ဆီးချိုသွေးချိုအန္တရာယ်ကာကွယ်ဖို့၊ ကိုယ်တိုင်သိရှိ ဆင်ခြင်စို့

Type

 

ပါမောက္ခဒေါက်တာကိုကို
ဆီးချိုသွေးချိုကာကွယ်ထိန်းသိမ်းရေးစီမံချက်

ကမ္ဘာ​ပေါ်တွင် ဆီးချို​သွေးချို​ရောဂါသည် ကပ်​ရောဂါတစ်ရပ်အ​နေဖြင့် ဖြစ်ပွားလျက်ရှိသော ပြည်သူ့ကျန်းမာ​​ရေး အဓိကပြဿနာတစ်ရပ် ဖြစ်ပါသည်။  ဆီးချိုသွေးချိုရောဂါကြောင့် ခန္ဓာကိုယ်၏သွေးကြောငယ်များထိခိုက်ကာ ကျောက်ကပ်ပျက်စီးခြင်း၊  မျက်စိကွယ်ခြင်း၊   အာရုံကြောများပျက်စီး၍ ခြေလက် ထုံနာကျင်နာဖြစ်ခြင်း၊  ဆီးချိုနှင့် ယင်း၏ဆက်နွှယ်နေသော သွေးတိုး၊ သွေးတွင်း အဆီဓာတ်များခြင်းတို့ကြောင့် သွေးကြောကြီးများထိခိုက်ကာ လေဖြတ်ခြင်း၊  နှလုံးသွေးကြောပိတ်ခြင်း၊ ခြေထောက်ဖြတ်ရခြင်းတို့ ခံစားရပါသည်။ ထို့အပြင် ဆီးချိုသွေးချိုရောဂါသည် အခြားမကူးစက်နိုင်သောရောဂါများဖြစ်သည့် လေဖြတ် လေငန်းရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးသွေးကြောရောဂါများနှင့် နှလုံးအားနည်းရောဂါ၊ ကျောက်ကပ်ရောဂါတို့နှင့် တွဲဖြစ်လျက်ရှိသည်ကို  တွေ့ရပါသည်။

ဆီးချိုသွေးချို ဖြစ်ပွားမှုအခြေအနေ
အပြည်ပြည်ဆိုင်ရာဆီးချိုအဖွဲ့ချုပ်(IDF)၏ ၂၀၂၁ ခုနှစ်တွင် ထုတ်ပြန်ခဲ့သည့် ကိန်းဂဏန်းများအရ     ကမ္ဘာပေါ်တွင် အသက် ၂၀ မှ ၇၉  နှစ်အရွယ်အတွင်း ဆီးချိုသွေးချိုဖြစ်ပွားနေသူ ၅၃၇ သန်း ရှိပြီး လူ ၁၀ ဦးလျှင် တစ်ဦးတွင် ဆီးချို သွေးချိုရောဂါရှိနေသည်ကို   တွေ့ရပါ သည်။ ထက်ဝက်နီးပါးခန့်သည် မိမိတွင် ဆီးချိုသွေးချိုရောဂါ ရှိလို့ရှိမှန်း မသိကြ သည်ကို တွေ့ရှိရပါသည်။ ဆီးချို​သွေးချို​ရောဂါအပါအဝင်  အခြား  နာတာရှည် မကူးစက်နိုင်​သော​ ရောဂါအမျိုးမျိုးသည် ကမ္ဘာနှင့်အဝန်း ဖြစ်ပွားသူအ​ရေအတွက် များပြားလာသည်ကို ​တွေ့ရပါသည်။ ၂၀၃၀ ပြည့်နှစ်တွင် လူဦးရေ ၆၄၃ သန်း၊ ၂၀၄၅ ခုနှစ်တွင် ၇၈၃ သန်းအထိ ဆီးချို သွေးချိုဖြစ်ပွားသူများ တိုးတက်များပြား လာမည်ဟု   ပညာရှင်များက  ခန့်မှန်း တွက်ချက်ကြပါသည်။   ဆီးချိုသွေးချို ရောဂါကြောင့် ၂ဝ၂၁ ခုနှစ်တွင် တစ်ကမ္ဘာ လုံးတွင် လူပေါင်း ၆ ဒသမ ၇ သန်း သေဆုံး နေကြောင်း   တွေ့ရှိရပြီး   ယင်းသည် ငါးစက္ကန့်တွင်  လူတစ်ဦးနှုန်း သေဆုံးခြင်း ဖြစ်ပါသည်။
