
အစ္စလာမ္မာဘတ် နိုဝင်ဘာ ၃
ပါကစ္စတန်နိုင်ငံအနောက်မြောက်ပိုင်း ခိုင်ဘာ ပတ်ထွန်ခဝါ ပြည်နယ်တွင် အောက်တိုဘာ ၃ ရက်က ရဲကားတစ်စီးအနီး ပေါက်ကွဲမှုဖြစ်ပွား ခဲ့ရာ ငါးဦးသေဆုံးပြီး ၂၂ ဦးထက်မနည်း ဒဏ်ရာ ရရှိခဲ့သည်ဟု ရဲများနှင့် အစိုးရအရာရှိများက ပြောသည်။
ဒီရာအစ္စမေးလ် ခန်းခရိုင် ပွန်ဒါဘဇာ ဒေသတွင် လူသူရှုပ်ထွေးနေသည့် ဈေးအထွက် နေရာ၌ ရဲကားတစ်စီးဖြတ်သန်းသွားစဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ဒဏ်ရာ ရရှိသူများထဲတွင် ရဲခုနစ်ဦးထက်မနည်း ပါဝင် ပြီး ရဲအရာရှိများကို ပစ်မှတ်ထားကာ မော်တော် ဆိုင်ကယ်တွင် ပေါက်ကွဲစေတတ်သည့်ပစ္စည်း တပ်ဆင်ထားခြင်းဖြစ်သည်။
အဆိုပါဒေသရှိ မျက်မြင်သက်သေများ၏ပြောကြားချက်အရ ပေါက်ကွဲမှုအပြီး ကယ်ဆယ်ရေးအဖွဲ့ဝင်များနှင့် ရဲများ အခင်း ဖြစ်ပွားရာနေရာသို့ ရောက်မလာမီ သေနတ် ပစ်ခတ်သံကိုကြားမိကြောင်း သိရသည်။
ဒဏ်ရာရရှိသူများကို နီးစပ်ရာဆေးရုံသို့ပို့ဆောင်ပေးခဲ့ပြီး ၎င်းတို့ထဲမှ အချို့မှာစိုးရိမ် ရသည့်အခြေအနေရှိသည်ဟု ဆေးရုံသတင်း အရင်းမြစ်များက ပြောသည်။ ခရိုင်အတွင်း ဆေးရုံများတွင်လည်း အရေးပေါ်အခြေအနေ အဖြစ် ကြေညာထားသည်။ အဆိုပါ အခင်း ဖြစ်ပွားမှု၏ လက်သည်တရားခံကို ရှာဖွေရန် စုံစမ်းစစ်ဆေးမှုများစတင်နေပြီဟု ရဲများက ပြောသည်။ အဆိုပါ ပေါက်ကွဲမှုနှင့်ပတ်သက်၍ မည်သည့်အုပ်စု၏ လက်ချက်ဖြစ်သည်ကို မသိရသေးချေ။
ဆင်ဟွာ