“မိုခါ” မုန်တိုင်းဒဏ်သင့်ရခိုင်ဒေသ ပြန်လည်ထူထောင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ချက်များ (၁၆) (လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန)

Type
4

 

မြင့်စိုး(နတလ)

ဝန်ကြီးဌာနမူဝါဒနှင့် ရည်မှန်းချက်
နိုင်ငံအတွင်း     သဘာဝဘေးအန္တရာယ်တစ်ခုခုနှင့် ရင်ဆိုင်တွေ့ကြုံလာရသည့်အခါတိုင်း  ရှေ့တန်းကျကျ မားမားမတ်မတ်ရပ်တည် ကာကွယ်စောင့်ရှောက် ပေးသော ဝန်ကြီးဌာနကိုပြောပါဆိုလျှင်  လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာနကို ညွှန်ပြရပေလိမ့်မည်။ အဆိုပါဝန်ကြီးဌာန အနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ    ဒုတိယဝန်ကြီးချုပ်ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်နေသော အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီကို   အဓိက တာဝန်ခံရသောဌာနလည်း ဖြစ်ပေသည်။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်   ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန၏  မူဝါဒများမှာ    အောက်ပါအတိုင်းဖြစ်ပါ သည်-
    (က)        အားလုံးအကျုံးဝင်ပြီး ရေရှည်တည်တံ့ မှုရှိသည့် လူမှုကာကွယ်စောင့်ရှောက်ရေး နည်းလမ်းများဖြင့်    ပြည်သူလူထု လွတ်လပ်လုံခြုံစွာ ဖွံ့ဖြိုးတိုးတက်စေရန် နှင့်  လူ့ဂုဏ်သိက္ခာအပြည့်အဝရရှိနိုင်မည့်       လူမှုအသိုက်အဝန်းတစ်ရပ် တည်ဆောက်ရန်။
    ( ခ )        ထိရောက်သော  ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းအစီအစဉ်များ     ချမှတ် ဆောင်ရွက်ခြင်းဖြင့်  ဘေးအန္တရာယ်များကို ကြံ့ကြံ့ခံ ရင်ဆိုင်တုံ့ပြန်နိုင်စွမ်းရှိသော လူမှုအသိုက်အဝန်း    ဖြစ်ပေါ်လာစေရန် နှင့် ဘေးဒဏ်ခံစားရသော ပြည်သူများ ပိုမိုကောင်းမွန်သည့်  လူနေမှုဘဝရရှိရန်။
    ( ဂ )        ကာကွယ်စောင့်ရှောက်ရန် လိုအပ်သော ပြည်သူ ပြည်သားများအတွက် ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက် ခြင်းဖြင့် သာတူညီမျှသည့်   လူမှုစီးပွားဘဝ ရရှိခံစားစေရန်။
    (ဃ)        ပြည်သူလူထု၊     စေတနာ့ဝန်ထမ်းလူမှု အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများနှင့် ပွင့်လင်းမြင်သာစွာ ပူးပေါင်းဆောင်ရွက် ခြင်းဖြင့် စဉ်ဆက်မပြတ်     ဖွံ့ဖြိုးမှု ပန်းတိုင်များ ပြည့်မီစေရေး   ဦးတည် ဆောင်ရွက်ရန်။
