မလေးရှားနိုင်ငံ၏ ဆင်းရဲမှုလျှော့ချရေး မဟာဗျူဟာများနှင့် စီးပွားရေးပုံစံသစ်ကို လေ့လာခြင်း

Type
1

 

ခန့်ဇော်(ကျေးလက်)

 

မလေးရှားနိုင်ငံသည် ၁၂၇၇၂၀ စတုရန်းမိုင်ကျယ်ဝန်းပြီး မလေး၊ တရုတ်၊ အိန္ဒိယလူမျိုးများ နေထိုင်ကြကာ ၂၀၂၃ ခုနှစ် လူဦးရေစစ်တမ်းအရ လူဦးရေ ၃၄ သန်းကျော်ရှိ၍ ကမ္ဘာပေါ်တွင် ၄၄ ခုမြောက် လူဦးရေအများဆုံးနိုင်ငံဖြစ်သည်။ စည်းမျဉ်းခံ ရွေးကောက်ခံဘုရင်စနစ်ကျင့်သုံးသော ဖက်ဒရယ်နိုင်ငံတစ်ခု ဖြစ်ပြီး အရှေ့တောင်အာရှ၏ တစ်ခုတည်းသော ဖက်ဒရယ်နိုင်ငံ ဖြစ်ပါသည်။ မလေးရှားနိုင်ငံ၏ နိုင်ငံခြားရေးပေါ်လစီမှာ ကြားနေဝါဒအပေါ်တွင် အခြေခံထားပြီး မည်သည့်နိုင်ငံရေးစနစ်ကျင့်သုံးသည့်နိုင်ငံဖြစ်စေ မလေးရှားကမူ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူဖြင့်သာ ဆက်ဆံသည်ကို တွေ့ရပါသည်။

မလေးရှားနိုင်ငံ၏စီးပွားရေး
မလေးရှားနိုင်ငံသည် အတော်အသင့် တံခါးပွင့် ပြီးနိုင်ငံ  ဖြစ်သည့်အတွက် စက်မှုလုပ်ငန်းဖွံ့ဖြိုးမှု ဦးတည်ဈေးကွက်စီးပွားရေးစနစ်သို့    ပြောင်းလဲ ဖော်ဆောင်ခဲ့ပါသည်။ အပြည်ပြည်ဆိုင်ရာကုန်သွယ် ရေးနှင့် ကုန်ထုတ်လုပ်ရေးတို့မှာ အဓိကစီးပွားရေးကဏ္ဍများဖြစ်ကြပြီး           သဘာဝသယံဇာတနှင့် စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်များကိုတင်ပို့ရောင်းချ လျက်ရှိရာ   အဓိကပို့ကုန်မှာ ဓာတ်ဆီဖြစ်သည်။ တစ်ချိန်က မလေးရှားသည်   ကမ္ဘာတွင်    ခဲမဖြူ၊ ရော်ဘာနှင့်စားအုန်းဆီ အများဆုံးတင်ပို့သောနိုင်ငံ ဖြစ်ခဲ့ပြီး ကမ္ဘာပေါ်တွင်  စားအုန်းဆီ   အများဆုံး ထုတ်လုပ်သည့်နိုင်ငံတစ်နိုင်ငံအဖြစ်   ရပ်တည်ဆဲ ပင် ဖြစ်ပါသည်။  ကမ္ဘာပေါ်တွင်   တစ်ပိုင်းလျှပ်ကူး ပစ္စည်းကိရိယာများ၊ လျှပ်စစ်ပစ္စည်းများ၊   အိုင်တီ နှင့် ဆက်သွယ်ရေးပစ္စည်းများ   အများဆုံးတင်ပို့ ရောင်းချနေသော နိုင်ငံတစ်နိုင်ငံလည်း ဖြစ်ပါသည်။ 
 ထို့ပြင် စီးပွားရေးတွင် တင်ပို့ကုန်အပေါ်တွင် မှီခိုနေရမှုအား လျှော့ချနိုင်ရန်နှင့် အခြားစီးပွားရေး ကဏ္ဍသစ်များ ချဲ့ထွင်နိုင်ရန်အတွက်  ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း  ဖွံ့ဖြိုးစေရေးကို တွန်းအားပေး ဆောင်ရွက်ခဲ့သောကြောင့် ယင်းသည်  နိုင်ငံ၏ တတိယမြောက်   နိုင်ငံခြားငွေအများဆုံးရရှိသော လုပ်ငန်း ဖြစ်လာခဲ့သည်။ 
မလေးရှားနိုင်ငံ၏ စုစုပေါင်းပြည်တွင်း ထုတ်ကုန်(GDP) နှင့် 
နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI)
ကမ္ဘာ့ဘဏ်၏ စာရင်းအရ ၂၀၂၂ ခုနှစ်တွင် GDP အမေရိကန်ဒေါ်လာ ၄၀၆  ဒသမ ၃၁ ဘီလီယံရှိပြီး တစ်ဦးချင်း GDP မှာ အမေရိကန်ဒေါ်လာ ၁၁၃၇၁ ဒသမ ၉၇ ခန့် ရှိပါသည်။ မလေးရှားနိုင်ငံ   စီးပွား ရေးရာဝန်ကြီးဌာန        စာရင်းအင်းဦးစီးဌာန၏ ထုတ်ပြန်ချက်အရ မလေးရှားနိုင်ငံ၏ FDI သည် ၂၀၂၂ ခုနှစ် စတုတ္ထသုံးလပတ်တွင် မလေးရင်းဂစ် ၈၇၅ ဒသမ  ၁ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၉၂ ဒသမ ၁၂ ဘီလီယံ)ခန့်ရှိခဲ့ပြီး ၂၀၂၃ ခုနှစ်   ပထမ သုံးလပတ်ကာလအတွင်း မလေးရင်းဂစ် ၁၂၀၄၃ ဒသမ ၉၄ မီလီယံခန့် (အမေရိကန်ဒေါ်လာ ၂၆၄၄ ဒသမ ၁၁ မီလီယံ) ရှိကြောင်း သိရှိရပါသည်။
မလေးရှားနိုင်ငံ၏ ဆင်းရဲနွမ်းပါးမှုဆိုင်ရာ
သတ်မှတ်ချက်များ
(၁၀)ကြိမ်မြောက်  မလေးရှားဖွံ့ဖြိုးတိုးတက် ရေးအစီအစဉ်(၂၀၁၁-၂၀၁၅) (10th Malaysia Plan)တွင် အိမ်ထောင်စုများအား အလွန်ဆင်းရဲသည့် အဆင့်နှင့်ဆင်းရဲသည့်အဆင့်ဟူ၍ သတ်မှတ်ထားရှိ ပြီး ကျေးလက်/ မြို့ပြမည်သည့်နေရာတွင် နေထိုင် သည်ဖြစ်စေ တစ်လဝင်ငွေ  အမေရိကန်ဒေါ်လာ ၇၄၀ အောက်ရရှိသော အိမ်ထောင်စုများကို ဝင်ငွေ နိမ့်ပါးသည့်အိမ်ထောင်စုများဟု   သတ်မှတ်ထား ပါသည်။ 
ဆင်းရဲနွမ်းပါးမှုပပျောက်ရေး
ကြိုးပမ်းဆောင်ရွက်ခဲ့မှု
၁၉၇၀ ပြည့်နှစ်တွင် စီးပွားရေးရာမူဝါဒသစ် (New Economic Policy-NEP)  ကို ချမှတ်ခဲ့ပြီး အလုပ် အကိုင်အခွင့်အလမ်းသစ်များ ဖန်တီးပေးနိုင်ခဲ့သည့် အတွက် ဝင်ငွေတိုးမြင့်လာမှုကြောင့် အလုံးစုံဆင်းရဲ နွမ်းပါးမှုနှုန်းကို ၁၉၇၀ ပြည့်နှစ်က  ၄၉ ဒသမ ၃ ရာခိုင်နှုန်းရှိခဲ့ရာမှ ၁၉၉၀ ပြည့်နှစ်တွင် ၁၇ ရာခိုင် နှုန်းသို့ လျှော့ချနိုင်ခဲ့ပါသည်။ စီးပွားရေးရာမူဝါဒသစ် အရ တန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရန်   ဆောင်ရွက်ခဲ့ပြီး    ထိုသို့ ထုတ်လုပ်နိုင်မှုကြောင့်  အလုပ်အကိုင်များ  ဖန်တီးပေးနိုင်ခဲ့သည့်အပြင် Bumiputera (မလေးလူမျိုးများ)ကို ပရိုဖက်ရှင်နယ် နှင့်  လူလတ်တန်းစားအုပ်စုဟူ၍ ဖန်တီးနိုင်စေခဲ့ပါ သည်။ Bumiputera စီမံခန့်ခွဲမှုနှင့် ကျွမ်းကျင် ပညာရှင်များ၊ ဆရာဝန်များနှင့် စာရင်းကိုင်များကဲ့သို့ ကျွမ်းကျင်ပညာရှင်အရေအတွက်သည်   သိသိ သာသာ တိုးတက်လာခဲ့ကြောင်း တွေ့ရသည်။   ၁၉၉၁  ခုနှစ်တွင်    NEP   ကို အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး မူဝါဒ  (National Development Policy- NDP) (၁၉၉၁-၂၀၀၀) တွင် ထည့်သွင်းခဲ့ပြီး ဆင်းရဲနွမ်းပါးမှု လျှော့ချရေးလုပ်ငန်းများကို ဦးစားပေးဆောင်ရွက် ခဲ့ရာ   ၂၀၀၂ ခုနှစ်တွင် ဆင်းရဲနွမ်းပါးမှုသည် ၆ ရာခိုင်နှုန်းသို့ ကျဆင်းသွားခဲ့ပါသည်။ 
၂၀၁၅ ခုနှစ်အတွင်း        ဆင်းရဲနွမ်းပါးမှုမျဉ်း အောက်ရှိ လူဦးရေအချိုးအစားကို ၅၀ ရာခိုင်နှုန်း လျှော့ချနိုင်ရေး ထောင်စုနှစ်ရည်မှန်းချက် (Millen-nium Development Goals-MDG) ရည်မှန်းချက် ဖြင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးကို အဓိကထား၍ လုပ်ဆောင်ခဲ့ရာ ၂၀၀၉ ခုနှစ်တွင် ၃ ဒသမ  ၈ ရာခိုင် နှုန်းသို့ လျှော့ချနိုင်ခဲ့တာ တွေ့ရသည်။ အိမ်ထောင်စု များ၏ ၄၀ ရာခိုင်နှုန်း (အိမ်ထောင်စု ၂ ဒသမ ၄ သန်း)သည် တစ်လလျှင် စုစုပေါင်းဝင်ငွေ ရင်းဂစ် (RM )၂၃၀၀ အောက် ရရှိကြောင်း တွေ့ရှိရပါသည်။  
မလေးရှားနိုင်ငံသည်   ၁၉၇၀   ပြည့်နှစ်တွင် အမေရိကန်ဒေါ်လာ   ၉၀၀  မှ   ၂၀၁၁   ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၉၇၀၀ အထိ တစ်ဦးချင်းဝင်ငွေ သည် တစ်သမတ်တည်း တိုးတက်လာခဲ့ပြီး   အရှေ့ တောင် အာရှနိုင်ငံများတွင်    စင်ကာပူနိုင်ငံပြီးလျှင် ဒုတိယအများဆုံးဖြစ်၍ ဒေသတွင်းရှိ အခြားနိုင်ငံ များထက်   သိသိသာသာ   မြင့်မားလာခဲ့ကြောင်း တွေ့ရှိရသည်။
