မုံရွာ နိုဝင်ဘာ ၈
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် မုံရွာစက်မှုဇုန်စီမံခန့်ခွဲရေး ကော်မတီဝင်များ၊ စက်မှုလုပ်ငန်းရှင်များ၊ MSMEs လုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲကို တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ နိုဝင်ဘာ ၇ ရက်က ကျင်းပသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများမှ လုပ်ဆောင်ပေးရမည့်လုပ်ငန်းများ လိုအပ်ချက် များရှိပါက လုပ်ငန်းရှင်များအနေဖြင့် ပွင်းလင်းစွာ ဆွေးနွေး တင်ပြသွားကြစေလိုကြောင်း၊ MSMEs လုပ်ငန်းများ မြှင့်တင်ပေးနိုင်ရေးအတွက် နိုင်ငံ့ စီးပွားမြှင့်တင်ရေးရန် ငွေကျပ် ၁၀ ဘီလီယံကို ထုတ်ချေးပေးထားပြီး တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်များ တစ်ပြေးညီ ဖွံ့ဖြိုးတိုးတက်စေရေး အတွက် လမ်း၊ လျှပ်စစ်မီးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ အား မိမိတို့အနေဖြင့် အလေးထား ဆောင်ရွက် ပေးလျက်ရှိကြောင်း ပြောကြားသည်။
ယင်းနောက် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်လာကြသော မုံရွာစက်မှုဇုန် စီမံခန့်ခွဲ ရေးကော်မတီဝင်များ၊ စက်မှုလုပ်ငန်းရှင်များနှင့် MSMEs လုပ်ငန်းရှင်များက မိမိတို့လုပ်ကိုင် ဆောင်ရွက်နေသည့် လုပ်ငန်းအခြေအနေများနှင့် ကုန်ကြမ်းရရှိမှု၊ ထုတ်လုပ်တင်ပို့ရောင်းချမှုနှင့် လျှပ်စစ်မီးရရှိမှုတို့အား အသီးသီးရှင်းလင်းတင်ပြ ကြပြီး တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက မိမိတို့ဌာနများအလိုက် သက်ဆိုင်သည့်လုပ်ငန်းများ နှင့် ရှင်းလင်းဆွေးနွေးကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ က ဖြည့်စွက်အကြံပြု ဆွေးနွေးတင်ပြကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ မှာကြားသည်။
နံနက်ပိုင်းတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ် နှင့်အဖွဲ့ဝင်များသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ချင်းတွင်းခန်းမ၌ ကျင်းပသည့် (၃၅)ကြိမ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက် အမှာစကားပြောကြားပြီးနောက် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများအတွက် ဆန်၊ ဆီများအားလည်းကောင်း ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)