ဝန်ကြီးဌာန၏ မျှော်မှန်းချက်မှာ “ လူသားအားလုံး အကျုံးဝင်သော သာတူညီမျှရှိပြီး ရေရှည်တည်တံ့မှု ရှိသည့် လူမှုကာကွယ်စောင့်ရှောက်ရေးစနစ်ဖြင့် ပြည်သူများ၏ လူမှုစီးပွားဘဝမြှင့်တင်ရေး ဆောင်ရွက် ရန်နှင့် ပိုမိုဘေးကင်းလုံခြုံ၍ သဘာဝဘေးအန္တရာယ် များမှ ခံနိုင်ရည်ရှိသည့် မြန်မာနိုင်ငံ ဖြစ်လာစေရန်” ဟူ၍ ဖြစ်ပါသည်။ 
ဝန်ကြီးဌာန၏ မူဝါဒများနှင့် မျှော်မှန်းချက်ကို အောင်မြင်အောင် အကောင်အထည်ဖော်  ဆောင်ရွက် နိုင်ရေးအတွက် အောက်ပါဦးစီးဌာနများအား ဖွဲ့စည်း ထားရှိပါသည်-
    (က)    လူမှုဝန်ထမ်းဦးစီးဌာန
    (ခ)     ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန
    (ဂ)    ပြန်လည်ထူထောင်ရေးဦးစီးဌာန
“မိုခါ” မဝင်ရောက်မီ ကြိုတင်ပြင်ဆင်ဆောင်ရွက်မှုများ
နိုင်ငံတော်အကြီးအကဲက ရခိုင်ပြည်နယ်အပြင် မုန်တိုင်းတိုက်ခတ်  သက်ရောက်နိုင်ခြေရှိသော ဧရာဝတီတိုင်းဒေသကြီး၊   ရန်ကုန်တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊     စစ်ကိုင်း တိုင်းဒေသကြီး စသည်တို့အတွက် လိုအပ်သော လမ်းညွှန်ချက်များ ပေးခဲ့သည်။ 
ရခိုင်ပြည်နယ်သို့ “မိုခါ” မုန်တိုင်းမဝင်ရောက်မီ ၂၀၂၃ ခုနှစ် မေလ ၆ ရက်နေ့တွင် အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ   စီမံခန့်ခွဲမှုကော်မတီသည် အရေးပေါ်အစည်းအဝေးကျင်းပ၍    လိုအပ်သည့် ညွှန်ကြားချက်များ ထုတ်ပြန်ပေးခဲ့သည်။ မေလ ၈ ရက်နေ့တွင်   သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှု ဗဟိုဌာန DMC ကို စတင်ဖွင့်လှစ်ခဲ့ပါသည်။ ထို့အတူ နယ်မြေအလိုက်  ကြိုတင်ပြင်ဆင်တုံ့ပြန်ရေး ဆိုင်ရာလုပ်ငန်းများအတွက်  သက်ဆိုင်ရာ ပြည်နယ်/တိုင်းဒေသကြီးအစိုးရအဖွဲ့များနှင့်   အသေးစိတ် ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
မေလ ၆ ရက်နေ့ကျင်းပပြုလုပ်သည့် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ အရေးပေါ် အစည်းအဝေးဆုံးဖြတ်ချက်များသည်    အချိန်နှင့် တစ်ပြေးညီ ကြိုတင်ပြင်ဆင်    ဆောင်ရွက်ရမည့် လုပ်ငန်းလမ်းညွှန်ချက်များပင် ဖြစ်သည်။ 
ယင်းလမ်းညွှန်ချက်များထဲမှာ   ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊       မကွေးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးသို့   အရန် ဆန်ရိက္ခာများ     သတ်မှတ်အရေအတွက်အတိုင်း ပေးပို့ထားရန်၊ ရေသန့်စင်သည့်စက်များ၊ ရေသန့် ဆေးများ၊ ကယ်ဆယ်ရေးပစ္စည်းများကို     မုန်တိုင်း ဘေးသင့်ဒေသများ၏    လိုအပ်ချက်ပေါ်မူတည်၍ လိုအပ်သလို      ကြိုတင်ဖြန့်ခွဲပေးပို့ထားရန်၊ ရခိုင်ပြည်နယ်သို့ ကယ်ဆယ်ထောက်ပံ့ရေးပစ္စည်းများ ပို့ဆောင်နိုင်ရေးအတွက် ရန်ကုန်၊ မကွေး၊ ပြည် အစ ရှိသည့် ဒေသများရှိ သယ်ယူပို့ဆောင်ရေးဆောင်ရွက် နိုင်မည့် မော်တော်ယာဉ်စာရင်းများအား    သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဗဟိုဌာနသို့ ပြုစု ပေးပို့ရန်၊ ကော်မတီအလိုက် လိုအပ်သည့်  ကြိုတင် ပြင်ဆင်ရေး၊    တုံ့ပြန်ရေးဆိုင်ရာ   လိုအပ်မည့် စက်ပစ္စည်းကိရိယာများ၊  အထောက်အကူပြုပစ္စည်း များကို ကြိုတင်စုစည်း ပြင်ဆင်စုဆောင်းစီမံထားကြရန်၊ နယ်မြေဒေသအလိုက်    နေအိမ်များ၊  အများပိုင် အဆောက်အအုံများ၏  ကြံ့ခိုင်ရေးကို ကြိုတင်စိစစ် ပြင်ဆင်ဆောင်ရွက်ကြရန်၊ အရေးပေါ် ကာလအတွင်း စားနပ်ရိက္ခာပြတ်လပ်မှုမရှိစေရေး ကြိုတင်တွက်ချက်၍ အစီအမံများတွင် ထည့်သွင်းရေးဆွဲရန်၊ စားသောက် ကုန်ပစ္စည်းသိုလှောင်ရာနေရာများ    ပျက်စီးမှုဖြစ်ပြီး ပစ္စည်းပြတ်လပ်မှုများ၊ ကုန်ဈေးနှုန်းကြီးမြင့်မှုများ မဖြစ်ပေါ်စေရေးအတွက် လိုအပ်သောပြောင်းရွှေ့မှုများ၊ စီမံခန့်ခွဲမှုများ ဆောင်ရွက်နိုင်ရေး ကုန်သည်ကြီးများ အသင်းကဲ့သို့သော     စီးပွားရေးလုပ်ငန်းများကို ညွှန်ကြားမှုပြုရန် ဟူသည့် လမ်းညွှန်ချက်များအပါအဝင် ကော်မတီအသီးသီးက  လိုက်နာအကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြသည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ လုပ်ငန်းများစွာ  ရှိခဲ့ပါသည်။
ဦးစီးဌာနများအကြောင်းတစေ့တစောင်း          
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများထဲက ဘေးစီမံဟု အတိုခေါက်ခေါ်နေကြသည့် ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၏   သမိုင်းကြောင်းကို လေ့လာကြည့်မိသောအခါ မနေ့တစ်နေ့ကမှ ဖွဲ့စည်း ပေါ်ပေါက်လာသော ဌာနမဟုတ်ကြောင်း သိခွင့်ရခဲ့ ပါသည်။ ၁၉၄၅ ခုနှစ်ကတည်းက တစ်နည်းပြောရလျှင် ဂျပန်ခေတ်ကတည်းက လူမှုရေးရာနှင့် ပြန်လည် ထူထောင်ရေး ညွှန်ကြားရေးဝန်ရုံးအဖြစ် ဖွင့်လှစ် ထားရှိနေပြီဖြစ်ကြောင်း တွေ့ရသည်။ ၁၉၄၈ ခုနှစ် တွင် ပညာရေး၊ လူမှုရေးနှင့်ပြန်လည်ထူထောင်ရေး ဝန်ကြီးဌာနအဖြစ် လည်းကောင်း၊ ၁၉၅၁ ခုနှစ်တွင် ပညာရေး၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအဖြစ်လည်းကောင်း၊ ၁၉၅၂ ခုနှစ်တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာနအဖြစ်လည်းကောင်း၊ ၁၉၅၇ ခုနှစ်တွင် ကယ်ဆယ် ရေး၊     ပြန်လည်နေရာချထားရေးနှင့် အမျိုးသား