဏ်ပြုညစာ စားပွဲအခမ်းအနားကို ယနေ့ ညနေပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပရာ မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟို ကော်မတီ နာယက သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်ရီ တက်ရောက်၍ ဂုဏ်ပြု အမှာစကား ပြောကြားသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက ၂၀၂၃ ခုနှစ်၊ နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို အောက်တိုဘာ ၂၀ ရက်မှ ၂၈ ရက်အထိ မဏိရတနာ ကျောက်စိမ်းခန်းမတွင် အောင်မြင်စွာ ကျင်းပနိုင်ခဲ့ ပါကြောင်း၊ ယခုပြပွဲသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအစိုးရလက်ထက် ဆဋ္ဌမအကြိမ်မြောက် ကျင်းပခဲ့သည့်ပွဲဖြစ်ပြီး ပုလဲအတွဲ ၃၀၀၊ ကျောက်မျက် အတွဲ ၇၃ တွဲ၊ အုပ်စုအေနှင့် ဘီ ကျောက်စိမ်းအတွဲ ၁၉၂၆ တွဲ နှင့် အုပ်စုစီ မှ ကျောက်စိမ်းအတွဲ ၁၇၇၈ တွဲ စုစုပေါင်း ကျောက်စိမ်းအတွဲ ၃၇၀၄ တွဲကို အောင်မြင်စွာ ရောင်းချနိုင်ခဲ့ကြောင်း၊ တာဝန် ထမ်းဆောင်ခဲ့သည့် ဝန်ထမ်းများအနေဖြင့် ပြပွဲ အကြိုကာလ၊ ပြပွဲကျင်းပစဉ်ကာလနှင့် ပြပွဲကျင်းပပြီး ကာလများအတွင်း ဆောင်ရွက်ရမည့် လုပ်ငန်းများကို စီမံချက်ပါအတိုင်း အကောင်အထည်ဖော် ဆောင် ရွက်နိုင်ခဲ့ခြင်းကြောင့် အောင်မြင်စွာ ကျင်းပပြုလုပ် နိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ ယခုပြပွဲတွင် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင် များကို အားပေးမြှင့်တင်ရန် ရည်ရွယ်၍ ကျောက်စိမ်း အတွဲများကိုလည်း သတ်မှတ်ရောင်းချခဲ့ပါကြောင်း၊ ပြပွဲတွင် တက်ကြွစွာ တာဝန်ထမ်းဆောင်ခဲ့သော ဝန်ထမ်းများနှင့် တာဝန်ရှိသူများကို အထူးကျေးဇူး တင် ဂုဏ်ပြုအပ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက မြန်မာ့ ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်းနှင့် မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေးလုပ်ငန်း တို့မှ ဝန်ထမ်းများကို ဂုဏ်ပြုဆုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ပြီး (ဝဲပုံ) ဂုဏ်ပြုချီးမြှင့်ခြင်းခံရသူများ ကိုယ်စား အရာထမ်းတစ်ဦးက ကျေးဇူးတင်စကား ပြောကြားသည်။
အခမ်းအနားသို့ သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူး ချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ပါမောက္ခ ချုပ်နှင့် ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ၂၀၂၃ ခုနှစ်၊ နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် တာဝန် ထမ်းဆောင်ခဲ့ကြသည့် အရာထမ်း/အမှုထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်