
နေပြည်တော် အောက်တိုဘာ ၂၇
မြန်မာ့ရိုးရာယဉ်ကျေးမှု သုခုမအမွေအနှစ် များကို ဖော်ထုတ်နိုင်ရန်နှင့် လူငယ် မျိုးဆက်သစ်များကို နိုင်ငံနှင့် လူမျိုး၊ အမျိုးသားယဉ်ကျေးမှုတို့၏ ဂုဏ်သိက္ခာ ကို အလေးထားတန်ဖိုးထား ထိန်းသိမ်း ရန်အတွက် (၂၄)ကြိမ်မြောက် မြန်မာ့ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို နေပြည်တော်တွင် ကြီးကျယ်ခမ်းနားစွာ ကျင်းပလျက်ရှိရာ အဆိုပါ ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်လျက် ရှိကြသည့် တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးမှ ပြိုင်ပွဲဝင်များ၊ အကဲဖြတ်ပညာ ရှင်များနှင့်တွေ့ဆုံ၍ ၎င်းတို့၏ ရင်တွင်း ခံစားချက်များကို ဖော်ထုတ်ရေးသား တင်ပြလိုက်ရပါသည်။
ဦးကြည်ရွှေ(အကဲဖြတ်ပညာရှင်)
(၂၄)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲမှာ မယ်ဒလင် ပြိုင်ပွဲ အကဲဖြတ်ဒိုင်အဖြစ် တာဝန်ယူ ဆောင်ရွက်ပါတယ်။ အမှတ်ပေးနည်းစနစ် ကို သေချာလေ့လာပြီး အမှတ်ပေးတာ ဖြစ်ပါတယ်။ မယ်ဒလင် အတီးကို စိတ်ဝင် စားတဲ့သူတွေက ရှားပါးသွားပါပြီ။ ပွဲတွေ လုပ်ဖို့ ပြတ်သွားတဲ့ ကြားကာလမှာ အတော်လေး ရှားပါးသွားတဲ့အတွက် (၂၃)ကြိမ်မြောက် ပြိုင်ပွဲတုန်းကဆိုရင် မယ်ဒလင် အတီးပြိုင်ပွဲဝင်တွေကို ရှားရှားပါးပါး ပြန်လည်ခေါ်ယူရပါ တယ်။ ဒီနှစ်ပြိုင်ပွဲမှာတော့ ကဏ္ဍစုံပါဝင် လာတဲ့အတွက် တော်တော်တိုးတက်လာ တယ်လို့ ပြောလို့ရပါတယ်။ မျိုးဆက်သစ် ကလေးတွေကလည်း ပြန်ပြီးစိတ်ဝင်စား လာကြပါတယ်။ ကိုယ်တိုင်လည်း မယ်ဒလင်အတီးကို မြတ်မြတ်နိုးနိုးနဲ့ ငယ်ငယ်ကတည်းက တီးခတ်လာတာ ဖြစ်ပါတယ်။ ဒီလိုပြိုင်ပွဲတွေမှာ မျိုးဆက် သစ်တွေကို လက်ဆင့်ကမ်းပေးရတဲ့ အတွက် အလွန်ဝမ်းသာမိပါတယ်။ ဒီလို ပြိုင်ပွဲကြီးကျင်းပပေးခြင်းအားဖြင့် မြန်မာ့ ရိုးရာယဉ်ကျေးမှုတစ်ခုအဖြစ် ပါဝင်တဲ့ မယ်ဒလင်အတီးက ပျောက်ကွယ်မသွား တော့တဲ့အတွက် နိုင်ငံတော်အစိုးရကို လည်း ကျေးဇူးတင်ပါတယ်။
ဦးသန်းရှိန်(ပဲခူးတိုင်းဒေသကြီး
ကိုယ်စားပြုပြိုင်ပွဲဝင်)
ဝါသနာရှင် ဒုတိယတန်း မယ်ဒလင် အတီးပြိုင်ပွဲမှာ ပဲခူးတိုင်းဒေသကြီး ကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်မှာ ဖြစ်ပါ တယ်။ အရင်တုန်းကလည်း ပြိုင်ပွဲ တွေမှာ ပါဝင်ယှဉ်ပြိုင်ခဲ့တာ ငွေတံဆိပ်ဆု ရရှိဖူးပါတယ်။ ဒီနှစ်တော့ ရွှေတံဆိပ်ဆုရရှိ ဖို့ မျှော်မှန်းထားပါတယ်။ ဒီလို အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပပေးတဲ့ အတွက် စိတ်ချမ်းသာရပါတယ်။ မြန်မာ့ ရိုးရာယဉ်ကျေးမှု ထွန်းကားဖို့ အဆက် မပြတ်တော့ဘူးလို့ပြောလို့ ရပါတယ်။ ခေတ်တွေ ပြောင်းလဲလာတဲ့အခါ မယ်ဒလင်ပညာကို ဆည်းပူးတဲ့သူတွေက ရှားပါးလာပါတယ်။ အဲဒါကြောင့် မျိုးဆက် သစ်လူငယ်တွေကို ပညာအမွေတွေ လက်ဆင့်ကမ်းပေးချင်ပါတယ်။ ဒီလို ပြိုင်ပွဲကြီးတွေကျင်းပပေးမှလည်း မြန်မာ့ ဂီတတွေကို ပိုပြီးစိတ်ဝင်စားလာကြမှာ ဖြစ်ပါတယ်။ အမြဲတမ်း ဒီလိုပြိုင်ပွဲကြီးတွေ ကျင်းပပေးစေချင်ပါတယ်လို့ ပြောချင်ပါ တယ်။
မမိုးသဇင်အောင်(မန္တလေးတိုင်း
ဒေသကြီးကိုယ်စားပြုပြိုင်ပွဲဝင်)
မန္တလေးတိုင်းဒေသကြီး ကိုယ်စားပြု ပြိုင်ပွဲဝင်အနေနဲ့ ဝါသနာရှင် ဒုတိယတန်း အမျိုးသမီးအကပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင် သွားမှာဖြစ်ပါတယ်။ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲမှာ ပထမဆုံးပါဝင်ယှဉ်ပြိုင်တာဖြစ်ပါတယ်။ ပထမဆုံး ပါဝင်ယှဉ်ပြိုင် တာဆိုတော့ စိတ်လှုပ်ရှားပေမယ့် ကြိုးစားပြီးယှဉ်ပြိုင်သွားမှာပါ။ ဆုတံဆိပ် အနေနဲ့ကတော့ ရွှေတံဆိပ်ဆု မျှော်မှန်း ထားပါတယ်။ ဒီလိုပြိုင်ပွဲကြီး ကျင်းပပေး တဲ့အတွက် ကျွန်မတို့လို မျိုးဆက်သစ် တွေအတွက် မြန်မာ့ရိုးရာယဉ်ကျေးမှု အနုပညာနဲ့ပတ်သက်ပြီး ဗဟုသုတတွေ အများကြီးရရှိစေပါတယ်။ ဒီလိုပြိုင်ပွဲကြီး မှာ ယှဉ်ပြိုင်ရတဲ့အတွက် အကနဲ့ ပတ်သက်တဲ့ ဗဟုသုတတွေ၊ အက ပညာ တွေရရှိစေပါတယ်။ ဒီပြိုင်ပွဲကြီးအတွက် ဆရာ၊ ဆရာမတွေရဲ့ အနီးကပ်သင်ကြား ပြသမှုတွေကြောင့် အကစွမ်းရည်တွေ လည်း ပိုမိုတိုးတက်စေပါတယ်။
မခိုင်သင်းကြည်(ဧရာဝတီတိုင်း
ဒေသကြီးကိုယ်စားပြုပြိုင်ပွဲဝင်)
အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ကြီးမှာ စောင်းနဲ့ မယ်ဒလင်အတီးနှစ်မျိုး ပါဝင်ယှဉ်ပြိုင်ပါတယ်။ စောင်းအတီး မှာတော့ ဝါသနာရှင်ပထမတန်းနဲ့ မယ်ဒလင်မှာတော့ ဝါသနာရှင် ဒုတိယ တန်းဖြစ်ပါတယ်။ မယ်ဒလင်အတီးပညာ ကို ၅ နှစ်သမီးကတည်းက စတင်သင်ကြား ခဲ့ပါတယ်။ ၆ နှစ်အရွယ်မှာ မယ်ဒလင်ကို ကောင်းကောင်းတီးတတ်နေပါပြီ။ အဲဒါ ကြောင့် အသက် ၅ နှစ်မှ ၁၀ နှစ်အတွင်း ပြိုင်ပွဲတွေမှာ စတင်ယှဉ်ပြိုင်ခဲ့ပါတယ်။ ဆုတွေအနေနဲ့ကတော့ ပထမဆု၊ ဒုတိယ ဆုနဲ့ တတိယဆုတွေ အစုံရရှိခဲ့ပါတယ်။ ဒီပြိုင်ပွဲကြီးမှာလည်း အကောင်းဆုံးဆုကို မျှော်မှန်းထားပါတယ်။ ဒီလိုပြိုင်ပွဲကြီး ကျင်းပပေးတဲ့အတွက် အနုပညာဝါသနာ ပါသူတွေအတွက် အလွန်ကောင်းတဲ့ ပွဲကြီးတစ်ပွဲလို့ ထင်ပါတယ်။ ပြိုင်ပွဲဝင် တွေအားလုံးလည်း အကောင်းဆုံးဆုတွေ ရရှိကြပါစေလို့ ဆုတောင်းပေးပါတယ်။ မျိုးဆက်သစ်မောင်လေး၊ ညီမလေးတွေ ကိုလည်း ဝါသနာပါတဲ့ အနုပညာကို လေ့လာဆည်းပူးကြပါလို့ ပြောချင်ပါ တယ်။