စည်းလုံးညီညွတ်ရေးဝန်ကြီးဌာနအဖြစ် လည်းကောင်း ဖွဲ့စည်းဆောင်ရွက်ခဲ့ကြောင်း     သိရှိရသည်။ ထိုမှ လူမှုဝန်ထမ်းဝန်ကြီးဌာနအောက်တွင် ၁၉၇၂ ခုနှစ်မှ ၁၉၉၂ ခုနှစ်အတွင်း    ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဦးစီးဌာနအဖြစ်     ပါဝင်လာခဲ့ပြီး ၂၀၁၈ ခုနှစ်မှစ၍ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန ဖြစ်လာခဲ့သည်။ ဆိုရသော်…. ဘေးစီမံဦးစီး ဌာနသည် သမိုင်းကြောင်းရှည်လျားစွာ ရပ်တည်လာခဲ့ သော ဦးစီးဌာနတစ်ခုအဖြစ် ဂုဏ်ယူဖွယ်ရာ တွေ့ရှိရပါ သည်။
လူမှုဝန်ထမ်းဦးစီးဌာနကမူ     ကျွန်တော်နှင့် မစိမ်းလှသလို ကျေးဇူးရှိခဲ့ဖူးသော     ဌာနအဖြစ် မှတ်ယူပါသည်။ ကျွန်တော့်ရွာနားက လှော်ကထား အလကကျောင်းမှာ ၈ တန်းအောင်ခဲ့သည်။ ၉ တန်း ၁၀ တန်းကို   သူများတွေလို မြို့ကြီးပြကြီးတွေမှာ သွားမတက်နိုင်၊ တက်နိုင်အောင်လည်း ဘယ်မြို့မှာမှ အမျိုးအဆွေမရှိခဲ့။ အနီးဆုံးက  လေးမျက်နှာမြို့၊ ထိုမြို့မှာနေထိုင်ဖို့ကလည်း    ပျံလွန်တော်မူသွားပြီ ဖြစ်သော ဘကြီးဘုန်းကြီးသီတင်းသုံးခဲ့ရာ ဒက္ခိဏာရုံ ဘုန်းတော်ကြီးကျောင်းပဲရှိသည်။      ထိုအချိန် ထိုကာလက လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာတွေ ဘာတွေ   ခေတ်မစားသေး၊   ဘယ်သူမှမခေါ်ကြ၊ ဒက္ခိဏာရုံပရဟိတကျောင်းအဖြစ်သာ လူသိများခဲ့ သည်။ ဤပရဟိတကျောင်းတွင် နှစ်နှစ်သွားရောက် နေထိုင်၍ လေးမျက်နှာမြို့ စတုမုခထူပါရုံစေတီတော် မြတ်ကြီး တည်ရှိရာ ဘုရားကြီးပိုင်းရှိ အထကကျောင်း မှာ    တက်ရောက်ပညာသင်ခဲ့ရသည်။    ဆရာကြီး ဦးပညာလောက၊ ဆရာတော်   ဦးဇောတိပါလတို့၏ လာဘ်လာဘများ၊       လူမှုဝန်ထမ်းဦးစီးဌာန၏ နှစ်စဉ်ထောက်ပံ့ပေးမှုများနှင့်  ကျွန်တော်တို့ ကျောင်းသားအားလုံး ရှင်သန်ရပ်တည်ခဲ့ကြသည်။ ကျေးဇူးကြီးခဲ့ပါသည်။ ဆရာတော်များနှင့်     လူမှု ဝန်ထမ်းဦးစီးဌာန။ ပရဟိတကျောင်း၏ ကျေးဇူးက ထိုမျှမကသေးပါ။     တိုင်းရင်းသားသူငယ်ချင်းများ နှင့်အတူ နေထိုင်ခွင့်ရခဲ့သဖြင့် ငယ်စဉ်ကပင် ရှမ်း၊ ပအိုဝ်း၊ ကယား၊ ကယန်းပဒေါင်၊ ကရင် အစရှိသော တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုများကို သိမြင် လေ့လာခွင့်ရခဲ့သည်။ ထို့ပြင် တဝ ၉ တန်း၊ ၁၀ တန်း ကျောင်းသားများက ခေါင်းဆောင်၍ လယ်တွေ ကိုင်းတွေ    လုပ်ခဲ့ရသည်။ ကျွဲတွေ၊   နွားတွေနှင့် ထွန်ယက်သည့် ၁၉၇၅၊ ၇၆ ခုနှစ်တွေမှာ ထယ်နှင့် ထွန်ကိုမနိုင်သဖြင့် လယ်ထွန်ခြင်းအလုပ်ကို  မလုပ် နိုင်ကြသည်မှလွဲ၍  