
နေပြည်တော် နိုဝင်ဘာ ၁
ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေမြို့နယ် အင်းလေးဒေသ သာလေးကျေးရွာအုပ်စု နမ့်ဟူး ကျေးရွာရှိ ဖောင်တော်ဦးမြတ်စွာဘုရားသည် အင်းလေးဒေသ ၂၁ ဌာနတွင် ဒေသစာရီကြွချီ အပူဇော်ခံလျက်ရှိရာမှ ကိန်းဝပ်စံပယ်တော်မူသော မူလစံကျောင်းဆောင်သို့ ကျောင်းတော်ဝင်ပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါ ကျောင်းဆောင်၌ ပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် လှမိုး နှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ကရဝိက်ဖောင်တော် ကြီးပေါ်မှတစ်ဆင့် ဖောင်တော်ဦးဘုရား ရုပ်ပွားတော် လေးဆူအား စံကျောင်းတော်အတွင်းသို့ ပင့်ဆောင် ပူဇော်ပြီး ပန်း၊ ရေချမ်း၊ ဆီမီးနှင့် ရွှေသင်္ကန်းများ ကပ်လှူပူဇော်ကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီး ချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက နမ့်ဟူးကျောင်းဆောင်၌ နိုင်ငံတော် ဩဝါဒါစရိယ ညောင်ရွှေမြို့နယ် မိုင်းသောက်ကျေးရွာ မိုင်းသောက် ပထမစာသင်တိုက် ဦးစီးပဓာန နာယက ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တသုမင်္ဂလာ ဘိဝံသထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော်များ ရွတ်ပွားချီးမြှင့်တော်မူသော ပရိတ်တရားတော်များ နာယူကြည်ညိုကြသည်။ ယင်းနောက် တက်ရောက် လာကြသူများက သံဃာတော်များအား လှူဖွယ် ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး သံဃာတော်များ ထံမှ အနုမောဒနာတရားနာကြားကာ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြ သည်။
ထို့နောက် အင်းသားရိုးရာလှေလှော်ပြိုင်ပွဲကို ဆက်လက်ကျင်းပပြီး လှေလှော်ပြိုင်ပွဲတွင် ပြိုင်ပွဲ အမျိုးအစားအလိုက် ဆုရရှိကြသည့် ပြိုင်ပွဲဝင် အသင်းများအား ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ဆုများ ပေးအပ်ချီးမြှင့်ကြ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်