အချိန်တိုတိုအတွင်း    တိုးတက်မှုရှိခဲ့သော်လည်း ဆင်းရဲနွမ်းပါးမှုနှုန်းသည်       မြို့ပြနှင့်ကျေးလက် ကွဲပြားမှုရှိပြီး ကျေးလက်ဒေသများတွင်  နယ်မြေ ဒေသအလိုက် အနည်းဆုံး ၅ ဒသမ ၃  ရာခိုင်နှုန်းနှင့် အများဆုံး ၁၉ ဒသမ ၇ ရာခိုင်နှုန်းခန့်  ရှိသည်ကို လေ့လာတွေ့ရှိရပါသည်။
ဆင်းရဲနွမ်းပါးမှုပပျောက်ရေးတွင် အောင်မြင်မှု အများစုသည်   စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအပေါ် တွင် အဓိက အခြေခံခြင်းဖြစ်ပြီး သင့်လျော်မှန်ကန် သည့်မူဝါဒများ    ချမှတ်ဆောင်ရွက်နိုင်မှုသည် ဆင်းရဲမှုလျှော့ချရေးတွင်   လွန်စွာအရေးပါလှပါ သည်။ 
မလေးရှားနိုင်ငံ၌ ၂၀၂၀ ပြည့်နှစ်တွင် လူဦးရေ၏ ၉၃ ဒသမ ၈၂ ရာခိုင်နှုန်းသည်   ဘေးကင်းလုံခြုံစိတ်ချ ရသော သောက်သုံးရေရရှိပြီး   လူဦးရေ၏ ၁၀၀   ရာခိုင်နှုန်း  လျှပ်စစ်မီးရရှိနေကြောင်း  တွေ့ရသည်။ 
ဝင်ငွေမြှင့်တင်နိုင်ရေး 
လက်ရှိ Macro ကြိုးပမ်းမှုများ
ကျေးလက်အခြေခံအဆောက်အအုံ     ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများ၊ လူမှုစီးပွားဘဝမြှင့်တင် ခြင်းလုပ်ငန်းများ၊   ဆင်းရဲနွမ်းပါးသူများအတွက် လူမှုဖူလုံရေးအကျိုးခံစားခွင့်များ ထောက်ပံ့ပေးခြင်း များနှင့်   မိသားစုဝင်ငွေတိုးပွားရေးအတွက် အခွင့် အလမ်းများဖန်တီးပေးခြင်း စသည့်စီမံကိန်းများမှ တစ်ဆင့် ဝင်ငွေမြှင့်တင်နိုင်ရေး ကြိုးပမ်းဆောင်ရွက် ပေးလျက်ရှိပြီး အသေးစားချေးငွေအစီအစဉ်များ ဖန်တီးပေးခြင်း၊ ကျွမ်းကျင်မှုသင်တန်းပေးခြင်းနှင့် စွန့်ဦးတီထွင်စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် ရေး ဆောင်ရွက်ပေးခြင်းတို့ ပါဝင်ပါသည်။
စီးပွားရေးပုံစံသစ်
(New Economic Model-NEM) 
ဝင်ငွေတိုးပွားစေရေးအတွက် Macro မူဘောင် ကိုချမှတ်၍ ဝင်ငွေကွာဟမှုကို ကျဉ်းမြောင်းစေရန် စီးပွားရေးပုံစံသစ်(NEM)ကို   ၂၀၁၀ ပြည့်နှစ်တွင် ဖော်ဆောင်ခဲ့ပြီး   အောက်ခြေ  ၄၀ ရာခိုင်နှုန်းသော အိမ်ထောင်စုများ၏ ဝင်ငွေအဆင့် တိုးတက်လာစေ ရန် ဆောင်ရွက်ခဲ့ပါသည်။   နိုင်ငံအနေဖြင့်  ဝင်ငွေ အလယ်အလတ်ရရှိသောစနစ်မှ ကိုယ်တိုင်ရုန်းထွက် နိုင်ခဲ့ပါက  ယင်းမှတစ်ဆင့်   ဝင်ငွေတိုးပွားရရှိရေး ဆောင်ရွက်လာနိုင်မည်ဖြစ်၍ NEM ​​သည် ၂၀၁၀ ပြည့်နှစ်တွင် တစ်ဦးချင်းဝင်ငွေ USD ၇၀၀၀ မှ ၂၀၂၀ ပြည့်နှစ်တွင် USD  ၁၅၀၀၀-၁၇၀၀၀ သို့  (နှစ်ဆ) တိုးတက်လာစေရန်   ကြိုးပမ်းဆောင်ရွက်နိုင်ခဲ့ ကြောင်း တွေ့ရသည်။ တီထွင်ဆန်းသစ်မှု၊ တီထွင် ဖန်တီးနိုင်မှု၊ ကုန်ထုတ်စွမ်းအားမြင့်မားမှု၊ နည်းပညာ အသစ်နှင့် ဘက်ပေါင်းစုံကျွမ်းကျင်သည့် စွမ်းရည် ပြည့်ဝသော   လုပ်သားအင်အားရှိမှုတို့မှတစ်ဆင့် စဉ်ဆက်မပြတ် ဝင်ငွေမြင့်မားစေရေး    ဆောင်ရွက် ခဲ့ခြင်းဖြစ်သည်။