ပျိုးနုတ်ခြင်း၊  ကောက်စိုက်ခြင်း၊   တမန်းနှိုးခြင်း၊ ကောက်ရိတ်၊ တလင်းနယ်၊ စပါးလှေ့ စသည့်အလုပ် တွေကို အားလုံးလုပ်ခဲ့ဖူးသည်။  ထွက်လာသည့် စပါးတွေကို    ဆန်စက်သွားပို့၊    ကြိတ်ခွဲပြီး  ရသည့် ဆန်တွေကို ပြန်ထမ်းပြီး ကျောင်းက ဂိုဒေါင်ထဲထည့်၊ ထိုဆန်ကိုပဲ    ကျွန်တော်တို့    ဒယ်အိုးကြီးများနှင့် ချက်စားခဲ့ကြတာတွေ၊ စပါးသိမ်းပြီး လယ်တွေထဲမှာ ဗိုလ်ကိတ်ပဲ၊ မတ်ပဲတွေ  ဆက်စိုက်ခဲ့ရတာတွေ အားလုံး အမှတ်ရပါသည်။ ပရဟိတစိတ်ဓာတ်၊  ခေါင်းဆောင်မှု၊ လုပ်ငန်းအတွေ့အကြုံများ  ရရှိခဲ့သော နေရာဌာနတစ်ခု    ဖြစ်ခဲ့သလို စစ်တက္ကသိုလ် ဗိုလ်လောင်းဖြစ်ခဲ့ခြင်းသည် လည်း ပရဟိတကျောင်း၏ကျေးဇူးမကင်းဟု   အမြဲ မှတ်ယူခဲ့ပါသည်။ “မိုခါ”မှသည်  လူမှုဝန်ထမ်းဦးစီး ဌာနအကြောင်း စကားစပ်မိရင်းက   ကျွန်တော်၏ ငယ်ဘဝအကြောင်းတွေကို ပြောပြမိနေပါပကော။ သည်းခံခွင့်လွှတ်တော် မူကြပါကုန်။ 
ဘဏ္ဍာငွေများရှာဖွေထိန်းသိမ်းဖြန့်ခွဲပေးလှူ
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုကော်မတီ၏အောက်တွင်    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်     ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက    တာဝန်ယူဆောင်ရွက်ရသော ကော်မတီတစ်ခုမှာ       ဘဏ္ဍာငွေရှာဖွေရေးနှင့် ထိန်းသိမ်းရေးလုပ်ငန်းကော်မတီ       ဖြစ်ပါသည်။ ယင်းကော်မတီအနေဖြင့်   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏       လမ်းညွှန်ချက်များနှင့်အညီ နိုင်ငံတကာအကူအညီ အထောက်အပံ့များကို စနစ်တကျလက်ခံရယူ ဖြန့်ဝေလှူဒါန်းထောက်ပံ့ ပေးသကဲ့သို့၊ ပြည်တွင်းမှ စေတနာရှင် အလှူရှင်များ၏ လှူဒါန်းမှုများကိုလည်း  လက်ခံရယူခဲ့ပါသည်။ ယင်းကော်မတီသို့ လှူဒါန်းသည့် နိုင်ငံတကာအလှူရှင် များထဲတွင် AHA Centre၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အစိုးရ၊  အိန္ဒိယနိုင်ငံအစိုးရ၊   ဘင်္ဂလားဒေ့ရှ်နိုင်ငံအစိုးရ၊ အင်ဒိုနီးရှားနိုင်ငံအစိုးရ၊    သီရိလင်္ကာနိုင်ငံအစိုးရ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ယူနန်အပြည်ပြည်ဆိုင်ရာ ချစ်ကြည်ရေးအသင်း၊ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံ သားများ၊တရုတ်နိုင်ငံသံရုံး၊  ထိုင်းနိုင်ငံ  တော်ဝင် မိသားစု၊ ထိုင်းကြက်ခြေနီအသင်း၊  ထိုင်း-မြန်မာ ချစ်ကြည်ရေးအသင်း၊    ထိုင်းပုဂ္ဂလိကကုမ္ပဏီများ၊ ပါကစ္စတန်သံရုံး၊    Thai Red  Cross Society (ထိုင်းနိုင်ငံ)၊ Board of Trade  (ထိုင်းနိုင်ငံ)၊   PTT (ထိုင်းနိုင်ငံ)၊ Jelly Ohmmy Company (ထိုင်းနိုင်ငံ)၊    Sea Valued Company (ထိုင်းနိုင်ငံ)၊  ဦးဝမ်ကျားဟွာ DV Group (ကမ္ဘောဒီးယားနိုင်ငံ)၊ Global Pharma Healthcare PVT LTD (အိန္ဒိယနိုင်ငံ)၊ Siam Cement Group (ထိုင်းနိုင်ငံ)၊ Yunnan Commercial Representative Office in Myanmar တို့ ပါဝင် ကြောင်း တွေ့ရသည်။ 
ASEAN – ERAT အဖွဲ့ဝင်များ ရခိုင်ပြည်နယ်သို့ သွားရောက်လေ့လာ
ဆိုင်ကလုန်းမုန်တိုင်း “မိုခါ”     မြန်မာနိုင်ငံသို့ ဝင်ရောက်တိုက်ခတ်သွားပြီးနောက်    အာဆီယံ အရေးပေါ်တုံ့ပြန်ရေးနှင့်     ဆန်းစစ်လေ့လာရေးအဖွဲ့ (ASEAN – ERAT )မှ အဖွဲ့ဝင် ၁၀ ဦး၊    မြန်မာနိုင်ငံ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ERAT အဖွဲ့ဝင် ၄ ဦး စုစုပေါင်း ၁၄ ဦးတို့သည်  ၂၀၂၃ ခုနှစ် မေ ၂၁ ရက်မှ ၂၆ ရက်အထိ    ရခိုင်ပြည်နယ် စစ်တွေမြို့နယ်၊ ရသေ့တောင်မြို့နယ်၊ ကျောက်တော် မြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်များသို့ သွားရောက်၍ ကနဦး လိုအပ်ချက် ဆန်းစစ်လေ့လာမှုများ ပြုလုပ် ခဲ့သည်။ ယင်းသို့ပြုလုပ်ရာတွင် မျက်မြင်လေ့လာခြင်း၊ အဖွဲ့လိုက်မေးမြန်းခြင်း၊       တာဝန်ရှိသူများအား တွေ့ဆုံမေးမြန်းခြင်း၊ Secondary Data များကို လေ့လာခြင်းများပြုလုပ်၍ အစားအစာနှင့် အာဟာရ၊ အမိုးအကာနှင့် အစားအစာမဟုတ်သော ပစ္စည်းများ၊ ရေနှင့် တစ်ကိုယ်ရေသန့်ရှင်းရေး၊ ကျန်းမာရေး၊ အသက်မွေးဝမ်းကျောင်းကဏ္ဍ၊ ပညာရေးကဏ္ဍ၊ အများပိုင်လုပ်ငန်းနှင့်  အခြေခံအဆောက်အအုံ လိုအပ်ချက်တို့ကို  ဆန်းစစ်လေ့လာ တင်ပြခဲ့ပါသည်။ ကာလလတ်နှင့် ကာလရှည် ဆောင်ရွက်ပေးရမည့် လုပ်ငန်းများဟူ၍ ခွဲခြားဖော်ပြပေးခဲ့သည်။ 
PSS အဖွဲ့များ ဖွဲ့စည်းဆောင်ရွက်
သဘာဝဘေးတစ်ခု   ကျရောက်လာပြီဆိုလျှင် လူ၊ တိရစ္ဆာန် ထိခိုက်ဆုံးရှုံးမှု၊ အဆောက်အအုံများ ထိခိုက်ပျက်စီးမှုတို့ကို အနည်းနှင့်အများ ကြုံကြရ သည်။ ထိုသို့သော   ထိခိုက်ပျက်စီးဆုံးရှုံးမှုများနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ကြရသည့် (ထိခိုက်လွယ်အုပ်စုဟု သတ်မှတ်ထားသည့်) ကလေးသူငယ်၊   အမျိုးသမီး ဦးဆောင်သူ၊  မသန်စွမ်းသူ၊    သက်ကြီးရွယ်အိုများ အနေဖြင့် စိတ်ပိုင်းဆိုင်ရာခံစားမှုများ ဖြစ်ပေါ်လာ နိုင်ပါသည်။ ယင်းသို့သော စိတ်ပိုင်းဆိုင်ရာခံစားမှုများ လျော့နည်းပပျောက်စေရန်  နှစ်သိမ့်ဆွေးနွေးခြင်း၊ စိတ်လူမှုရေးပိုင်းဆိုင်ရာ ပံ့ပိုးကူညီခြင်း၊      လိုအပ် သည်တို့ ချိတ်ဆက်ဆောင်ရွက်ပေးခြင်း စသည်တို့ အတွက် လူမှုဝန်ထမ်းဦးစီးဌာန၏ အခန်းကဏ္ဍသည် အရေးကြီးသောနေရာမှ ပါဝင်ခဲ့သည်။ လူမှုဝန်ထမ်း ဦးစီးဌာနသည် “စိတ်လူမှုရေးပိုင်းဆိုင်ရာ ပံ့ပိုးမှုအဖွဲ့ (Psycho Social Care and Support Team) PSS အဖွဲ့များ  ဖွဲ့စည်းကူညီဆောင်ရွက်ပေးခဲ့သည်။ ယင်းအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ရသည့် ရည်ရွယ် ချက်မှာ အောက်ပါအတိုင်းဖြစ်ပါသည်-
    (က)    နှစ်သိမ့်ဆွေးနွေးခြင်း၊  စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးကူညီပေးခြင်းဖြင့်  စိတ်ဖိစီးမှုများ၊ စိတ်ဒဏ်ရာများ၊ တဖြည်းဖြည်းလျော့နည်း ပပျောက်သွားစေရန်၊
    ( ခ )    သဘာဝဘေးဒဏ်သင့် ရပ်ကွက်၊ ကျေးရွာ များသို့ မြေပြင်ကွင်းဆင်းသွားရောက် ဆောင်ရွက်ခြင်းဖြင့် ပကတိအခြေအနေမှန် နှင့် မှန်ကန်သည့် သတင်းအချက်အလက် များ၊   လိုအပ်သည့်   ချိတ်ဆက်မှုများ မြန်ဆန်စွာ ဆောင်ရွက်နိုင်ရန်။
ရခိုင်ပြည်နယ် “မိုခါ” မုန်တိုင်းဒဏ်သင့်ဒေသများ အတွက် PSS အဖွဲ့များကို အောက်ပါအတိုင်း ဖွဲ့စည်း စေလွှတ် ဆောင်ရွက်ခဲ့ပါသည်-
    (က)    ဒုတိယညွှန်ကြားရေးမှူး ဦးကျော်သူနိုင်နှင့် အဖွဲ့ဝင်များသည် ဇွန်လ ၂၆ ရက်နေ့မှ ဇူလိုင်လ ၉ ရက်နေ့အထိ စစ်တွေမြို့နယ် ရပ်ကွက်၊       ကျေးရွာအုပ်စုများ၌ လည်းကောင်း၊
    (ခ)    ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်သန္တာနှင့် အဖွဲ့ဝင်များသည် ဇူလိုင်လ ၈ ရက်နေ့မှ ၂၁ ရက်နေ့အထိ   ရသေ့တောင်မြို့နယ် ရပ်ကွက်၊       ကျေးရွာအုပ်စုများ၌ လည်းကောင်း၊
    (ဂ)    လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှိုင်သဇင်ကျော်နှင့် အဖွဲ့ဝင်များသည် ဇူလိုင်လ ၁၃ ရက်နေ့မှ ၂၆ ရက်နေ့အထိ ကျောက်တော်မြို့နယ်       ရပ်ကွက်၊ ကျေးရွာအုပ်စုများ၌ လည်းကောင်း၊
    (ဃ)    လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေဦးနှင့် အဖွဲ့ဝင်များသည် ဇူလိုင်လ ၁၃ ရက်နေ့မှ  ၂၆ ရက်နေ့အထိ မြောက်ဦးမြို့နယ် ရပ်ကွက်၊ ကျေးရွာ အုပ်စုများ၌လည်းကောင်း၊
    (င)    ဦးစီးအရာရှိ ဒေါ်နီနီမြင့်နှင့် အဖွဲ့ဝင်များသည် ဇူလိုင်လ ၂၃ ရက်နေ့မှ ဩဂုတ်လ ၅ ရက်နေ့အထိ မင်းပြားမြို့နယ် ရပ်ကွက်၊ ကျေးရွာအုပ်စုများ၌လည်းကောင်း၊
