
ရန်ကုန် နိုဝင်ဘာ ၁၀
စည်းကမ်းဖောက်ဖျက်သည့် YBS ယာဉ်မောင်း များအား အသိပညာပေးဆွေးနွေးပွဲ အမှတ်စဉ် (၁၉/၂၀၂၃)ကို ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)က ကြီးမှူး၍ ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် လေးထောင့်ကန်လမ်းမကြီး ပေါ်ရှိ YRTC ရုံးချုပ် သင်တန်းခန်းမ၌ နိုဝင်ဘာ ၉ ရက်က ပြုလုပ်သည်။
ဆွေးနွေးပွဲတွင် YRTC ဒုတိယဥက္ကဋ္ဌ ဦးချစ်ကိုကိုက အကြီးမားဆုံးပြစ်မှုဖြစ်သည့် မီးနီဖြတ်မောင်းခြင်းကို ချိုးဖောက်ကြသည့် ယာဉ်မောင်းများအား ခေါ်ယူတွေ့ဆုံခြင်းဖြစ် ကြောင်း၊ YRTC ၏ အဓိက ရည်မှန်းချက်ကြီး ဖြစ်သော ဘေးကင်းလုံခြုံပြီး ဝန်ဆောင်မှု ကောင်းသည့် အများပြည်သူသယ်ယူပို့ဆောင် ရေးစနစ်ဖြစ်ထွန်းလာရန် YBS စနစ်၏ အဓိက မောင်းနှင်အားဖြစ်သည့် ယာဉ်မောင်းကြီးများ သည် ခရီးသည်များအား မိမိတို့၏ ကျေးဇူးရှင် များအဖြစ် လိုရာခရီးသို့ လုံခြုံဘေးကင်းစွာ ပို့ဆောင်ပေးကြရမည့် တာဝန်ရှိကြောင်း၊ တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ်အထိ မီးနီဖြတ် မောင်းသည့် ပြစ်မှုကိုကျူးလွန်ခဲ့ပါက YBS ယာဉ်လိုင်းကုမ္ပဏီမှ YRTC နှင့် ပူးပေါင်း၍ ချက်ချင်းရာသက်ပန် ထုတ်ပယ်သည်အထိ အရေးယူဆောင်ရွက်ရန် ညွှန်ကြားထားပြီး ဖြစ်ကြောင်း ပြောကြားသည်။
ခရီးသည်များ ဘေးကင်းလုံခြုံရေးအတွက် ယာဉ်တိုက်မှုမဖြစ်ရအောင် ရန်ကုန်တိုင်းဒေသ ကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက်ဖြင့် CCTV များ၊ Telematics စက်များ တပ်ဆင်၍ မှတ်တမ်းရယူ ဖမ်းဆီးအရေးယူနေကြောင်း၊ ယာဉ်မောင်းများ၏ မဆင်မခြင်မောင်းနှင်မှု၊ တစ်စီးနှင့်တစ်စီး ယှဉ်ပြိုင်မောင်းနှင်မှုများ၊ မီးနီဖြတ်သန်းမောင်းနှင်မှုများကို Traffic Control Center မှ အချိန်နှင့် တစ်ပြေးညီ စောင့်ကြပ်၍ Video မှတ်တမ်းရယူထားပြီး အရေးယူခြင်းဖြစ်ကြောင်း၊ ခရီးသည်လုံခြုံမှု ရှိစေရန်အတွက် ဘေးတံခါးဖွင့်မောင်းခြင်းများ ကိုလည်း တားမြစ်ထားကြောင်း၊ မှတ်သား ဖမ်းဆီးခြင်း၊ လှည့်ကင်းချထားခြင်းတို့အတွက် လိုအပ်ပါက မှတ်တိုင်တစ်ခုစီတွင် တစ်ဦးစီတာဝန်ချထားသွားမည်ဖြစ်ကြောင်း၊ ယနေ့ တက်ရောက်လာသည့် ယာဉ်မောင်းများ အနေဖြင့် သတိပြုဆင်ခြင်မောင်းနှင်ခြင်းဖြင့် ခရီးသွားလုပ်သားပြည်သူတို့ ထိခိုက်နစ်နာမှု လျော့ကျသွားပါက ဆွေးနွေးပွဲပြုလုပ်ရကျိုးနပ် မည်ဖြစ်ကြောင်း၊ မြို့တွင်းသယ်ယူပို့ဆောင်ရေးစနစ်ကြီး ပိုမိုကောင်းမွန်လာစေရန် YRTC နှင့်အတူ ယာဉ်မောင်းကြီးများက အတူတကွ ပါဝင်ကြိုးပမ်းဆောင်ရွက်ပေးကြရန် အထူး မှာကြားလိုပါကြောင်းလည်း ဒုဥက္ကဋ္ဌက ဆက်လက်ပြောကြားသည်။
ဆက်လက်၍ YRTC တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က YBS ယာဉ်မောင်းများ သိသင့်သိထိုက်သည့် ယာဉ်အန္တရာယ်၊ လမ်း အန္တရာယ် ကင်းရှင်းရေးဆိုင်ရာဆွေးနွေးချက် များ၊ တာဝန်ယူမှု၊ တာဝန်ခံမှုရှိသည့် ယာဉ်မောင်း တစ်ယောက်ဖြစ်ရေး လုပ်ဆောင်ရန်အချက် များ၊ အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံး (ရန်ကုန်တိုင်းဒေသကြီး)မှ တာဝန်ရှိသူက ယာဉ်တိုက်မှုဖြစ်စဉ် ဖြစ်ပွားရသည့် အကြောင်း ရင်းများနှင့် ရာဇသတ်ကြီးပုဒ်မများကို ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် YRTC ၏ တရားလွှတ်တော်ရှေ့နေ ဒေါ်ယဉ်မြင့်နွယ်က ဥပဒေ၊ နည်းဥပဒေများကို သိရှိနားလည်၍ လေးစားလိုက်နာသည့် ယာဉ်မောင်းကောင်းတစ်ယောက်ဖြစ်ရန်အချက်များကို ဆွေးနွေး ခဲ့ပြီး စည်းကမ်းထိန်းသိမ်းရေးနှင့် စစ်ဆေးရေး ဌာနမှူး ဦးဝင်းနိုင်က ယာဉ်စည်းကမ်း ဖောက်ဖျက်သည့် (မီးနီဖြတ်၊ မဆင်မခြင် မောင်း၊ သတ်မှတ်လမ်းကြောင်းမမောင်း၊ အရှိန်ပြင်းမောင်း) ယာဉ်မောင်းများကို ယာဉ် စည်းကမ်းဆိုင်ရာ လိုက်နာရမည့်အချက်များ အသေးစိတ်ရှင်းလင်းဆွေးနွေးကာ ယာဉ်မောင်း များအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဆိုင်ရာမေးခွန်းများ ဖြေဆိုစေခြင်း၊ ယာဉ်မောင်း များနှင့် အပြန်အလှန်ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့သည်။
နိုင်လင်းအောင်(ပြန်/ဆက်)