စည်းလုံးညီညွတ်စွာဖြင့်        အားလုံးပါဝင် ဆောင်ရွက်ကြလျှင် ချမ်းသာကြွယ်ဝမှုသည် လိုက်ပါ လာမည်ဖြစ်သည့်အတွက် အားလုံးပါဝင်ရေးမူဝါဒ သည်လည်း မလေးရှားနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးကြိုးပမ်းမှုတွင် မဏ္ဍိုင်တစ်ခုအဖြစ် ပါဝင်ပါသည်။ အားလုံးပါဝင်ရေးမူဝါဒသည် တစ်ဦးချင်းအခွင့်အရေး များကို ကာကွယ်ပေးပြီး ရင်းနှီးမြှုပ်နှံမှုကို မြှင့်တင် ပေးသောကြောင့်   စီးပွားရေးတိုးတက်လာရခြင်း သည် သဘာဝကျသော   အကျိုးဆက်တစ်ခုပင် ဖြစ်ပါသည်။ အားလုံးပါဝင်ရေးမူဝါဒကို   မှန်ကန် ကြောင်းပြသသည့်အနေဖြင့် NEM သည် ဆင်းရဲ နွမ်းပါးမှုပပျောက်စေရေးတွင် တိုင်းရင်းသားမျိုးနွယ် စုများနှင့် ဒေသများအကြားရှိ   မတူကွဲပြားမှုများ၊ ကွာဟချက်များကိုပါ      ပိုမိုဟန်ချက်ညီအောင် ဆောင်ရွက်ပေးခဲ့သည်ကို တွေ့ရသည်။
NEM သည် မက်ခရိုချဉ်းကပ်မှုကို ပံ့ပိုးပေးပြီး ဤချဉ်းကပ်မှု၏ အဓိကအချက်ဖြစ်သော    မဟာ ဗျူဟာမြောက်     ပြုပြင်ပြောင်းလဲရေးအစပျိုးမှု (Strategic Reform Initiatives-SRI) ရှစ်ချက်သည် နိုင်ငံ၏စီးပွားရေးကို     ကုန်ထုတ်လုပ်မှုမှသည် တန်ဖိုးမြင့်ဝန်ဆောင်မှုများဆီသို့       ပြန်လည် ဦးတည်ရန် ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။  ယင်း SRI  ရှစ်ချက်မှာ
    (၁)    ပုဂ္ဂလိကကဏ္ဍကို    ပြန်လည်သက်ဝင် အားကောင်းလာစေခြင်း၊ 
    (၂)    အရည်အသွေးပြည့်ဝသည့်    လုပ်သား အင်အားစုများ ဖွံ့ဖြိုးလာစေခြင်းနှင့် နိုင်ငံ ခြားသား အလုပ်သမားများအပေါ်    မှီခို အားထားရမှုကို လျှော့ချခြင်း၊    (၃)     ပြည်တွင်းစီးပွားရေးကို ယှဉ်ပြိုင်နိုင်စွမ်းအားရှိစေခြင်း၊ 
    (၄)    ပြည်သူပိုင်စီးပွားရေးကဏ္ဍကို      ပိုမို အားကောင်းလာစေခြင်း၊ 
    (၅)     ပွင့်လင်းမြင်သာမှုရှိပြီး    ဈေးကွက်နှင့် လိုက်လျောညီထွေရှိမည့်  မတူကွဲပြားမှု များကို     ပေါင်းစည်းညီညွတ်စေမည့် လုပ်ဆောင်ချက်များ ဆောင်ရွက်စေခြင်း၊ 
    (၆)         အသိပညာအခြေပြု  အခြေခံအဆောက် အအုံ ဖွံ့ဖြိုးလာစေခြင်း၊
    (၇)     ကြီးပွားတိုးတက်မှု      အရင်းအမြစ်များ တိုးပွားလာစေခြင်းနှင့် 
    (၈)     ကြီးပွားတိုးတက်မှုများ စဉ်ဆက်မပြတ် ဖြစ်ပေါ်တိုးတက်စေခြင်းတို့  ဖြစ်ပါသည်။ 
SRI ရှစ်ချက်သည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အတွက် အဓိကဦးတည်ခြင်းဖြစ်ပြီး အလုပ်အကိုင် နှင့် စွန့်ဦးတီထွင်မှုဆိုင်ရာအခွင့်အလမ်းများ ဖန်တီး ပေးခြင်းဖြင့်     နိုင်ငံ့စီးပွားရေးမြင့်မားလာစေရေး ဆောင်ရွက်ပေးခြင်းဖြစ်သည်။ ဥပမာ- ပုဂ္ဂလိက ကဏ္ဍကို ပြန်လည်သက်ဝင်အားကောင်းလာစေရေး မဟာဗျူဟာအရ အစိုးရက အသေးစားနှင့် အလတ် စား စီးပွားရေးလုပ်ငန်းများကို ပိုမိုဖွံ့ဖြိုးလာစေရန်၊ ဆန်းသစ်တီထွင်မှု အားကောင်းလာစေရန် ဦးစား ပေး ချေးငွေများ ဖန်တီးပေးသကဲ့သို့ အရည်အသွေး ပြည့်ဝသည့် လုပ်သားအင်အားစုများ ဖွံ့ဖြိုးလာစေ ရေး မဟာဗျူဟာအရ  အရည်အသွေးရှိလုပ်သား အင်အားစုများ ဖြစ်လာအောင် ပြုစုပျိုးထောင်ပေးပြီး နိုင်ငံခြားသား အလုပ်သမားများအပေါ် မှီခိုအားထား ရမှုကို လျှော့ချလာနိုင်စေရန် ဆောင်ရွက်သည်ကို တွေ့ရသည်။  ရှိပြီးသားအလုပ်သမားအင်အားစုများ ကို အရည်အသွေးမြှင့်တင်ပေးပြီး လစဉ်တစ်လလျှင် အနည်းဆုံးအခကြေးငွေ အမေရိကန်ဒေါ်လာ ၃၀၀ အထိ   ရရှိလာနိုင်အောင်    ဆောင်ရွက်ခြင်းဖြင့် အောက်ခြေအိမ်ထောင်စု ၄၀ ရာခိုင်နှုန်း၏ ဝင်ငွေ အဆင့်ကို    မြှင့်တင်နိုင်ရန်     မျှော်မှန်းချက်ထား ဆောင်ရွက်ခဲ့ကြောင်း တွေ့ရသည်။
