ကိုဗစ်-၁၉ ရန်ပုံငွေမှ နိုင်ငံသားပိုင် ငါး၊ ပုစွန် မွေးမြူရေးအပါအဝင် မွေးမြူ‌ရေးကဏ္ဍသို့ ထုတ်ပေးထားသည့် ချေးငွေများ ပြန်လည်ပေးဆပ်ရမည့်ကာလအား သက်တမ်း ၁ နှစ် ထပ်မံတိုးမြှင့်ပေးကြောင်း အသိပေးကြေညာ

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် 
ကုစားရေးလုပ်ငန်းကော်မတီ 
သတင်းထုတ်ပြန်ချက် (၂/၂၀၂၃)
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ     ၁၄   ရက်


ကိုဗစ်-၁၉ ရန်ပုံငွေမှ နိုင်ငံသားပိုင် ငါး၊ ပုစွန် မွေးမြူရေးအပါအဝင် မွေးမြူ‌ရေးကဏ္ဍသို့ ထုတ်ပေးထားသည့် ချေးငွေများ ပြန်လည်ပေးဆပ်ရမည့်ကာလအား သက်တမ်း ၁ နှစ် ထပ်မံ တိုးမြှင့်ပေးကြောင်း အသိပေးကြေညာခြင်း

၁။    ကိုဗစ်- ၁၉  ကြောင့်  ဖြစ်ပေါ်လာနိုင်သည့်   စီးပွားရေး သက်ရောက်မှုများအပေါ်   ကုစားရေးလုပ်ငန်းကော်မတီ၏ တာဝန်များအနက် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် စီးပွားရေးထိခိုက်မှုများကို ပြန်လည်ကုစားနိုင်ရေးအတွက် နိုင်ငံသားပိုင် ငါး၊ ပုစွန် မွေးမြူရေးအပါအဝင် မွေးမြူ‌ရေးကဏ္ဍမှ   ထိခိုက်မှုအများဆုံးဖြစ်သည့် လုပ်ငန်းများအား  ကိုဗစ်-၁၉ ရန်ပုံငွေမှ ချေးငွေသက်တမ်းတစ်နှစ် (အတိုးနှုန်း ၁ %) သတ်မှတ်ပြီး ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်နေ့မှစတင်၍  ကုမ္ပဏီ/ လုပ်ငန်း စုစုပေါင်း ၃၂၇ ခု၊ ချေးငွေပမာဏ ကျပ် ၇.၆၃ ဘီလီယံအား ကိုဗစ်-၁၉ ရန်ပုံငွေမှ   ချေးငွေထုတ်ပေးခြင်းကို ဆောင်ရွက်ပေးခဲ့ပါသည်။

၂။    နိုင်ငံတော်အနေဖြင့် အဆိုပါချေးငွေထုတ်ပေးခဲ့သည့်  မွေးမြူရေးကဏ္ဍမှ    လုပ်ငန်း    ၃၂၇   ခုကို    နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏  လမ်းညွှန်ချက်ဖြင့်  ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်နေ့တွင်  ချေးငွေပြန်လည် ပေးဆပ်ရမည့်ကာလအား သက်တမ်း ၁ နှစ် စေ့ရောက်သည့်နေ့မှစ၍ သက်တမ်း ၁ နှစ် တိုးမြှင့်ပေးကြောင်း အသိပေး ကြေညာခဲ့ပါသည်။                                      

၃။    ယခုအခါ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် စီးပွားရေးလုပ်ငန်းများ ထိခိုက်မှုများကြောင့်  ပြည်တွင်းရှိ စီးပွားရေးလုပ်ငန်းများ ငွေကြေးလည်ပတ်မှု  အဆင်ပြေချောမွေ့စေရေးအတွက်  ချေးငွေပြန်လည် ပေးဆပ်ရမည့်ကာလကို  ချေးငွေပြန်လည်ပေးဆပ်ရန် ကာလစေ့ရောက်သည့်နေ့မှစ၍  နောက်ထပ် ၁ နှစ် သက်တမ်းတိုးမြှင့်ပေးရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက လမ်းညွှန်ခဲ့ပါသည်။

၄။    သို့ပါ၍ ကိုဗစ်-၁၉ ရန်ပုံငွေမှ ချေးငွေရယူထားသည့် နိုင်ငံသားပိုင် ငါး၊ ပုစွန်  မွေးမြူရေးအပါအဝင်  မွေးမြူ‌ရေးကဏ္ဍမှ ကုမ္ပဏီ/ လုပ်ငန်း ၃၂၇ ခု အနေဖြင့် အောက်ပါအခြေအနေများဖြင့် ကိုက်ညီသူများအား ချေးငွေပြန်ဆပ်ရန် ကာလကို ချေးငွေကာလ သက်တမ်း ၂ နှစ် စေ့ရောက်သည့် နေ့မှစ၍ နောက်ထပ် ၁ နှစ် ထပ်မံ တိုးမြှင့်ပေးပါကြောင်း အသိပေးကြေညာအပ်ပါသည်-
    (က)    ပထမနှစ်အတွက် ပထမအကြိမ် အတိုးများအား ပေးဆပ်ပြီး ဖြစ်ရပါမည်၊ 
    ( ခ )    ဒုတိယနှစ်အတွက် ဒုတိယအကြိမ် အတိုးများအား ကာလပြည့်မီက ပေးဆပ်ပြီးဖြစ်ရပါမည်၊
    ( ဂ )    ချေးငွေအား ရည်ရွယ်ချက်အတိုင်း ထိရောက်အောင် ဆောင်ရွက်လျက်ရှိသည့် ကုမ္ပဏီ/ လုပ်ငန်းဖြစ်ရပါမည်။

၅။    လုပ်ငန်းကော်မတီက ခွင့်ပြုခဲ့သည့် ချေးငွေထုတ်ယူခွင့်ပြုကြောင်း အကြောင်းကြားစာတွင် “ပြန်လည် ပေးဆပ်ရန် ပျက်ကွက်ပါက ဥပဒေနှင့်အညီ ဆက်လက်အရေးယူ ဆောင်ရွက်ခံရမည်ဖြစ်ပါကြောင်း” အသိပေးဖော်ပြပါရှိသဖြင့် မြန်မာ့စီးပွားရေးဘဏ်မှ ချေးငွေထုတ်ယူထားသည့် ကုမ္ပဏီ/ လုပ်ငန်းများ အနေဖြင့်  ချေးငွေ အရင်း၊ အတိုး ပြန်လည်ပေးဆပ်ရန် ပျက်ကွက်ပါက ချေးငွေသဘောတူစာချုပ်ပါ အတိုင်း ဘဏ်လုပ်ထုံးလုပ်နည်းနှင့်အညီ  တရားမကြောင်းအရ  အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါ ကြောင်းနှင့် သက်တမ်းတိုးမြှင့်ရန် ခွင့်ပြုထားသည့်ကာလအတွင်း အပြီးသတ်အပြေအကျေပေးဆပ်ရန် အသိပေးကြေညာအပ်ပါသည်။


ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး 
သက်ရောက်မှုများအပေါ်ကုစားရေးလုပ်ငန်းကော်မတီ