၂၀၁၄   ခုနှစ်က  မြန်မာနိုင်ငံတွင် ပြုလုပ်ခဲ့သော     အပြည်ပြည်ဆိုင်ရာ  ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ မကူးစက် နိုင်သော  အဓိကရောဂါများဖြစ်စေနိုင် သော အန္တရာယ်ရင်းမြစ်အကြောင်းအရင်း များဆိုင်ရာ သုတေသနစာတမ်း(WHO STEP Survey) အစီရင်ခံစာအရ အသက် ၂၅ နှစ်မှ ၆၅ နှစ်အရွယ်အတွင်း ဆီးချို​သွေးချို​ဖြစ်ပွားနေသူများ ၁၀ ဒသမ ၅ ရာခိုင်နှုန်း တစ်နည်းအားဖြင့်(၁ဝ ဦးတွင် တစ်ဦး)ရှိပြီး prediabetes ဟု ခေါ်သော ကနဦးဆီးချိုအဆင့်မှာ   မြန်မာပြည်သူ ၁၉  ဒသမ  ၇  ရာခိုင်နှုန်း   တစ်နည်း အားဖြင့်(ငါးဦးတွင်တစ်ဦး)ရှိနေသည်ကို  တွေ့ရပါသည်။  သေသေချာချာ    ထိထိ ရောက်ရောက်  ကာကွယ်ကုသမှုမပြုလျှင် ကနဦးဆီးချိုရှိသူများ၏   သုံးပုံ တစ်ပုံ သည်    နောက်ငါးနှစ်အတွင်း  ဆီးချို သွေးချိုနှင့် နှလုံးရောဂါများ ဖြစ်ပွားနိုင် ကြောင်း   တွေ့ရှိရပါသည်။  ထို့အပြင် အသက် ၂၅  နှစ်မှ   ၆၅    နှစ်အကြား မြန်မာနိုင်ငံသားများတွင်  သွေးတိုးရောဂါ ဖြစ်ပွားနေသူ ၂၆ ရာခိုင်နှုန်း၊  သွေးတွင်း အဆီဓာတ်များနေသူ ၃၆ ဒသမ ၇ ရာခိုင် နှုန်း၊ ဆေးလိပ်/ဆေးရွက်ကြီးသုံးစွဲသူ  ၅၄ ဒသမ ၄ ရာခိုင်နှုန်း၊ အဝလွန်ကဲသူ  ၂၂ ဒသမ ၄ ရာခိုင်နှုန်း ရှိနေသည်ကိုလည်း WHO STEP Survey အရ သိရှိရပါသည်။ ဆေးလိပ်သောက်လျှင်  အဓိကမကူးစက် နိုင်သောရောဂါများဖြစ်သည့်   အဆုတ် ကင်ဆာ၊   နာတာရှည် လေပြွန်ရောင် ရောဂါနှင့်  အဆုတ်ပွရောဂါများဖြစ်ရန်  အလားအလာများရှိသကဲ့သို့       ဆီးချို သွေးချိုရောဂါရှိသူများ၌ နှလုံးသွေးကြော ရောဂါများ၊ လေဖြတ်လေငန်းရောဂါများ နှင့်  ခြေထောက်သွေးကြောကျဉ်းကာ ခြေထောက်ပုပ်ရောဂါများ   ဖြစ်နိုင်ပါ သည်။ အဝလွန်သူများတွင်လည်း ဆီးချို သွေးချိုရောဂါ၊ သွေးတိုးရောဂါ၊ လေဖြတ် လေငန်းရောဂါ၊    သည်းခြေရောဂါ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ  ရောဂါ များ၊  အရိုးအဆစ်ရောင်ရောဂါ၊  သားအိမ် နံရံကင်ဆာ၊ ရင်သားကင်ဆာ၊ ဆီးကြိတ် ကင်ဆာ၊    အူမကြီးကင်ဆာ   စသည့် နာတာရှည်    မကူးစက်နိုင်သောရောဂါ များ ဖြစ်နိုင်ခြေအလွန်များပါသည်။
ကိုယ်ဝန်ဆောင်ဆီးချို