အစိုးရအသွင်ကူးပြောင်းရေးအစီအစဉ် (Government Transformation 
Programme-GTP)
အစိုးရအသွင်ကူးပြောင်းရေး  အစီအစဉ်တွင် ဆင်းရဲနွမ်းပါးမှုပပျောက်ရေးသည်  အမျိုးသားအဆင့် ရလဒ်နယ်ပယ်    ခုနစ်ခုအနက်    တစ်ခုအပါအဝင် ဖြစ်ပြီး  ဆင်းရဲနွမ်းပါးမှုပပျောက်ရေး   ဆောင်ရွက် ပေးမည့် အေဂျင်စီများကို စုစည်းပေးသည်။   ယင်း အေဂျင်စီများ၏   ဆင်းရဲနွမ်းပါးမှုပပျောက်ရေး ကြိုးပမ်းမှုများကို လေ့လာကြည့်ရာ
    (၁)    ကျေးလက်ဖွံ့ဖြိုးရေး     မဟာစီမံကိန်း (၂၀၁၂-၂၀၂၀) ကို  အကောင်အထည်ဖော် ခြင်း၊
    (၂)    ၂၀၂၀ ပြည့်နှစ်၌   စွန့်ဦးတီထွင်လုပ်ငန်း များတွင်     ကျေးလက်နေပြည်သူများ ၃၀  ရာခိုင်နှုန်းပါဝင်ရန်၊    အထူးသဖြင့် အမျိုးသမီးများပါဝင်လာစေရန်       ဦးတည် ဆောင်ရွက်ခြင်း၊
    (၃)    ၂၀၂၀ ပြည့်နှစ်တွင် အခြေခံအဆောက် အအုံများ၊   အခြေခံဝန်ဆောင်မှုများ ၁၀၀ ရာခိုင်နှုန်း လွှမ်းခြုံရရှိစေခြင်း၊
    (၄)    ၂၀၁၂ ခုနှစ်တွင် Sabahနှင့် Sarawak တို့ရှိ ကျေးလက်ဒေသများအတွက် လျှပ်စစ်မီး ရရှိမှု ၈၁  ရာခိုင်နှုန်းနှင့်   ၉၀  ရာခိုင်နှုန်း အသီးသီး၊ ရေရရှိမှုကို ၇၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ပေးနိုင်ခဲ့ခြင်း၊ ၂၀၂၀ ပြည့်နှစ်တွင် တစ်နိုင်ငံလုံး လျှပ်စစ်မီး ၁၀၀ ရာခိုင်နှုန်း နှင့်   ရေပေးဝေမှု ၉၃ ဒသမ ၈၁ ရာခိုင်နှုန်း ဖြန့်ဝေပေးနိုင်ခဲ့ခြင်း၊
    (၅)        ကျေးလက်ဒေသများတွင် အင်တာနက် ဘရော့ဒ်ဘန်း     တိုးမြှင့်ခြင်းဝန်ဆောင်မှု များ ဆောင်ရွက်ပေးခြင်းဖြင့် ဒစ်ဂျစ်တယ် ကွာဟမှုကို ၂၀၂၃ ခုနှစ်တွင် ၉၆ ဒသမ ၈  ရာခိုင်နှုန်း လျှော့ချခြင်း၊
    (၆)    စိုက်ပျိုးရေးလုပ်ငန်းများ၊    စီးပွားရေး လုပ်ငန်းများ၊    အလုပ်နှင့်ကိုက်ညီသော နေရာချထားမှုနှင့် ဝန်ဆောင်မှုကဏ္ဍတွင် ပါဝင်မှုစသည်တို့ကို   ကနဦးဖော်ဆောင် ပေးခြင်း၊ တိုးမြှင့်ပေးခြင်း၊
    (၇)        ကျေးလက်ဆေးပေးခန်း၊ မိသားစုကျန်းမာ ရေး၊ ကျေးလက်သွားနှင့်  ခံတွင်းဆိုင်ရာ ဝန်ဆောင်မှု၊ အစားအသောက်နှင့်အာဟာရ ဆိုင်ရာ အကြံပေးခြင်းစသည့်   ပြည်သူ့ ကျန်းမာရေးဝန်ဆောင်မှု အစီအစဉ်များ အကောင်အထည်ဖော်ခြင်း၊ အသက်မွေး ဝမ်းကျောင်းနှင့်   ကျွမ်းကျင်မှုသင်တန်း များ ပို့ချခြင်း။
ဆင်းရဲနွမ်းပါးမှုပပျောက်ရေးအတွက် လက်ရှိ
ကျင့်သုံးနေသော အသေးစားမဟာဗျူဟာများ
ဆင်းရဲနွမ်းပါးမှုပပျောက်ရေးဆိုင်ရာ အသေး စား မဟာဗျူဟာတွင် ဆင်းရဲနွမ်းပါးသူ အစုအဖွဲ့ များ၊ အိမ်ထောင်စုနှင့် နေရာဒေသများကိုဖော်ထုတ် ၍ ၎င်းတို့၏လိုအပ်ချက်များနှင့်  ကိုက်ညီမည့် ပံ့ပိုး မှုများ၊ Bumiputra အထူးသဖြင့် လူမျိုးစုလူနည်းစု များ၊ Sabahနှင့် Sarawak ကဲ့သို့သော ဦးတည် အုပ်စုများအတွက် အံဝင်ခွင်ကျဖြစ်စေသော အစီ အစဉ်များ၊ အခြေခံဆင်းရဲနွမ်းပါးသူများ၊ အမျိုးသမီး ဦးဆောင်သည့် မိသားစုများ (သို့မဟုတ်)   မိခင် (သို့မဟုတ်) ဖခင်တစ်ဦးတည်း ဦးဆောင်ရပ်တည် ရသောမိသားစုများ၊ သက်ကြီးရွယ်အိုများနှင့် ခက်ခဲ ကျပ်တည်းသော   အသိုက်အဝန်းများကဲ့သို့သော သီးခြားအုပ်စုများအတွက် မတူကွဲပြားသော   အစီ အစဉ်များ ပါဝင်ပါသည်။ 