မောင်ပြည့်စုံဦး(တနင်္သာရီတိုင်း
ဒေသကြီးကိုယ်စားပြုပြိုင်ပွဲဝင်)
မြန်မာ့ဂီတကို နှစ်သက်မြတ်နိုးတဲ့ အတွက် ဒီ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးမှာ ဝင်ရောက်ယှဉ်ပြိုင် ခြင်းဖြစ်ပါတယ်။ ငယ်စဉ်ကတည်းက လေ့ကျင့်မှုတွေ အများကြီးပြုလုပ်ပြီးမှ လာရောက်ယှဉ်ပြိုင်တာပါ။ ပြိုင်ပွဲကြီး နီးကပ်စဉ် ကာလမှာလည်း နေ့ရော ညပါ အချိန်ပြည့် လေ့ကျင့်ခဲ့ရပါတယ်။ မြန်မာ့ယဉ်ကျေးမှုတစ်ခုဖြစ်တဲ့ ဒီပြိုင်ပွဲ ကြီးကို ယခုလိုကျင်းပပေးတဲ့အတွက် နောင်မျိုးဆက်သစ် အနုပညာရှင်တွေ အနေနဲ့လည်း မြန်မာ့ဂီတကို ပိုမို ချစ်မြတ်နိုးပြီး စိတ်ဝင်စားလာကြမယ် လို့ထင်ပါတယ်။ နောက်ပြီး ကျွန်တော်တို့ က မြန်မာလူမျိုးဖြစ်တဲ့အတွက် ကိုယ့်ဂီတ ကို ထိန်းသိမ်းစောင့်ရှောက်ဖို့ တာဝန်ရှိပါ တယ်။ ဒါကြောင့် ဒီပြိုင်ပွဲကနေတစ်ဆင့် ကိုယ့်ရိုးရာအမွေကို လက်ဆင့်ကမ်းပေး နေတာဖြစ်ပါတယ်။ မြန်မာ့ယဉ်ကျေးမှု တွေကို မပျောက်ပျက်စေဘဲ ထိန်းသိမ်းစောင့်ရှောက်နိုင်အောင် ပြိုင်ပွဲကျင်းပ ပေးတဲ့ တာဝန်ရှိသူတွေကိုလည်း ကျေးဇူး တင်ရှိပါတယ်။
မောင်ဇော်မင်းဦး(ဧရာဝတီတိုင်း
ဒေသကြီးကိုယ်စားပြုပြိုင်ပွဲဝင်)
မဟာဂီတအဆိုပြိုင်ပွဲ အခြေခံပညာ အဆင့်(အသက် ၁၅ နှစ်မှ ၂၀ နှစ်အတွင်း) အမျိုးသားပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင် မှာဖြစ်ပါတယ်။ မဟာဂီတသီချင်းတွေ ကို မိဘတွေက ကျွန်တော်ငယ်စဉ် ကတည်းကသီဆိုလာကြပါတယ်။ ဒီသံစဉ် တွေကိုကြားပြီး သီဆိုချင်စိတ်ဖြစ်ပေါ် လာရာကနေတစ်ဆင့် ဝါသနာပါတဲ့အဆင့် အထိ ဖြစ်လာတာပါ။ ဒါကြောင့် သေချာ လေ့ကျင့်ပြီး အဆိုပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ခြင်းဖြစ်ပါတယ်။ ကျွန်တော့်လို အသက်အရွယ်မှာ ဒီလိုမဟာဂီတ တေးသီချင်းတွေကို ကြိုက်နှစ်သက်တဲ့သူ ရှားပါတယ်။ မြန်မာ့ရိုးရာယဉ်ကျေးမှု အနုပညာရပ်တစ်ခုဖြစ်တဲ့ မဟာဂီတကို ဝင်ရောက် ယှဉ်ပြိုင်ရတဲ့အတွက်လည်း ဝမ်းသာဂုဏ်ယူမိပါတယ်။ ဗဟိုအဆင့် မှာ လာရောက်ယှဉ်ပြိုင်ရမယ်လို့လည်း မျှော်မှန်းထားခဲ့ခြင်းမရှိပါဘူး။ ကျွန်တော့် ရဲ့ လေ့ကျင့်ကြိုးစားမှုတွေ တကယ် ဖြစ်လာခဲ့တယ်လို့ ပြောလို့ရပါတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးက ဝါသနာတူ သူငယ်ချင်းတွေကို တစ်စု တစ်စည်းတည်း တွေ့မြင်ခင်မင်ခွင့်ရတဲ့ အပြင် အတူတူမြန်မာ့ရိုးရာ ယဉ်ကျေးမှု အနုပညာကို ထိန်းသိမ်းခွင့်ရတဲ့အတွက် လည်း ပြောမပြတတ်အောင် ဝမ်းသာ ပျော်ရွှင်မိပါတယ်။ နောက်မျိုးဆက်သစ် တွေအနေနဲ့လည်း ကိုယ့်ရိုးရာအမွေအနှစ် ကို ထိန်းသိမ်းတဲ့အနေနဲ့ ဝင်ရောက် ယှဉ်ပြိုင်ကြပါလို့ တိုက်တွန်းလိုပါ တယ်။
မစိုးယုနန္ဒာ(ရခိုင်ပြည်နယ်
ကိုယ်စားပြုပြိုင်ပွဲဝင်)
ကာလပေါ်အဆိုပြိုင်ပွဲ အဆင့်မြင့် ပညာအဆင့် အမျိုးသမီးပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ ဒီပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နိုင်ဖို့အတွက် အများကြီး ပြင်ဆင်လေ့ကျင့်ခဲ့ရပါတယ်။ အဓိကကတော့ သီချင်းစာသားတွေ မှန်ကန်အောင်၊ စည်းဝါးကိုက်ညီမှုရှိအောင် သေချာအချိန်ယူ လေ့ကျင့်ခဲ့ပြီးမှ လာရောက်ယှဉ်ပြိုင်ခြင်း ဖြစ်ပါတယ်။ ငယ်ငယ်ကတည်းက မြန်မာသံစဉ်တွေနဲ့ ပတ်သက်ပြီး စိတ်ဝင်စားခဲ့ပါတယ်။ အခု ခေတ်အခြေအနေအရ မြန်မာသံစဉ်တွေ ကိုစိတ်ဝင်စားမှု နည်းပါးနေပါတယ်။ ဒါကြောင့် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကျင်းပပေးခြင်းဟာ ကိုယ့်ရိုးရာ အမွေအနှစ် အနုပညာရပ်တွေကို ထိန်းသိမ်းပေးရာလည်း ရောက်ပါတယ်။ ခေတ်ပေါ်တေးဂီတတွေကို စိတ်ဝင်စားမှု ရှိတာလည်း ကောင်းပါတယ်။ ဒါပေမယ့် ကိုယ်က မြန်မာဖြစ်တဲ့အတွက် မြန်မာ့ ဂီတသံစဉ်တွေကိုလည်း စိတ်ဝင်တစားနဲ့ ထိန်းသိမ်းကြဖို့ကိုလည်း တိုက်တွန်းလိုပါ တယ်။
မောင်အောင်စွမ်းထက်
(မန္တလေးတိုင်းဒေသကြီး
ကိုယ်စားပြုပြိုင်ပွဲဝင်)
အခြေခံပညာ အသက် (၁၀ နှစ်မှ ၁၅ နှစ်အတွင်း) အကပြိုင်ပွဲကို မန္တလေးတိုင်း ဒေသကြီး ကိုယ်စားပြုအနေနဲ့ ပါဝင် ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကို (၂၃)ကြိမ်မြောက် က စတင်ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။ မနှစ်ကတော့ နှစ်သိမ့်ဆုနဲ့ ကျေနပ်ခဲ့ရ တာဖြစ်ပါတယ်။ ဒီနှစ်အတွက်တော့ ရွှေတံဆိပ်ဆုရရှိဖို့ ကြိုးစားထားပါတယ်။ ပြိုင်ပွဲအပေါ်မှာ စိတ်လှုပ်ရှားမှု မရှိပါဘူး။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်ရှိပါ တယ်။ အကပညာကို ဝါသနာပါတဲ့ အတွက် ၉ နှစ်အရွယ်ကတည်းက လေ့လာဆည်းပူးခဲ့တာ ဖြစ်ပါတယ်။ ဒီလို ပြိုင်ပွဲကြီးက ကျွန်တော်တို့လို မျိုးဆက် သစ်တွေကိုမွေးမြူတဲ့ ပွဲကြီးတစ်ပွဲလို့ ထင်မြင်မိပါတယ်။
တွေ့ဆုံမေးမြန်း
အောင်ရဲသွင်၊ အေးအေးသန့် ဓာတ်ပုံ
အောင်သန့်