ဒေသတွင်း        ကောက်ယူခဲ့သည့်  သုတေသနများမှ တွက်ချက်ဆန်းစစ်ချက် (Meta-analysis)များအရ ကိုယ်ဝန်ဆောင် ဆီးချို(Gestational diabetes) မိခင် အရေအတွက်သည် အရှေ့တောင်အာရှ ဒေသတွင် ကိုယ်ဝန်ဆောင်မိခင်များ၏ ၃ဝ ရာခိုင်နှုန်းအထိ ရှိနေကြောင်း တွေ့ရ ပါသည်။ ကိုယ်ဝန်ဆောင်ဆီးချိုရောဂါ သည် မိခင်နှင့်ကလေး သေဆုံးမှုမြင့်မား စေသည့်အပြင်  မွေးပြီးမိခင်များတွင် ရောဂါ ရှိ၊ မရှိ မှန်မှန်စမ်းသပ်ခြင်းမပြုလျှင်၊ အစားအသောက်အနေအထိုင် မဆင်ခြင် လျှင် နောင်တွင် ဆီးချိုသွေးချိုဖြစ်လာ မည့်   အလားအလာ  များလာပါသည်။ မွေးလာမည့်ကလေးသည်လည်း လူကြီး ဖြစ်လာလျှင် အဝလွန်နိုင်ခြေ၊ ဆီးချို သွေးချိုရောဂါဖြစ်နိုင်ခြေ များပြားသည် ကို တွေ့ရပါသည်။ ထို့ကြောင့် မိခင်လောင်း များသည်   နောင်မျိုးဆက်များ  ကျန်းမာ သန်စွမ်းစေရန် အဝမလွန်အောင်၊ ဆီးချို သွေးချိုမဖြစ်အောင်  ကာကွယ်နေထိုင် ကြရမည် ဖြစ်ပါသည်။ 
ဆီးချိုသွေးချို ဖြစ်ပွား‌ရသည့် 
အကြောင်းရင်းများ
ဆီးချို​သွေးချို​ရောဂါ     အပါအဝင် မကူးစက်နိုင်သောရောဂါများ ဖြစ်ပွားရ ခြင်း၏ အဓိကအကြောင်းရင်းမှာ ကျန်းမာ ရေးနှင့်ညီညွတ်အောင် နေထိုင်စားသောက် မှုမရှိသည့်     လူနေမှုပုံစံများဖြစ်သော ကိုယ်လက်လှုပ်ရှားမှု    နည်းပါးခြင်း၊ ကျန်းမာရေးနှင့်မညီညွတ်သော နေထိုင် စားသောက်ခြင်း၊ ဆေးလိပ်နှင့် ဆေးရွက် ကြီးသုံးစွဲခြင်း၊    အရက်အလွန်အကျွံ သောက်သုံးခြင်းတို့ ဖြစ်ကြပါသည်။ မကူး စက်နိုင်သောရောဂါများ၏ နောက်ဆက် တွဲရောဂါများကြောင့်  လေဖြတ်ခြင်း၊  နှလုံးသွေးကြောပိတ်ခြင်း၊ ကျောက်ကပ် ပျက်စီးခြင်း၊ မျက်စိကွယ်ခြင်း၊ ခြေထောက် ဖြတ်ရခြင်းတို့ကို   ခံစားနေကြရသည့် အတွက် ပြည်သူလူထုမှာ အရွယ်မတိုင်ခင် သေဆုံးခြင်း၊ ဒုက္ခိတဖြစ်ခြင်းတို့ကြောင့် အလုပ်လုပ်ကိုင်နိုင်ခြင်း   မရှိတော့သည့် အတွက် ဝေဒနာရှင်များ၏ မိသားစုတိုင်း တွင် လူနာကိုကုသရသည့် စရိတ်ကုန်ကျ မှုနှင့်ဆက်စပ်ပြီး    လူမှုစီးပွားဒုက္ခများ ခံစားကြရရုံသာမက အလုပ်လုပ်ကိုင်နိုင် စွမ်းလျော့နည်းလာပြီး နိုင်ငံတော်အနေဖြင့် လည်း  ဆေးကုသစရိတ်များကြောင့် တိုင်းပြည်ဝင်ငွေများ   သန်းပေါင်းချီ၍ ဆုံးရှုံးနေရခြင်းစသည့်   လူမှုဒုက္ခမျိုးစုံ ခံစားလာကြရပါသည်။
ရောဂါမဖြစ်ပွားအောင် ကာကွယ်နိုင် 
သည့် နည်းလမ်းများ
“ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုကောင်းသည်”ဆိုသော   ဆောင်ပုဒ်နှင့် အညီ   ထိုရောဂါများ   မဖြစ်ပွားစေရန် အတွက် လူတစ်ဦးချင်းတစ်ယောက်ချင်း ကိုယ်တိုင်က မိမိတို့၏  အပြုအမူ၊ အနေ အထိုင်များကို ကျန်းမာရေးနှင့်ညီညွတ် သောပုံစံများဖြစ်အောင် ပြောင်းလဲနေထိုင် ရန် လိုအပ်ပါသည်။ အာဟာရမျှတသော အစားအစာများကို မှန်ကန်သောပမာဏ၊ အချိုးအစားများနှင့်  စုံလင်စွာစားသောက် ခြင်း၊ ချိုလွန်း၊  ငန်လွန်း၊  အဆီများလွန်း သောအစာများ စားသုံးခြင်းကို ရှောင်ကြဉ် ခြင်း၊ ရေဆာလျှင် အချိုရည်မသောက် ဘဲ ရေကိုသာသောက်ခြင်း၊ ခန္ဓာကိုယ် အဝမလွန်အောင်     ထိန်းသိမ်းခြင်း၊ သွက်လက်တက်ကြွသော လူနေမှုပုံစံနှင့် နေထိုင်ခြင်း၊   ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းများကို တစ်နေ့မိနစ် ၃၀၊ တစ်ပတ် မိနစ် ၁၅၀ ပြုလုပ်ခြင်း၊ ဆေးလိပ် သောက်သုံးမှုကို ရှောင်ကြဉ်ခြင်း၊ အရက် အလွန်အကျွံသောက်သုံးခြင်း ရှောင်ကြဉ် ခြင်း၊ အိပ်ရေးဝဝ အိပ်စက်ခြင်း၊ လက်ကိုင် ဖုန်း၊   ကွန်ပျူတာ၊  တီဗွီစသည်တို့ကို အလွန်အကျွံသုံးစွဲခြင်းမှ ရှောင်ကြဉ်ခြင်း၊ အရာရာအပြုသဘောမြင်ကာ ယောနိ သော မနသိကာရ မှန်ကန်စွာနှလုံးသွင်း၍ စိတ်အေးချမ်းသာအောင်နေထိုင်ခြင်းတို့ဖြင့် ဆီးချိုသွေးချိုအပါအဝင် မကူးစက် နိုင်သောရောဂါများ ဖြစ်ပွားမှုကို ၈၀ ရာခိုင် နှုန်းခန့် ကာကွယ်နိုင်ကြောင်း သုတေသန စာတမ်းများမှာ ဖော်ပြထားပါသည်။
နိုင်ငံတော်အစိုးရမှ 
အလေးပေးဆောင်ရွက်ချက်များ
ပြည်သူလူထုအတွက် ကျန်းမာရေး နှင့် ညီညွတ်သည့်ပတ်ဝန်းကျင် ဖန်တီး ပေးခြင်း၊ ကျန်းမာရေးနှင့် ညီညွတ်သော အစားအသောက်များ      ဖြစ်စေရန် ဆောင်ရွက်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှုကို အားပေးခြင်း၊    ကျန်းမာရေးအသိပညာ များကို ပြည်သူလူထုအတွင်း ကျယ်ကျယ် ပြန့်ပြန့် ပြန့်ပွားအောင် အထူးအလေးပေး ခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ဆောင်ရွက်ရာမှာ ဆီးချိုသွေးချို အပါအဝင် မကူးစက်နိုင်သောရောဂါများ အားကာကွယ်ရန် ပထမအဆင့်အနေဖြင့် ကျန်းမာရေးအသိပညာ   မြှင့်တင်ခြင်း၊ ရောဂါကာကွယ်ရေး      လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ဒုတိယအဆင့်အနေဖြင့် ​ဆောလျင်စွာ ရောဂါရှာဖွေခြင်းနှင့် လိုအပ် လျှင်   လွှဲပြောင်းကုသခြင်း၊  တတိယ အဆင့်အနေဖြင့်    ရောဂါကုသခြင်းနှင့် ပြန်လည်ထူထောင်ခြင်းတို့ကို ဆောင်ရွက် ပေးလျက်ရှိပါသည်။ လူငယ်လူရွယ်များ ကစပြီး  ကျန်းမာရေးနှင့်ညီညွတ်သော အလေ့အကျင့်များ ပေါ်ထွန်းလာစေရန် အတွက် ကျောင်းတွင်း