
နေပြည်တော် နိုဝင်ဘာ ၁၄
မြန်မာစာဖွံ့ဖြိုးတိုးတက်ရေး ဦးစီး ကော်မတီ အစည်းအဝေး(၁/၂၀၂၃) ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီး ဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ မြန်မာစာ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးကော်မတီ အဖွဲ့ဝင်များဖြစ်သည့် ဒုတိယ ဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန် များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ မြန်မာစာအဖွဲ့ အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်၊ မြန်မာ့ သမိုင်းအဖွဲ့နှင့် မြန်မာနိုင်ငံ ဝိဇ္ဇာ နှင့် သိပ္ပံပညာရှင်အဖွဲ့တို့မှ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများ၊ အထူးဖိတ်ကြား ထားသူများ၊ ရန်ကုန်ရှိ မြန်မာစာ အဖွဲ့ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူ များ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပြည် ထောင်စုဝန်ကြီးက AI နည်းပညာ အကူအညီဖြင့် ဒစ်ဂျစ်တယ် ပလက်ဖောင်းပေါ်တွင် မြန်မာ ဘာသာစကားနှင့် စာပေကို ခေတ် နှင့်အညီ ဖွံ့ဖြိုးတိုးတက်စေရန်၊ မြန်မာစာနှင့် တိုင်းရင်းသား ဘာသာစကားများကို အမျိုးသား ရေး တာဝန်တစ်ရပ်အဖြစ် ထိန်းသိမ်း စောင့်ရှောက်နိုင်စေရန် ရည်ရွယ်ချက်ဖြင့် နိုင်ငံတော်က မြန်မာစာ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးကော်မတီကို ဖွဲ့စည်းပေးခဲ့ ခြင်းဖြစ်ပါကြောင်း။
မြန်မာစာ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးကော်မတီ၏ လုပ်ငန်းတာဝန် များကို မြန်မာစာ၊ မြန်မာစကား၊ မြန်မာဗျည်းသရအက္ခရာ၊ သဒ္ဒါ၊ အထားအသို၊ အသုံးအနှုန်း၊ အပြောအဆို၊ အရေးအသားတို့ကို ထုံးမီစံမျှ မှန်ကန်တိကျရေးနှင့် အဓွန့်ရှည်စွာ တည်တံ့ခိုင်မြဲ တိုးတက်ရေးအတွက် ဆောင်ရွက် ခြင်း၊ မြန်မာ့ယဉ်ကျေးမှု ဓလေ့ ထုံးတမ်းများ မပျောက်ပျက် အောင် ထိန်းသိမ်းစောင့်ရှောက် ခြင်း၊ မြန်မာယူနီကုဒ်စနစ် အသုံးပြု၍ မြန်မာဘာသာစကား အတွက် ကွန်ပျူတာ၏ ဘာသာ စကား စွမ်းဆောင်မှုနည်းပညာ (Natural Language Processing- NLP) လုပ်ငန်းစဉ်များ တိုးချဲ့ခြင်း၊ မြန်မာစာကို အွန်လိုင်းဆက်သွယ် ရေး ကွန်ရက် (Cyberspace)တွင် အခြားဘာသာစကားများနည်းတူ အသုံးပြုနိုင်ရေးအတွက် ဆောင် ရွက်ခြင်း၊ စက်ဘာသာပြန် (Machine Translation) စနစ် တည်ဆောက်ခြင်း၊ စကားသံကို ကွန်ပျူတာစက်က အလို အလျောက် သိရှိနားလည်မှု (Automatic Speech Recognition) စနစ် တည်ဆောက်ခြင်း၊ ဉာဏ် ရည်တု (Artificial Intelligence-AI) နည်းပညာကို မြန်မာရေးထုံး မူများနှင့် ချိတ်ဆက်၍ ကျယ်ပြန့် စွာ အသုံးချရေးအတွက် ဆောင် ရွက်ခြင်း စသည်ဖြင့် သတ်မှတ် ပြဋ္ဌာန်းထားပါကြောင်း။
မြန်မာစာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (၂၀၂၃-၂၀၂၈) ကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် စတင် အကောင်အထည်ဖော် ဆောင်ရွက် ရန် ခွင့်ပြုချက်ရရှိပြီးဖြစ်ကြောင်း၊ နိုင်ငံသားများ လူမှုစီးပွားကဏ္ဍ ပေါင်းစုံတွင် AI နည်းပညာကို မြန်မာဘာသာစကားဖြင့် အမြန်ဆုံး အသုံးချနိုင်စေရန် ကွန်ပျူတာက ဘာသာစကား နားလည်တတ် ကျွမ်းမှုသည် အရေးကြီးပါကြောင်း၊ ကွန်ပျူတာ၏ ဘာသာစကား စွမ်းဆောင်မှု နည်းပညာ (NLP)သည် အခြား AI နည်းပညာများ အားလုံးနှင့်ချိတ်ဆက်ထားသည့် အခြေခံအကျဆုံးနှင့် အရေးကြီး ဆုံးသော နည်းပညာဖြစ်ပါကြောင်း၊ မြန်မာယူနီကုဒ်စနစ်ကို အခြေခံ သော NLP လုပ်ငန်းစဉ်များ၊ စက်ဘာသာပြန်လုပ်ငန်း (Machine Translation) များကို တိုးချဲ့ လုပ်ဆောင်သွားရန် လိုအပ်ပါ ကြောင်း ပြောကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဒေါက်တာ မိုးဇော်ထွန်းတို့က စီမံကိန်းနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေး ကြပြီး မြန်မာနိုင်ငံ တိုင်းရင်းသား ဘာသာစကားဦးစီးဌာန ညွန်ကြား ရေးမှူးချုပ် ဦးကိုလေးဝင်း၊ AI နည်းပညာရှင် ဒေါက်တာ တင်ဖုန်း ကျော်နှင့် ရန်ကုန်ကွန်ပျူတာ တက္ကသိုလ် NLP ဌာန ပါမောက္ခ ဒေါက်တာဝင်းပပတို့က စီမံကိန်း လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်ရန် ပြင်ဆင်ဆောင် ရွက်ထားရှိမှု၊ စီမံကိန်းဆိုင်ရာ နည်းပညာလုပ်ငန်းစဉ်များ၊ စီမံကိန်း ဆိုင်ရာ ကွန်ပျူတာလုပ်ငန်းစဉ် များကို ရှင်းလင်းတင်ပြကြသည်။
ဆက်လက်၍ ဦးစီးကော်မတီ အဖွဲ့ဝင် ဒုတိယဝန်ကြီးများနှင့် ပညာရှင်ကြီးများ၊ တက်ရောက် လာသူများက စီမံကိန်းလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက် ရေးနှင့် စပ်လျဉ်း၍ ဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ် အမှာစကားပြောကြားကာ အစည်း အဝေးကို ရုပ်သိမ်းသည်။
သတင်းစဉ်