အစိုးရအနေဖြင့် ၄၀ ရာခိုင်နှုန်းသော အခြေခံ လူတန်းစားအိမ်ထောင်စုများ၏ ကလေးများအား ပညာရေးနှင့် စွမ်းဆောင်ရည်   မြှင့်တင်ပေးရန် အတွက် ထောက်ပံ့ကြေးများ၊ ပညာသင်ဆုများ၊ ပညာသင်ထောက်ပံ့ကြေး (ဘော်ဒါကျောင်းများ၊ ငွေကြေး၊ ကျောင်းဝတ်စုံနှင့် ကျူရှင်ခများအပါအဝင်)ပေးခြင်းစသည်တို့ကို    လုပ်ဆောင်ပေးလျက်ရှိ ကြောင်း တွေ့ရသည်။
ကျေးလက်နှင့်    မြို့ပြရှိ   သတ်မှတ်ချက်နှင့် ကိုက်ညီသည့်    ဆင်းရဲနွမ်းပါးအိမ်ထောင်စုများ အတွက် အိမ်ရာများ ပံ့ပိုးပေးသကဲ့သို့ လူနေမှုအဆင့် အတန်း   မြင့်မားစေရန်အတွက်    ကျန်းမာရေး စောင့်ရှောက်မှု၊ ရေကောင်းရေသန့်၊  လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးစသည့် အခြေခံအဆောက် အအုံများ ဖွံ့ဖြိုးလာစေရန်ပါ ဆောင်ရွက်ပေးသည်။ အထောက်အပံ့နှင့် သက်သာသော   ချေးငွေအပါ အဝင်  အသေးစားလုပ်ငန်းများအတွက် ပံ့ပိုးကူညီမှု အစီအစဉ်များပါဝင်ပါသည်။ ကန်ထရိုက်လယ်ယာ စနစ် စိုက်ပျိုးခြင်းဖြင့် စိုက်ပျိုးရေးကဏ္ဍတွင် ဝင်ငွေ တိုးပွားစေပြီး စီးပွားရေးအခွင့်အလမ်းများဖန်တီးပေးနိုင်သကဲ့သို့ ပေါင်းစည်းမြေယာစနစ် ဆောင်ရွက် ခြင်းဖြင့် မြေယာအသုံးချမှုနှင့် စိုက်ပျိုးနိုင်စွမ်းကို တိုးမြှင့်ပေးနိုင်သည့်အတွက် အထွက်နှုန်းတိုးစေပြီး အခြားစိုက်ပျိုးရေးနှင့် စိုက်ပျိုးရေးအခြေခံစက်မှုလုပ်ငန်းများ ပိုမိုတိုးမြှင့် ဆောင်ရွက်လာနိုင်သည်ကို တွေ့ရသည်။
မူဝါဒချိတ်ဆက်မှုများနှင့် သုံးသပ်ချက်
ဆင်းရဲနွမ်းပါးမှုပပျောက်ရေးတွင်ပါဝင်သည့်အဖွဲ့အစည်းပေါင်းများစွာကို   အစိုးရအနေဖြင့် ပေါင်းစပ်ညှိနှိုင်းပေးရာတွင် ထိရောက်အောင်မြင်မှုနှင့် သေချာမှုရှိစေရန် အလွန်အရေးကြီးသည်။ မူဝါဒများ အနက် အားလုံးပါဝင်မှု၊ ခွဲခြားဆက်ဆံမှုမရှိခြင်းမှာ အရေးပါသောမူဝါဒဖြစ်သည်ကို သတိပြုမိရသည်။ မြန်မာနိုင်ငံတွင်လည်း ကျေးလက်ဒေသဖွံ့ဖြိုးရေးစီမံကိန်းများကို ပို၍ဆင်းရဲသော ဝေးလံခေါင်းပါး ဒေသများ၊ ပိုမိုလိုအပ်သည့်ဒေသများကို ဦးစားပေး ဆောင်ရွက်ခဲ့ပြီး  ခွဲခြားမှုမရှိဘဲ အားလုံးတစ်ပြေးညီ ပူးပေါင်းဆောင်ရွက်နိုင်မည့်   Design   များဖြင့် အကောင်အထည်ဖော်       ဆောင်ရွက်ခဲ့ခြင်းဖြစ် ပါသည်။ 
မလေးရှားနိုင်ငံ၏ လယ်ယာစိုက်ပျိုးရေးကဏ္ဍ တွင် ဆင်းရဲနွမ်းပါးသူအများစုအား ခေတ်မီလယ်ယာ စနစ်လုပ်ဆောင်စေပြီး    လယ်ယာထွက်ကုန်များ အား တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် အဆင့်မြှင့်တင် ပေးနိုင်ရန်   စီမံဆောင်ရွက်ပေးလျက်ရှိသည်ကို တွေ့ရသည်။ 
မလေးရှားနိုင်ငံ၏ ဆင်းရဲနွမ်းပါးမှုပပျောက်ရေး မူဝါဒ၏နောက်ထပ်ထူးခြားချက်မှာ တိုင်းရင်းသား အုပ်စုများကြား   ဝင်ငွေကွာဟမှုကို   လျှော့ချရန် ဆောင်ရွက်ပေးခြင်းဖြစ်သည်။   မြန်မာနိုင်ငံတွင် ကျေးလက်ဒေသ စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေးလုပ်ငန်း များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ကျေးလက်ဖွံ့ဖြိုးရေး        မဟာဗျူဟာမူဘောင်ကို ရေးဆွဲချမှတ်ခဲ့ပြီး ကုလသမဂ္ဂကချမှတ်ထားသည့် Sustainable Development