ကိုယ်လက်လှုပ်ရှား မှုလေ့ကျင့်ခန်း ပြုလုပ်ခြင်း၊ အားကစား ပြိုင်ပွဲများ       ကျင်းပပြုလုပ်ပေးခြင်း၊ ကျန်းမာရေးနှင့်ညီညွတ်သည့် စားသောက် မှုအသိပညာ  မြှင့်တင်ခြင်း၊ ဆေးလိပ်၊ ဆေးရွက်ကြီးနှင့် အရက်ကြော်ငြာများ တားမြစ်ခြင်းနှင့် သစ်သီးဝလံနှင့် ဟင်းသီး ဟင်းရွက်များ ပိုမိုစားသုံးရန် အသိပညာ ပေးခြင်း၊ ဆေးရွက်ကြီးနှင့် အရက်ယမကာ များကို   အခွန်တိုးမြှင့်ခြင်းနှင့် ကောက်ခံ ရရှိသော အခွန်အခဘဏ္ဍာငွေကို ရောဂါ တိုက်ဖျက်ရေးအတွက်   အသုံးပြုခြင်း၊ ကျန်းမာရေးနှင့်ညီညွတ်သော  သဘာဝ ပတ်ဝန်းကျင်ဖြစ်စေရန်        စီမံခြင်း၊ စားသောက်ကုန်ထုတ်လုပ်မှုတွင် သကြား နှင့်  အငန်လျှော့ချခြင်း၊   ဆိုးဆေးနှင့် အခြားဓာတုပစ္စည်းများ   မပါဝင်စေရန် ကန့်သတ်တားမြစ်ခြင်းတို့ကို ဦးစားပေး လုပ်ငန်းများအဖြစ် နိုင်ငံတော်အစိုးရက ဆောင်ရွက်ပေးလျက်ရှိပါသည်။
ကျန်းမာရေးဝန်ကြီးဌာန အနေဖြင့် လည်း အခြေခံကျန်းမာရေးဝန်ထမ်းများ ကို ဆီးချိုသွေးချိုရောဂါ ကာကွယ်ကုသ ရေးလုပ်ငန်းဆိုင်ရာ   သင်တန်းများပေး ခြင်း၊ ပြည်သူ့ဆေးရုံများတွင် စဉ်ဆက် မပြတ် ဆေးပညာသင်ကြားရေးလုပ်ငန်း များ ဆောင်ရွက်ခြင်း၊ ဆီးချိုသွေးချိုရောဂါ ကာကွယ်ကုသရေးဆိုင်ရာ လမ်းညွှန်များ ပြုစုထုတ်ဝေခြင်း၊   ပြည်သူလူထုအား မီဒီယာပေါင်းစုံမှ စဉ်ဆက်မပြတ် အသိ ပညာပေးခြင်းတို့အပြင်  လိုအပ်သည့် အခြေခံဆေးဝါးများ     ထောက်ပံ့ပေး ခြင်းတို့ကို  ဆောင်ရွက်လျက်ရှိပါသည်။ ကျေးလက်နေပြည်သူလူထုမှ   ဆီးချို သွေးချိုရောဂါဆိုင်ရာ      ကျန်းမာရေး စောင့်ရှောက်မှုများကို လက်လှမ်းမီစေရန် အတွက် ပဏာမကျန်းမာရေးစောင့်ရှောက် မှုအဆင့်မှ   ဆောင်ရွက်ပေးလျက်ရှိပါ သည်။    ထိုသို့ဆောင်ရွက်ရာတွင်  တိုင်း ဒေသကြီး/ပြည်နယ်အသီးသီးရှိ မြို့နယ် များရှိ      ဒေသန္တရကျန်းမာရေးဌာန၊ ကျေးလက်  ကျန်းမာရေးဌာနနှင့်  မိခင် ကလေးကျန်းမာရေးဌာနများတွင် ဆီးချို သွေးချိုနှင့် သွေးတိုးရောဂါစစ်ဆေးကုသမှု ဆေးခန်းများကို ၂၀၁၇ ခုနှစ်မှစတင်၍ အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ဖွင့်လှစ်ခဲ့ပါ သည်။  အဆိုပါ ဆေးခန်းများတွင်  ဆီးချို သွေးချိုရောဂါ ရှိ/မရှိ စစ်ဆေးပေးခြင်း၊ ကုသပေးခြင်း၊    ဆေးဝါးများ  အခမဲ့ ထောက်ပံ့ပေးခြင်း လိုအပ်လျှင် လွှဲပြောင်း ပေးခြင်းနှင့် ကျန်းမာရေးနှင့် ညီညွတ် သည့် စားသောက်မှုပုံစံရရှိစေရန်အတွက် ကျန်းမာရေး အသိပညာပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိပါသည်။