    (စ)    ဦးစီးအရာရှိ     ဒေါ်အေးစန္ဒာလှိုင်နှင့် အဖွဲ့ဝင်များသည် ဇူလိုင်လ ၂၃ ရက်နေ့မှ ဩဂုတ်လ ၅ ရက်နေ့အထိ   မြေပုံမြို့နယ် ရပ်ကွက်၊       ကျေးရွာအုပ်စုများ၌ လည်းကောင်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြ ပါသည်။
ဂုဏ်ပြုဖော်ပြအပ်ပါသည်
၂၀၂၃ ခုနှစ် မေလ ၁၄ ရက်နေ့က အင်အားပြင်း ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” သည် ရခိုင်ပြည်နယ်အတွင်း ဝင်ရောက်တိုက်ခတ်ခဲ့ရာ ပြည်နယ်အတွင်းရှိ မြို့နယ် ၁၇ မြို့နယ်အနက် စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ပေါက်တော၊    မြေပုံ၊ မင်းပြား၊    ကျောက်တော်၊ မြောက်ဦး၊ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များ၌ ထိခိုက်ပျက်စီးမှု   များပြားခဲ့သည်။   နိုင်ငံတော် အကြီးအကဲလမ်းညွှန်မှု၊ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ ကြီးကြပ် ကွပ်ကဲမှု၊ ဝန်ကြီးဌာနများနှင့် ရခိုင်ပြည်နယ်အစိုးရ အဖွဲ့တို့၏လက်တွဲညီညီ  ပူးပေါင်းဆောင်ရွက်မှု၊ မြို့နယ်အလိုက် တာဝန်ပေးထားသော   တပ်မတော် အရာရှိကြီးများ၏ အနီးကပ်ကြပ်မတ် ဆောင်ရွက်မှု၊ လူမှုရေးအသင်းအဖွဲ့များ၏ စိတ်ရင်းစေတနာထက်သန် မှု၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ် အစရှိသော ဝန်ထမ်း များ၏ မွန်မြတ်သော ပေးဆပ်မှုတို့ဖြင့် အကောင်းဆုံး တုံ့ပြန်နိုင်ခဲ့သလို     အချိန်ကာလတိုအတွင်းမှာပင် မြို့နယ်အသီးသီး၌ မူလအခြေအနေထက် ပိုမိုသာလွန် ကောင်းမွန်အောင် ကူညီကယ်ဆယ်ထောက်ပံ့ရေးလုပ်ငန်းများ၊ ပြန်လည်တည်ဆောက်ရေးလုပ်ငန်း များကို ဆောင်ရွက်ပေးနိုင်ခဲ့သည်။
ယင်းသို့ ဆောင်ရွက်ရာတွင်    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများနှင့်အတူ အမြဲတမ်းအတွင်းဝန် ဒေါက်တာကိုကိုနိုင်၊ လူမှုဝန်ထမ်း ဦးစီးဌာန    ညွှန်ကြားရေးမှူးချုပ်    ဒေါက်တာ စန်းစန်းအေးနှင့် ဝန်ထမ်းများ၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန       ညွှန်ကြားရေးမှူးချုပ် ဒေါ်လဲ့လဲ့အေးနှင့် ဝန်ထမ်းများ၊ ပြန်လည်ထူထောင်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော်နှင့် ဝန်ထမ်းများသည်လည်း မိမိတို့ဝန်ကြီးဌာန၏  မူဝါဒ၊ လုပ်ငန်းစဉ်၊ ရည်မှန်းချက်များနှင့်အညီ     ဝိုင်းဝန်း ကြိုးပမ်းထမ်းဆောင်ခဲ့ကြပါသည်။      ယင်းသို့ ဆောင်ရွက်ခဲ့မှုများအတွက်      ရခိုင်ပြည်နယ်ရှိ တိုင်းရင်းသား သွေးချင်းများကလည်း အမြဲထာဝရ   ကျေးဇူးတင်ဝမ်းမြောက်လျက်ရှိနေမည် ဖြစ်ပါကြောင်း    ဂုဏ်ပြုရေးသားတင်ပြအပ်ပါသည်။   ။