Goals   (SDGs)၊ နိုင်ငံတော်အစိုးရကချမှတ်ထားသည့် Myanmar Sustainable Development Plan (MSDP) တို့နှင့် အညီ ပြည်သူဗဟိုပြု ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်း များကို ကြိုးပမ်းဆောင်ရွက်နိုင်ခဲ့ပါသည်။   ၂၀၂၁ ခုနှစ်မှစတင်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သည် နိုင်ငံ၏ စီးပွားရေး၊ လူမှုရေး၊ တည်ငြိမ်အေးချမ်း ရေးအတွက် ရှေ့လုပ်ငန်းစဉ်  (၅) ရပ်နှင့်   နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးဦးတည်ချက် (၉) ရပ်ချမှတ်ပြီး လုပ်ငန်းစဉ်များကို  အချိတ်အဆက်မိမိ   အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ 
ထို့ပြင်    လယ်ယာစီးပွားကဏ္ဍမြှင့်တင်ရေး နှင့် တိုင်းဒေသကြီး/ ပြည်နယ်နှင့် ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသများ၏  စီးပွားတိုးတက်မြင့်မားရေးကို ဆောင်ရွက်နိုင်ရန်ရည်မှန်းပြီး “နိုင်ငံ့စီးပွားမြှင့်တင် ရေး ရန်ပုံငွေ” တစ်ရပ်ထူထောင်၍ စိုက်ပျိုးမွေးမြူရေးကိုအခြေခံပြီး ကုန်ထုတ်လုပ်မှုမြှင့်တင်နိုင်ရေး လုပ်ငန်းများကို စီမံဆောင်ရွက်ပေးလျက်ရှိပါသည်။
မလေးရှားနိုင်ငံ၏စီးပွားရေးတွင်   အစိုးရက ကနဦးလှုံ့ဆော်ဆောင်ရွက်ပေးရာမှ  နောက်ပိုင်းတွင် ပုဂ္ဂလိကကဏ္ဍကို တွန်းအားပေးခြင်းဖြင့် စီးပွားရေး တိုးတက်မှု၏အင်ဂျင်အဖြစ် မောင်းနှင်လာနိုင်ခဲ့ခြင်း ဖြစ်ပါသည်။   စီးပွားရေးဖွံ့ဖြိုးတိုးတက်လာခြင်း အားဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေး နိုင်ပြီး နိုင်ငံအတွင်းနေထိုင်သည့် ပြည်သူလူထု၏လူနေမှုအဆင့်အတန်းကိုပါ မြှင့်တင်ပေးနိုင်ခဲ့ခြင်း ဖြစ်သည်။  စီးပွားရေးတိုးတက်မှုမှတစ်ဆင့်  အခွန် အခများ တိုးမြင့်ရရှိလာနိုင်ပြီး ဆင်းရဲမှုပပျောက်ရေး အတွက် အရင်းအမြစ်များ ရှာဖွေဖော်ထုတ်ပေးလာနိုင်မည်ဖြစ်သည်။
နောက်ထပ်ဗျူဟာတစ်ခုမှာ    လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရ၏ အလေးပေးမှုဖြစ်သည်။        မက်ခရိုချဉ်းကပ်မှု နည်းလမ်းတွင် မိုက်ခရိုရှုထောင့်ဖြင့် ပေါင်းစပ်ထား ကြောင်း တွေ့ရသည်။   အစိုးရက   ဆင်းရဲနွမ်းပါးနှင့် ထိခိုက်လွယ်သောအုပ်စုများကို စနစ်တကျ စာရင်း ပြု၍ ငွေကြေး၊ အိမ်ရာ၊ စီးပွားရေးနှင့် အလုပ်အကိုင် အကူအညီများ ထိထိရောက်ရောက် ပံ့ပိုးပေးသည်။ မြန်မာနိုင်ငံတွင်      ထိုသို့ဆောင်ရွက်ပေးနိုင်ရန် ဦးတည်အုပ်စုများကို စစ်တမ်းကောက်ယူထားနိုင်မှု မရှိသေးပေ။
မလေးရှားနိုင်ငံ၏    စာရင်းအင်းဦးစီးဌာန၏ စာရင်းအရ ကိုဗစ်-၁၉ ဖြစ်ပွားမှု၏ နောက်ဆက်တွဲ အဖြစ် ၂၀၂၀ ပြည့်နှစ်တွင် ဆင်းရဲမှုနှုန်း ၈ ဒသမ ၄ ရာခိုင်နှုန်းအထိ ပြန်လည်မြင့်တက်လာခဲ့ရာ အစိုးရ  ၏ ဆင်းရဲမှုလျှော့ချရေး အလေးထားဆောင်ရွက်မှု၊ ကတိကဝတ်ပြုမူဝါဒများချမှတ် အကောင်အထည် ဖော်မှုနှင့်  စဉ်ဆက်မပြတ် ဆောင်ရွက်ပေးမှုများ ကြောင့်  ၂၀၂၁ ခုနှစ်တွင် ဆင်းရဲမှုနှုန်း  ၈ ဒသမ ၂ ရာခိုင်နှုန်းသို့   လျှော့ချနိုင်ခဲ့ပြီး   ၂၀၂၂  ခုနှစ်တွင် ဆင်းရဲမှုနှုန်း ၆ ဒသမ ၂ ရာခိုင်နှုန်းအထိ လျော့ကျ အောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း တွေ့ရှိရပါသည်။