မြို့ပြနေပြည်သူများအတွက် ပြည်သူ့ ဆေးရုံများတွင်  ဆီးချိုသွေးချိုရောဂါ စစ်ဆေးခြင်း၊   ကုသခြင်းနှင့် ဆေးဝါး ထောက်ပံ့ပေးခြင်းများကို  စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် ဆီးချို သွေးချို ဝေဒနာရှင်များတွင် နောက်ဆက်တွဲ ကျန်းမာရေးဆိုးကျိုးများ ဖြစ်ပွားခြင်း ရှိ၊ မရှိကို စောစီးစွာသိရှိနိုင်ရန်နှင့် ကာကွယ် ကုသနိုင်ရန်အတွက် ဆီးချိုသွေးချို ပညာ ပေးကုသမှုဆေးခန်းများကို မြို့ကြီးအချို့ ရှိ ပြည်သူ့ဆေးရုံကြီးများတွင် ဖွင့်လှစ်၍ အထူးကုဆရာဝန်ကြီးများ   ပါဝင်သည့် အဖွဲ့များက   စမ်းသပ်စစ်ဆေး ကုသပေး လျက်ရှိပါသည်။  


ကမ္ဘာ့ဆီးချိုသွေးချို
ကာကွယ်ထိန်းသိမ်းရေးနေ့
တစ်စတစ်စကြီးထွားလာသည့် ဆီးချို သွေးချိုရောဂါ၏ ခြိမ်းခြောက်မှုအန္တရာယ် ကို တုံ့ပြန်သည့်အနေဖြင့် ကမ္ဘာ့ဆီးချို သွေးချိုရောဂါ ကာကွယ်ထိန်းသိမ်းရေးနေ့ ကို   ၁၉၉၁ ခုနှစ်မှစ၍ စတင်ကျင်းပခဲ့ပါ သည်။ ဆီးချိုသွေးချိုရောဂါကုထုံးအသစ် တစ်ခုဖြစ်သည့်    အင်ဆူလင်ဆေးကို ၁၉၂၂   ခုနှစ်တွင်   စတင်တွေ့ရှိခဲ့သည့်  ကနေဒါသမားတော်ကြီး  ဆာဖရက်ဒီရစ် ဘင်(န်)တင်းကို   ဂုဏ်ပြုသောအားဖြင့် သူ၏မွေးနေ့ဖြစ်သည့်  နိုဝင်ဘာလ ၁၄ ရက်နေ့ကို  ကမ္ဘာ့ဆီးချိုသွေးချိုရောဂါ ထိန်းသိမ်းရေးနေ့(World Diabetes Day) အဖြစ်  သတ်မှတ်ခဲ့ကြပါသည်။ ဆီးချို ရောဂါနှင့်နှီးနွှယ်သော   နောက်ဆက်တွဲ ရောဂါများ၏ ဆိုးကျိုးသက်ရောက်မှုများ၊ ဆီးချိုနှင့် ပတ်သက်သော  မှန်ကန်သည့် သတင်းအချက်အလက်များ လက်လှမ်းမီ စေရေးနှင့်   အချိန်မီကာကွယ်ကုသရေး စသည့် ကျန်းမာရေးစောင့်ရှောက်မှုများ ပြည်သူလူထုအတွင်း သေချာစွာ ရရှိစေ ရန်တို့ကို မီးမောင်းထိုးပြလို၍ ကျင်းပခြင်း ဖြစ်ပါသည်။  နိုဝင်ဘာလ ၁၄ ရက်နေ့ ကမ္ဘာ့ဆီးချိုသွေးချို ကာကွယ်ထိန်းသိမ်း ရေးနေ့တွင်   ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေး                 ဦးစီးဌာန လက်အောက်ရှိ ဆီးချိုသွေးချိုကာကွယ် ထိန်းသိမ်းရေးစီမံချက်၊      မြန်မာနိုင်ငံ ဆီးချိုနှင့် ဟော်မုန်းရောဂါပညာရှင်များ အဖွဲ့(MSEM)တို့မှ ဦးဆောင်ကာ  ဆီးချို