ရန်ကုန် နိုဝင်ဘာ ၁၁
မြန်မာ့လက်ရွေးစင်အသင်းသည်   ယခုလအတွင်း ယှဉ်ပြိုင်ကစားရမည့် ၂၀၂၆ ကမ္ဘာ့ဖလား ဒုတိယ အဆင့်ခြေစစ်ပွဲအတွက်   လေ့ကျင့်ပြင်ဆင်လျက် ရှိသည်။
မြန်မာ့လက်ရွေးစင်အသင်းသည် နိုဝင်ဘာ ၆ ရက်မှစ၍ စခန်းဝင်လေ့ကျင့်ခဲ့သော်လည်း နိုဝင်ဘာ ၉ ရက်တွင် ကစားသည့် ရှမ်းယူနိုက်တက်အသင်း၏ AFC Cup အုပ်စုပွဲနှင့် ပြည်ပကလပ်များတွင် ကစား နေသူများ  နောက်ကျမှပူးပေါင်းနိုင်သဖြင့် ကစား သမားအစုံအလင် လေ့ကျင့်နိုင်သည့်ရက် နည်းပါး ခဲ့ခြင်းဖြစ်သည်။ မြန်မာ့လက်ရွေးစင်အသင်းနည်းပြ ချုပ် ဖိုက်အွန်ဘိုင်နာသည် ပဏာမကစားသမား ၂၉ ဦး ရွေးချယ်ခဲ့သော်လည်း နောက်ပိုင်းတွင် ကစား သမားအချို့  ထပ်မံအားဖြည့်ထားသည်။
မြန်မာ့ လက်ရွေးစင်အသင်းသည် ကမ္ဘာ့ဖလား ခြေစစ်ပွဲ အတွက် ပြင်ဆင်ချိန် တစ်ပတ်ကျော်ရရှိမည်ဖြစ်ပြီး နိုဝင်ဘာ ၁၃ ရက်တွင် ဂျပန်နိုင်ငံ အိုဆာကာမြို့သို့ ထွက်ခွာမည်ဖြစ်သည်။ မြန်မာ့လက်ရွေးစင်အသင်း သည် ဂျပန်နိုင်ငံသို့ မထွက်ခွာမီ အပြီးသတ်လူစာရင်း ထုတ်ပြန်မည်ဖြစ်သည်။
မြန်မာ့လက်ရွေးစင်   အသင်းသည် ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် နိုဝင်ဘာ ၁၆ ရက်တွင်   ဂျပန်လက်ရွေး စင်အသင်းနှင့် အဝေးကွင်း၊  နိုဝင်ဘာ ၂၁ ရက်တွင် မြောက် ကိုရီးယားအသင်းနှင့်  အိမ်ကွင်းယှဉ်ပြိုင် ကစားရမည်ဖြစ်သည်။ 
မြန်မာအသင်းသည်   ကမ္ဘာ့ဖလား ဒုတိယအဆင့် ခြေစစ်ပွဲတွင် ဂျပန်၊ ဆီးရီး ယား၊   မြောက်ကိုရီးယားအသင်းတို့နှင့်    တစ်အုပ်စုတည်းကျရောက်နေသည်။
ရဲရင့်လွင် ၊ ဓာတ်ပုံ - MFF
 
      


