
မန္တလေး အောက်တိုဘာ ၂၈
အနော်ရထာမင်းလက်ထက်မှစတင်၍ ရိုးရာမပျက် ကျင်းပလာသည့် နှစ်ပေါင်း ၉၀၀ ကျော် ရှိပြီဖြစ်သော မြန်မာ့ရိုးရာယဉ်ကျေးမှုအမွေအနှစ် ကျောက်ဆည်မြို့ သီတင်းကျွတ်ဆင်လှူပွဲတော် ဆင်အကအလှ ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျောက်ဆည်မြို့ ရွှေသာလျောင်းတောင်ခြေ၌ ကျင်းပရာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် ဇနီး၊ တိုင်းဒေသကြီး တရား လွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ တပ်နယ်မှူး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်ဆင်များနှင့် ဒေသခံပြည်သူများ တက်ရောက်ကြည့်ရှုအားပေး ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့၊ တာဝန်ရှိသူများက ပြိုင်ပွဲကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး၍ ဆင်အဖွဲ့များက အောင်စေပိုင်စေ သီချင်းဖြင့်သီဆို ကပြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့အား အမှတ်တရလက်ဆောင်များ ပေးအပ်၍ တိုင်းဒေသ ကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့၊ တာဝန်ရှိသူများနှင့် ဧည့်ပရိသတ်တို့က ဧည့်ခံဆင်အဖွဲ့က ဆင်အကအလှ စွမ်းရည်ပြဖျော်ဖြေမှုနှင့် ဆင်အဖွဲ့များက မြန်မာ ပြည်သားသီချင်းဖြင့် သီဆိုမှုများကို ကြည့်ရှုအားပေး နှုတ်ဆက်ခဲ့ကြသည်။
ကျောက်ဆည်မြို့ဆင်ပွဲတော်သည် သက္ကရာဇ် ၃၇၉ ခုနှစ်တွင် နန်းတက်တော်မူသော ပုဂံပြည့်ရှင် အနော်ရထာမင်းသည် သက္ကရာဇ် ၃၉၅ ခုနှစ်တွင် ကျောက်ဆည်မြို့ ကိုးခရိုင်နယ်မြေတွင် ဆည်မြောင်း ကန်ချောင်းတို့ကို တည်ဆောက်ဆည်ဖို့တော်မူခဲ့ ကြောင်း၊ အနော်ရထာမင်းကြီးသည် သီဟိုဠ်ဘုရင် ဓာတုသေနမင်းထံမှ ပင့်ဆောင်ရရှိတော်မူခဲ့သော ဂေါတမမြတ်စွာဘုရား၏ လက်ဝဲအောက် စွယ်တော် ပွားကို အရှင်အရဟံ၏ဩဝါဒဖြင့် ဆင်မယဉ်သာ (ဆင်ဖြူတော်) ပေါ်သို့တင်၍ အဓိဋ္ဌာန်ပြု စေလွှတ် တော်မူခဲ့ရာ အရှေ့မျက်နှာအရပ် မြင်စိုင်းနယ် ကျောက်ဆည်တည်ရာ သာလျောင်းတောင်ထိပ်သို့ တက်ကြောင်း၊ တောင်ထိပ်တွင် ခေတ္တလဲလျောင်း ပြီးနောက် ချက်ချင်းဆင်းသွားကာ သံရွာနယ်တောင် တော် တောင်ထက်တက်၍ ခေတ္တရပ်ပြီး ထိုမှ ခရွေတောင်သို့တက်၍ ဝပ်လေကြောင်း၊ သက္ကရာဇ် ၃၉၅ ခုနှစ်တွင် သာလျောင်းတောင်ထိပ်နှင့်ခရွေတောင်ထိပ်တို့တွင် တစ်ပြိုင်တည်းစေတီတစ်ဆူစီကို တည်တော်မူပြီး သာလျောင်းတောင်ထိပ် တည်သော စေတီကို ရွှေသာလျောင်းစေတီဟု အမည်တွင်ခဲ့ ကြောင်း၊ အနော်ရထာမင်းကြီးသည် ရွှေသာလျောင်း စေတီတွင် သီတင်းကျွတ်လပြည့်နေ့တိုင်း၌ ဆွမ်းတော်ကပ်လှူပွဲနှင့် တပေါင်းလ၌ ပွဲတော်ကျင်းပ ရန် ကလန်၊ သံပျင်တို့ကို ဆင့်ဆိုမှာကြားတော်မူခဲ့ ကြောင်း၊ စွယ်တော်တင်သော ဆင်မယဉ်သာ (ဆင်ဖြူတော်)ကိုလည်း ငါကဲ့သို့ပင် အမှတ်တရဆင် ရုပ်တို့ဖြင့် လှူဒါန်းပူဇော် အမျှပေးဝေကြရန် အဓိဋ္ဌာန် ထားတော်မူခဲ့ရာ သီတင်းကျွတ်လပြည့်နေ့၌ ဆွမ်းတော်ကြီး ကပ်လှူပွဲနှင့်အတူ ဆင်လှူပွဲတော်ကို နှစ်စဉ်ကျင်းပခဲ့ခြင်း ဖြစ်ကြောင်း၊ အနော်ရထာ မင်းကြီးလက်ထက်မှစ၍ ယနေ့တိုင်အောင် နှစ်ပေါင်း ၉၀၀ ကျော် နှစ်စဉ်ရိုးရာမပျက် ကျင်းပခဲ့ကြောင်း၊ ကျောက်ဆည်မြို့ ဆင်လှူပွဲတော်ကို နှစ်စဉ်ရိုးရာ အစဉ်အလာမပျက်ရိုးရာပွဲတော်အဖြစ် သီတင်းကျွတ် လဆန်း ၁၄ ရက်တွင် ဆင်အကအလှပြိုင်ပွဲကျင်းပပြီး လပြည့်နေ့၌ ဆွမ်းတော်ကြီးကပ်လှူပွဲ၊ ရွှေဆင်၊ ငွေဆင် လှူဒါန်းပွဲကို နှစ်စဉ်စည်ကားသိုက်မြိုက်စွာ ကျင်းပကြောင်း သတင်းရရှိသည်။
သတင်းစဉ်