ရောဂါ         ပညာပေးလုပ်ငန်းများကို ကျန်းမာရေးဝန်ထမ်းများ   အားလုံးနှင့် လက်တွဲဆောင်ရွက်လျက်    ရှိပါသည်။  ၂၀၂၃ ခုနှစ်အတွက် ကမ္ဘာ့ဆီးချိုသွေးချိုကာကွယ်ထိန်းသိမ်းရေးနေ့   အထိမ်း အမှတ် လှုံ့ဆော်ရေးဆောင်ပုဒ်မှာ‘Know your risk, Know your response’ ဖြစ်ပါ သည်။ မြန်မာဘာသာဖြင့် “ဆီးချိုသွေးချို အန္တရာယ်ကာကွယ်ဖို့၊   ကိုယ်တိုင်သိရှိ ဆင်ခြင်စို့”     ဟု      ဘာသာပြန်ဆိုထား ပါသည်။ ၂၀၂၁  ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ ဆောင်ပုဒ်များသည် လူတိုင်း ဆီးချိုသွေးချို စောင့်ရှောက်မှုအခွင့်အလမ်း       ရရှိရေး (Access to Diabetes care)အတွက် အဓိက    ရည်မှန်းချက်ထားရှိပါသည်။ အပြည်ပြည်ဆိုင်ရာဆီးချိုအဖွဲ့ချုပ်(IDF) ၏   ရည်မှန်းချက်မှာ   နိုဝင်ဘာလကို ဆီးချိုသွေးချိုရောဂါ  သတိပြုစေရေးလ (Diabetes Awareness month)အဖြစ် သတ်မှတ်၍ ဆီးချိုသွေးချိုရောဂါဆိုင်ရာ လှုပ်ရှားမှုများကို  ကမ္ဘာ့ဆီးချိုသွေးချို ကာကွယ်ထိန်းသိမ်းရေးနေ့တွင် အလေး ပေး၍ ပြုလုပ်ကြစေရေးဖြစ်ပါသည်။ လူတိုင်း ဆီးချိုသွေးချိုရောဂါ ဖြစ်နိုင်ခြေ ရှိသည်ကို သတိရှိရန် အရေးကြီးသည့် အတွက် ဆီးချိုသွေးချိုမဖြစ်စေရေးနှင့် ဆီးချိုသွေးချိုရှိပါကလည်း    နောက်ဆက် တွဲရောဂါများ မဝင်ရောက်စေရေးတို့ကို   ဦးတည်ချက်ထားရှိ၍          လှုပ်ရှား ဆောင်ရွက်နေကြခြင်း ဖြစ်ပါသည်။
ဆီးချိုသွေးချိုရောဂါ 
ဖြစ်နိုင်ခြေများသူများ
v    မိသားစုဝင်ထဲ၌  ဆီးချိုသွေးချိုရောဂါ ရှိခြင်း
v    ကိုယ်အလေးချိန်    များလွန်းခြင်း  (အထူးသဖြင့်     ဝမ်းတွင်းအဆီ များလွန်းခြင်း)
v    အသက် ၄၅ နှစ်အထက် ဖြစ်ခြင်း
v    ကိုယ်ကာယလှုပ်ရှားမှုနည်းပါးသည့် လူ့ဘဝနေထိုင်မှုဟန်များရှိခြင်း
v    ယခင်က ကိုယ်ဝန်ဆောင်စဉ် ဆီးချို သွေးချိုရောဂါရှိခဲ့ဖူးခြင်း
v    ယခင်က ဆီးချိုသွေးချိုရောဂါ ကနဦး အဆင့်များရှိသည်ဟု    စမ်းသပ် သတ်မှတ်ခံထားရခြင်း
ဆီးချိုသွေးချိုရောဂါ စစ်ဆေးသည့် 
နည်းလမ်းများ
အောက်ပါစစ်ဆေးချက်   တစ်ခုခု တွေ့ရှိပါက ဆီးချိုသွေးချိုရောဂါရှိသည် ဟု သတ်မှတ်နိုင်သည်။
v    Fasting Plasma Glucose (FPG) [ည(၁၀)နာရီ နောက်ပိုင်း ဘာမှမစား ဘဲ နောက်တစ်နေ့ နံနက်စောစော စစ်သည့် သွေးချို] - ၁၂၆ မီလီဂရမ်/ဒက်ဆီလီတာနှင့် အထက် 
