
နေပြည်တော် အောက်တိုဘာ ၂၈
နေပြည်တော်အတွင်းရှိ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်း ၂၇ ကျောင်းမှ ကျောင်းသား ကျောင်းသူ ၄၇၀၉ ဦးတို့အတွက် Panda Pack(မေတ္တာအိတ်ထုပ်)များ လှူဒါန်းခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်း က နေပြည်တော် ပျဉ်းမနားမြို့နယ် ရတနာမှန် ဘုန်းတော်ကြီးသင်ပညာရေး မူလတန်းကျောင်း၌ ကျင်းပရာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ ဒုတိယဝန်ကြီး ဦးအေးထွန်း၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး၊ ညွှန်ကြားရေးမှူးချုပ်နှင့် China Foun-dation for Rural Development(CFRD)မှ တာဝန် ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ နေပြည်တော်တိုင်းသံဃနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော် ဒေါက်တာဘဒ္ဒန္တမုနိကုမာရထံမှ ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်တည် ကြသည်။
အကျိုးကျေးဇူးများစွာရရှိ
ထို့နောက် ပြည်ထောင်စုဝန်ကြီးက ယနေ့အခမ်း အနားသည် ပြည်ထောင်စုနယ်မြေ နေပြည်တော် အတွင်းရှိ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ၂၇ ကျောင်းမှ မူလတန်းအဆင့် ကျောင်းသား ကျောင်းသူ ၄၇၀၉ ဦး၏ ပညာရေး၊ တစ်ကိုယ်ရေသန့်ရှင်းမှု၊ နေထိုင်မှုအခြေအနေကို မြှင့်တင်ရန်နှင့် တရုတ် ပြည်သူ့သမ္မတနိုင်ငံနှင့် ချစ်ကြည်ရင်းနှီးမှုကို ဖော်ညွှန်းရန်၊ ပြည်သူအချင်းချင်း ဆက်သွယ်မှု ခိုင်မာစေရန်ဆိုသည့် ကောင်းမွန်သော ရည်ရွယ်ချက် များနှင့် တစ်ကိုယ်ရေသန့်ရှင်းရေးသုံး၊ ကျောင်းသုံး ပစ္စည်းနှင့် အခြားအသုံးအဆောင်ပစ္စည်း အမျိုးအစား ၂၁ မျိုး၊ အရေအတွက် ၉၂ ခုပါဝင်သည့် Panda Pack(မေတ္တာအိတ်ထုပ်) ကျောပိုးအိတ် ၄၇၀၉ အိတ် ကို တရုတ်နိုင်ငံ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက် ရေးဖောင်ဒေးရှင်း (China Foundation For Rural Development - CFRD)၏ မြန်မာနိုင်ငံဆိုင်ရာ ရုံးက လှူဒါန်းသည့် အခမ်းအနားဖြစ်၍ ကျောင်းသား လူငယ်များအတွက် အကျိုးကျေးဇူးများစွာ ရရှိ စေသည့် အခမ်းအနားတစ်ခုဖြစ်ပါကြောင်း လျှောက်ထားသည်။
မေတ္တာအိတ်ထုပ် ၅၀၀၀၀၀ နီးပါးကို ထောက်ပံ့
ယင်းနောက် Chin Foundation for Rural Development(CFRD)မှ Country Director Ms.Lin Yuan က လှူဒါန်းမှုနှင့်စပ်လျဉ်း၍ Panda Pack (မေတ္တာအိတ်ထုပ်) စီမံချက်ကို အကောင်အထည်ဖော် ခြင်းသည် တရုတ်လူမျိုးတို့၏ ခင်မင်ရင်းနှီးမှု စိတ်ဓာတ်ကို ဆက်လက်ဖော်ဆောင်ပြီး တရုတ်-မြန်မာလူမျိုးများကြား ပိုမိုနီးကပ်သောဆက်ဆံရေး ကို တည်ဆောက်ရန် ကြိုးပမ်းဆောင်ရွက်မှု ဖြစ်ပါ ကြောင်း၊ ယခုအမှတ်တံဆိပ်ဖြစ်သော Panda Pack (မေတ္တာအိတ်ထုပ်) စီမံကိန်းကို ၂၀၀၉ ခုနှစ်တွင် တရုတ်နိုင်ငံ၌ ပထမဆုံး စတင်လုပ်ဆောင်ခဲ့ပြီး မိတ်ဆက်ခဲ့ပါကြောင်း၊ ယခုအချိန်ထိ CFRD မြန်မာ နိုင်ငံရုံးသည် မြန်မာနိုင်ငံရှိ တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၂ ခုတွင် မေတ္တာအိတ်ထုပ် ၅၀၀၀၀၀ နီးပါးကို ထောက်ပံ့ လှူဒါန်းထားပြီး ကျောင်းသား ကျောင်းသူ နှင့် မိသားစုပေါင်း ၅၀၀၀၀၀ နီးပါးကို အကျိုးခံစားခွင့် ရရှိစေခဲ့ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယ ဝန်ကြီး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်၊ ညွှန်ကြား ရေးမှူးချုပ်နှင့် အလှူရှင်များက သံဃာတော်အရှင် သူမြတ်တို့အား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းပြီးနောက် ကျောင်းသား ကျောင်းသူများကို Panda Pack (မေတ္တာအိတ်ထုပ်)များ ပေးအပ်သည်။
ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်
ထို့နောက် ပြည်ထောင်စုဝန်ကြီးက China Foundation for Rural Development (CFRD)မှ Country Director Ms.Lin Yuan အား ဂုဏ်ပြု မှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။
ယင်းနောက် ပြည်ထောင်စုနယ်မြေ နေပြည် တော် ဘုန်းတော်ကြီးကျောင်းပညာသင်ကြားမှု ကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌဆရာတော် မဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တ ဉာဏိဿရိယက အနုမောဒနာ တရားမိန့်ကြား၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက် သွန်းချအမျှပေးဝေကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယ ဝန်ကြီး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်၊ ညွှန်ကြား ရေးမှူးချုပ်နှင့် အလှူရှင်များက ကြွရောက်တော် မူလာကြသည့် သံဃာတော်အရှင်သူမြတ် များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
သတင်းစဉ်