မျက်မြှေးရောင်ရောဂါ/မျက်စိနာရောဂါကာကွယ်ရေးနှိုးဆော်ချက်

 

လတ်တလောဖြစ်ပွားနေသော မျက်မြှေးရောင်ရောဂါ (သို့မဟုတ်) မျက်စိနာရောဂါသည် ဗိုင်းရပ်ပိုး ကြောင့် ဖြစ်ပွားပြီး ရောဂါဖြစ်ပွားလျှင် (၅)ရက်မှ (၇)ရက်ခန့်အထိ ကြာမြင့်တတ်ပါသည်။
ရောဂါလက္ခဏာများမှာ-
    •    မျက်စိနီရဲခြင်း၊    •    မျက်ဝတ်များထွက်ခြင်း၊
    •    မျက်စိယားယံခြင်း၊    •    မျက်စိနာကျင်ရောင်ရမ်းခြင်း၊
    •    မျက်ရည်ယိုခြင်း၊    •    အလင်းရောင်မကြည့်နိုင်ခြင်းတို့ဖြစ်နိုင်ပါသည်။
မျက်မြှေးရောင်ရောဂါ/မျက်စိနာရောဂါသည် အောက်ဖော်ပြပါအခြေနေများကြောင့် ကူးစက်ပြန့်ပွား နိုင်ပါသည်-
    •    ရောဂါဖြစ်သူ၏ အသုံးအဆောင်များကို ကိုင်တွယ်သုံးစွဲခြင်းနှင့် နီးကပ်စွာအတူနေထိုင်ခြင်း များကြောင့်    ရောဂါအလွယ်တကူ   ကူးစက်ပြန့်ပွားနိုင်သဖြင့်    အထူးသတိပြုရှောင်ရှားရ ပါမည်။  (ဥပမာ- ကျောင်းသားတစ်ဦးမှ  စာသင်ခန်းအတွင်းရှိ  ကျောင်းသားများသို့၊  မိခင်မှ ကလေးသို့)
သို့ဖြစ်ပါ၍   ပြည်သူလူထုအနေဖြင့်  မျက်မြှေးရောင်ရောဂါ/မျက်စိနာရောဂါ  မပြန့်ပွားစေရန် အောက်ပါအချက်များကို လိုက်နာကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်-
    •    ကူးစက်လွယ်သောရောဂါဖြစ်သဖြင့် ရောဂါဖြစ်သူ၏ အသုံးအဆောင်(အထူးသဖြင့် အမျိုးသမီး မျက်နှာအလှပြင်ပစ္စည်းများ၊  မျက်နှာသုတ်ပဝါ၊  လက်ကိုင်ပဝါ) များကို   အခြားသူများက အတူသုံးစွဲခြင်း     လုံးဝမပြုလုပ်ရပါ။   လက်ကိုင်ပဝါအစား   တစ်ခါသုံးတစ်ရှူးစက္ကူကို အသုံးပြုသင့်ပြီး   ရောဂါဖြစ်သူ၏   အဝတ်အစားများကိုလည်း   သီးသန့်လျှော်ဖွပ်သန့်စင် ရပါမည်၊
    •    ရောဂါဖြစ်ပွားပါက မျက်စိနာသူ၏ မျက်လုံးတစ်ဝိုက်ကို သန့်ရှင်းရေးပြုလုပ်ပေးပြီး မျက်ရည်တု မျက်စဉ်းဆေးရည်(Artificial Tear Eye Drops)ကို   တစ်နေ့  (၃-၄)ကြိမ်  ခတ်နိုင်ပါသည်။ မျက်စိကို  မသန့်ရှင်းမီနှင့်   မျက်စဉ်းဆေးရည်ခတ်ပြီးတိုင်း   လက်ကိုဆပ်ပြာဖြင့်   သေချာစွာ ဆေးကြောရပါမည်။ ရောဂါမသက်သာပါက နီးစပ်ရာဆေးရုံ၊ ဆေးခန်းများနှင့် မျက်စိကုဌာနသို့ ပြသပါ၊
    •    အခြားသူများသို့ ရောဂါမကူးစက်စေရန်အတွက် ရောဂါဖြစ်သူသည် မျက်စိကိုမကိုင်မိစေရန် အကာအကွယ်မျက်မှန် တပ်ထားသင့်ပါသည်။