v    2HPP after OGTT   (၇၅ ဂရမ် ဂလူးကို့စ်သောက်ပြီး    နှစ်နာရီအကြာ တွင် စစ်သည့်သွေးချို) - ၂၀၀ မီလီဂရမ်/ ဒက်ဆီလီတာနှင့်အထက်
v    HbA1C (၃ လပျမ်းမျှ သွေးချို) -  ၆ ဒသမ ၅ နှင့်အထက် 
ဆီးချိုသွေးချိုရောဂါ ကုသမှုနည်းလမ်းများ
v    အစာအာဟာရဖြင့်ကုသခြင်း
v    ပုံမှန်လေ့ကျင့်ခန်း ပြုလုပ်ခြင်း
v    သွေးတွင်း      သကြားဓာတ်များ လျော့နည်းကျဆင်းစေသော  ဆေး များဖြင့် ကုသခြင်း
v    အင်ဆူလင် ဟော်မုန်းဓာတ်ဆေးထိုး ၍ ကုသခြင်း
သင့်အနေဖြင့် ဆီးချိုသွေးချိုကာကွယ် ရေးလှုပ်ရှားမှုများတွင်    ပါဝင်လိုပါက ဆီးချိုသွေးချိုရောဂါ ရှိ၊ မရှိ   နီးစပ်ရာ ကျန်းမာရေးဌာနများသို့  သွားရောက်၍ ကျန်းမာရေးဝန်ထမ်းများ၏  လမ်းညွှန်မှု ခံယူ၍ ဆီးချို ရှိ၊ မရှိ စစ်ဆေးခြင်းတွင် ပါဝင်နိုင်ပါသည်။   သို့မှသာ  သင့်လူ့အဖွဲ့ အစည်း၏ ဆီးချိုသွေးချိုရောဂါဖြစ်ပွားမှု အန္တရာယ်ကို လျှော့ချနိုင်ပေမည်။ သင့် ဆီးချိုသွေးချို   အသိပညာဗဟုသုတ တိုးတက်စေရန်   ကျန်းမာရေးဝန်ထမ်း များ၏   ပညာပေးဆွေးနွေးပွဲများတွင် တက်ကြွစွာ ပါဝင်သင့်ပါသည်။ ကျန်းမာ ‌စေသော လူနေမှု အ‌‌လေ့အကျင့်များကို လေ့လာမွေးမြူ     ထိန်းသိမ်းခြင်းဖြင့် အမျိုးအစား(၂) ဆီးချိုသွေးချိုရောဂါနှင့် ယင်း၏     နောက်ဆက်တွဲရောဂါများ မဝင်ရောက်နိုင်အောင် အများအားဖြင့် ဟန့်တားကာကွယ်နိုင်ပါသည်။ ထို့ကြောင့် ယခုလို မင်္ဂလာရှိလှပါသော ကမ္ဘာ့ဆီးချို သွေးချို  ထိန်းသိမ်းရေးအခါသမယတွင် ဌာနတိုင်း၊ မြို့နယ်တိုင်း၊ တိုင်းဒေသကြီး နှင့် ပြည်နယ်တိုင်းတွင် ဆီးချိုသွေးချို ရောဂါ ကာကွယ်ထိန်းသိမ်းရေးလှုပ်ရှားမှု များကို   စည်းရုံးကျင်းပကာ တက်ကြွစွာ အားလုံးပါဝင်နိုင်စေရေးအတွက် နှိုးဆော် တိုက်တွန်း ရေးသားလိုက်ရပါသည်။   ။
ကျမ်းကိုးစာရင်း 
    1.    Myanmar STEP survey (2014)
    2.    WHO key facts on NCD and Diabetes 2023
    3.    International Diabetes Feder-ation: World Diabetes Day 2023
    4.    American Diabetes Associa-tion 2023
    5.    American   Association   of Clinical Endocrinology 2023
    6.    International Diabetes Feder-ation ATLAS 2022
    7.    Gestational Diabetes Mellitus in Southeast Asia: A Scoping Review