လေ့လာတွေ့ရှိချက်
လေ့လာတွေ့ရှိချက်များအရ မလေးရှားနိုင်ငံ သည် လူဦးရေထူထပ်သောနိုင်ငံ ဖြစ်သော်လည်း အစိုးရသည် ဆင်းရဲမှုလျှော့ချရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးကို    အထူးအလေးပေး ကြိုးစားဆောင်ရွက်ခဲ့သည်ကို တွေ့ရှိရပါသည်။  ဆင်းရဲ နွမ်းပါးမှုပပျောက်ရေးကို ဆောင်ရွက်ရာတွင် နိုင်ငံတွင်းသာလွန်ကောင်းမွန်သော   စီးပွားရေး စွမ်းဆောင်နိုင်မှုရှိမှသာ အောင်မြင်နိုင်မည်ဖြစ်သည် ကိုလည်း သတိပြုမိရပါသည်။ ဆင်းရဲမှုလျှော့ချရေး ဆောင်ရွက်မှုများထဲတွင်     စီးပွားရေးပုံစံသစ်ကို ရေးဆွဲဖော်ဆောင်ခြင်း၊ နိုင်ငံနှင့်ကိုက်ညီသည့် မူဝါဒ များ ချမှတ်ကျင့်သုံးခြင်း၊ ဆင်းရဲနွမ်းပါးသည့် ထိခိုက် လွယ်အုပ်စုများကို ဖော်ထုတ်၍     ဦးတည်ချက်ထား ဆောင်ရွက်ခြင်း၊ ပုဂ္ဂလိကကဏ္ဍကို တွန်းအားပေး ခြင်း၊ အရည်အသွေးပြည့်မီသော လုပ်သားအင်အား ကို ပြုစုပျိုးထောင်ပေးခြင်းနှင့်     နိုင်ငံခြားသား အလုပ်သမားအပေါ် မှီခိုအားထားမှု လျှော့ချခြင်းတို့ အပြင် စက်မှုလုပ်ငန်းဖွံ့ဖြိုးရေး     ဦးတည်ဈေးကွက် စီးပွားရေးစနစ်သို့ ပြောင်းလဲဖော်ဆောင်နိုင်ခြင်း ကြောင့်   အချိန်တိုအတွင်း ဆင်းရဲနွမ်းပါးမှုနှုန်းကို သိသိသာသာလျှော့ချပေးနိုင်ခဲ့ကြောင်း  တွေ့ရှိရပါ သည်။  မြန်မာနိုင်ငံတွင်လည်း နိုင်ငံနှင့်ကိုက်ညီသည့် မူဝါဒများကို ချမှတ်ကျင့်သုံးပြီး   ဆင်းရဲမှုလျှော့ချရေး နှင့် ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများ    ကြိုးပမ်း ဆောင်ရွက်လျက်ရှိရာ   ပြည်သူလူထုအားလုံးက   စည်းလုံးညီညွတ်စွာဖြင့်   ပူးပေါင်းပါဝင်ဆောင်ရွက် ကြမည်ဆိုလျှင် ဆင်းရဲမှုမှလွတ်ကင်းပြီး သာယာ ဝပြောသည့်   လူမှုဘဝများ ပိုင်ဆိုင်နိုင်ကြမည်မှာ   မလွဲဧကန်ဖြစ်ပါကြောင်း     တိုက်တွန်းရေးသား    တင်ပြလိုက်ရပါသည်။      ။

    ရည်ညွှန်းကိုးကားချက်    
    -    https://www.macrotrends.net/countries/MYS/malaysia/clean-water-access-stati-stics
    -    https://www.thestar.com.my/news/nation/ 2023/07/30/data-crucial-in-shaping-policies-to-raise-income
    -    https://en.wikipedia.org/wiki/Malaysia
    -    https://tradingeconomics.com/malaysia/gdp
    -    Dr.Mohd and Dr.John (2015): Poverty Alleviation Strategies and New Economic Model in Malaysia
    -    Treasury (2011), Treasury Economic Report 2011-2012, Putrajaya: Government Printer.
    -    Xavier, J.A. and Ahmed, Z.U. (2012), A Scholarly Research Agenda for Tran-sforming
        Malaysia into a Model Developing Country. International Journal of Public Sector
        Management, Vol. 25 Iss: 3 pp. 231 – 243. 
    -    Yeah, K.M (2010). Moving up the value chain. Paper presented at the 15th Civil Service Conference, 1-3 December 2010, National Institute of Public Admini-stration (INTAN), Kuala Lumpur.