
မော်လမြိုင် နိုဝင်ဘာ ၁၁
(၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ဗဟိုအဆင့်ပြိုင်ပွဲနှင့် မဟော် သဓာဇာတ်တော်ကြီးပြိုင်ပွဲတွင် အောင်မြင်မှုများ ရရှိအောင် စွမ်းဆောင်နိုင်ခဲ့သော အုပ်ချုပ်သူများနှင့် ပြိုင်ပွဲဝင်များအား ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားကို နိုဝင်ဘာ ၁၀ ရက်က မော်လမြိုင်မြို့ ပြည်နယ် ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင် ကြည်သိန်းက (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ဗဟိုအဆင့် ပြိုင်ပွဲတွင် ဆုများရှိသည့်အတွက် အထူးဝမ်းမြောက် ဂုဏ်ယူအသိအမှတ်ပြုပါကြောင်း။ အလွန်နက်နဲ သိမ်မွေ့ပြီး အဆင့်အတန်းမြင့်မားလှသည့် မြန်မာ့ ရိုးရာယဉ်ကျေးမှုအနုပညာရပ်များကို ဖော်ထုတ် ထိန်းသိမ်းခြင်းနှင့်အတူ မျိုးဆက်သစ်အနုပညာရှင် လူငယ်မောင်မယ်များအနေဖြင့် ရိုးရာယဉ်ကျေးမှုကို မြတ်နိုးလေးစားတန်ဖိုးထားကာ အနုပညာစွမ်းပကား ဖြင့် မွန်ပြည်နယ်၏ဂုဏ်ကို ဒီထက်မက စွမ်းဆောင် မြှင့်တင်ပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တက်ရောက် လာသူများက ဆုရရှိသူတစ်ဦးချင်းနှင့် အဖွဲ့လိုက် ဖျော်ဖြေတင်ဆက်မှုများအား ကြည့်ရှုအားပေးကြ သည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင် များက (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ဗဟိုအဆင့်ပြိုင်ပွဲနှင့် မဟော်သဓာဇာတ်တော်ကြီးပြိုင်ပွဲတွင် ပြည်နယ် ဂုဏ်ဆောင် ရွှေတံဆိပ်၊ ငွေတံဆိပ်၊ ကြေးတံဆိပ်ဆု များရရှိခဲ့သည့် ပြိုင်ပွဲဝင်အနုပညာရှင်များအား ထပ်ဆင့်ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က NCA (၈) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားတွင် သွားရောက်ဖျော်ဖြေခဲ့သော မွန်ယဉ်ကျေးမှုအဖွဲ့အား နိုင်ငံတော်မှ ချီးမြှင့်သည့် ဂုဏ်ပြုငွေကျပ်သိန်း ၁ဝဝ ကို လည်းကောင်း၊ မဟော်သဓာဇာတ်တော်ကြီး ပြိုင်ပွဲတွင် အောင်မြင်မှုရရှိအောင် စွမ်းဆောင်ပေးခဲ့ သည့် မင်းသားကြီး ဦးနန်းဝင်းအား ပြည်နယ်မှ ထပ်ဆင့်ဂုဏ်ပြု ရွှေတံဆိပ်ကို လည်းကောင်း ပေးအပ် ချီးမြှင့်သည်။ ထို့နောက် ဦးနန်းဝင်းက မဟော်သဓာ ဇာတ်တော်ကြီးပြိုင်ပွဲတွင် အဖွဲ့လိုက် ပထမဆုရရှိသော ဆုတံဆိပ်အား ပြည်နယ်ဝန်ကြီးချုပ်ထံ လွှဲပြောင်း ပေးအပ်သည်။
(၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ဗဟိုအဆင့်ပြိုင်ပွဲတွင် မွန် ပြည်နယ်မှ ဘာသာရပ်များအလိုက် ရွှေတံဆိပ် ရှစ်ခု၊ ငွေတံဆိပ် ၁၁ ခု၊ ကြေးတံဆိပ် ခုနစ်ခု၊ နှစ်သိမ့်ဆု ငါးခု၊ အထူးဆုတစ်ခု စုစုပေါင်း ၃၂ ခု ရရှိခဲ့ပြီး မဟော်သဓာဇာတ်တော်ကြီးပြိုင်ပွဲတွင် ရွှေတံဆိပ်ဆု များနှင့် မွန်တိုင်းသားရင်းသားရိုးရာယိမ်းအဖွဲ့လိုက်၊ ရှမ်းရိုးရာအကပြိုင်ပွဲများတွင် ဆုတံဆိပ်များ ဆွတ်ခူးနိုင်ခဲ့သည်။
သက်နိုင် (မော်လမြိုင်)