
နေပြည်တော် အောက်တိုဘာ ၁၂
တပ်မတော်(လေ) ၏ လေယာဉ်မောင်း သင်တန်း အမှတ်စဉ်(၈၅) ကျောင်းဆင်း တောင်ပံအပ်နှင်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မိတ္ထီလာမြို့၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကိုယ်စား ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီးထွန်းအောင် တက် ရောက် မိန့်ခွန်းပြောကြားသည်။
အဆိုပါ အခမ်းအနားသို့ ကာကွယ် ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကိုဦး၊ ဒုတိယဗိုလ်ချုပ်ကြီး ထိန်ဝင်း၊ စစ်ဦးစီးအရာရှိချုပ် (လေ) ဒုတိယ ဗိုလ်ချုပ်ကြီး ဇော်ဝင်းမြင့်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကြည်ခိုင်၊ တပ်မတော်(လေ)မှ အရာရှိကြီးများ၊ မိတ္ထီလာတပ်နယ်မှ အရာရှိကြီးများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ ကျောင်းဆင်းတပ်ခွဲနှင့် ဂုဏ်ပြု တပ်ခွဲများက စစ်ရေးပြကွင်းအတွင်း ချီတက်နေရာယူကြပြီး နိုင်ငံတော်အလံ အား အလေးပြုကြသည်။
ယင်းနောက် ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင် ရောက်ရှိ လာပြီး ကျောင်းဆင်းတပ်ခွဲနှင့် ဂုဏ်ပြု တပ်ခွဲများ၏ အလေးပြုခြင်းကို ခံယူ၍ ကျောင်းဆင်းတပ်ခွဲနှင့် ဂုဏ်ပြုတပ်ခွဲများ ကို စစ်ဆေးသည်။
ချီတက်အလေးပြု
ထို့နောက် ကျောင်းဆင်းတပ်ခွဲနှင့် ဂုဏ်ပြုတပ်ခွဲများက ကာကွယ်ရေး ဦးစီးချုပ်(လေ) အား အနှေးလျှောက်၊ အမြန်လျှောက်တို့ဖြင့် ချီတက်အလေးပြု ကြသည်။
ယင်းသို့ တပ်ခွဲများက အနှေး လျှောက်၊ အမြန်လျှောက်ဖြင့် ချီတက် အလေးပြုကြစဉ် နည်းပြလေသူရဲများက အမောင်းသင်လေယာဉ်များ၊ အမောင်းသင် ရဟတ်ယာဉ်များဖြင့် အုပ်ဖွဲ့ပျံသန်း၍ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်အား အလေးပြုကြသည်။
ထို့နောက် ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်က ကျောင်းဆင်းအရာရှိများအား လေသူရဲ တောင်ပံများကို တစ်ဦးချင်းအပ်နှင်းသည်။
ထူးချွန်ဆုများပေးအပ်ချီးမြှင့်
ဆက်လက်၍ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်က လေယာဉ်မောင်းသင်တန်း အမှတ်စဉ် (၈၅) မှ စံပြလေသူရဲဆုရ ဗိုလ် အာကာ ထက်ညီ ကိုလည်းကောင်း၊ လေယာဉ် မောင်းထူးချွန်ဆုရ ဗိုလ် ရဝေအောင် ကို လည်းကောင်း၊ စာပေထူးချွန်ဆုရ ဗိုလ် ရဲမာန် ကိုလည်းကောင်း ထူးချွန်ဆုများ ပေးအပ်ချီးမြှင့်သည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ် ရေးဦးစီးချုပ်ကိုယ်စား ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင် က သင်တန်းဆင်းမိန့်ခွန်း ပြောကြားရာ တွင် လေယာဉ်မောင်းသင်တန်းကာလတစ်လျှောက် ကိုယ်စိတ်နှစ်ဖြာလုံး အပင်ပန်းခံကာ အစွမ်းကုန်ကြိုးပမ်း အားထုတ်ခဲ့ကြသည့်အတွက် ယနေ့တွင် လေသူရဲတောင်ပံကို ဂုဏ်ယူဖွယ် တပ်ဆင် ခွင့်ရခဲ့ကြပြီဖြစ်ပါကြောင်း၊ လေသူရဲ အရာရှိငယ်များ ဖြစ်လာပြီဖြစ်သည့် ရဲဘော်တို့သည် သက်ဆိုင်ရာပျံသန်း ရေးအုပ်အသီးသီးတွင် စစ်ဆင်ရေးနှင့် လေ့ကျင့်ရေးအပါအဝင် ပေးအပ်လာသည့် တာဝန်ဝတ္တရားအမျိုးမျိုးကို ထမ်းဆောင် ကြရတော့မည်ဖြစ်သည့်အတွက် ပျံသန်း ရေးအုပ်အသီးသီးတွင် ပျံသန်းရေး တာဝန်များသာမက ကွပ်ကဲမှု၊ အုပ်ချုပ်မှု နှင့် အခြားလုပ်ငန်းတာဝန်များကိုလည်း သက်ဆိုင်ရာ တပ်မှူးအဆင့်ဆင့်၏ ကွပ်ကဲကြီးကြပ်မှုနှင့် လက်အောက် အကြပ်စစ်သည်များကို ဦးစီးဦးဆောင် ကာ ပါဝင်ဆောင်ရွက်ကြရမည် ဖြစ်ပါ ကြောင်း၊ မည်သည့်တာဝန်မျိုးပင် ထမ်းဆောင်ရသည်ဖြစ်ပါစေ စစ်သား ကောင်းတစ်ယောက်၊ အရာရှိကောင်း တစ်ယောက်ပီသစွာ ကွပ်ကဲကြီးကြပ်မှု အနည်းဆုံးနှင့် မိမိကိုယ်စွမ်းဉာဏ်စွမ်း ရှိသရွေ့ အကောင်းဆုံးနှင့် အအောင်မြင်ဆုံး ဖြစ်အောင် ထမ်းဆောင်သွားရမည်ကို မှာကြားလိုပါကြောင်း။
တပ်မတော်(လေ)သည် တပ်မတော် ၏ အဓိကအစိတ်အပိုင်းတစ်ရပ် ဖြစ်သည် နှင့်အညီ နိုင်ငံတော်နှင့် တိုင်းရင်းသား ပြည်သူများအတွက် အန္တရာယ်အခက် အခဲများနှင့် ရင်ဆိုင်ကြုံတွေ့ရချိန်တိုင်းတွင် ကျရာကဏ္ဍမှ စွန့်လွှတ်စွန့်စားသည့် စိတ်ဓာတ်နှင့် စွမ်းစွမ်းတမံ ပါဝင်ကူညီ ထမ်းဆောင်ပေးလျက် ရှိပါကြောင်း၊ တပ်မတော်၏ အဓိကတာဝန်ကြီးသုံးခု ဖြစ်သည့် နိုင်ငံတော်ကာကွယ်ရေးတာဝန်၊ လေ့ကျင့်ရေးတာဝန်နှင့် ပြည်သူ့အကျိုးပြု လုပ်ငန်းတာဝန်များကိုလည်း ဆတက် ထမ်းပိုး ကျေကျေပွန်ပွန် သယ်ပိုး ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုအချိန် တွင် တပ်အသီးသီးရှိ တပ်မတော်(လေ) အရာရှိ/ စစ်သည်များသည် လေကြောင်း စစ်ဆင်ရေးတာဝန်များ၊ စစ်ဆင်ရေး အထောက်အကူပြု ပျံသန်းရေးတာဝန် များ၊ နယ်မြေလုံခြုံရေးတာဝန်များ၊ အခြားအထောက်အကူပြု တာဝန်များကို နေ့ညရာသီမရွေး စွန့်စွန့်စားစား ထမ်း ဆောင်နေကြသည်ကို ထင်ထင်ရှားရှား တွေ့မြင်ရမည်ဖြစ်ပါကြောင်း။
တပ်မတော်(လေ)ကိုလည်း ခေတ်မီ လေတပ်မတော်တစ်ခု ဖြစ်လာစေရန် ရည်ရွယ်ပြီး စွမ်းရည်မြင့်မားသည့် ခေတ်မီ လေယာဉ်/ ရဟတ်ယာဉ်များ၊ လက်နက် စနစ်များ၊ စစ်ဆင်ရေး အထောက်အကူပြု စနစ်များ နှစ်စဉ် ဖြည့်တင်းအဆင့် မြှင့်တင်ပေးလျက်ရှိကြောင်း၊ ပြောင်းလဲ တိုးတက်နေသည့် စစ်မဟာဗျူဟာ၊ စစ်နည်းဗျူဟာများကိုလည်း မိမိတို့ ပကတိအခြေအနေနှင့် လိုက်လျောညီထွေ လက်တွေ့အသုံးချနိုင်ရန် လေ့လာအဆင့် မြှင့်တင်ကာ လေ့ကျင့်ပေးနေပါကြောင်း၊ ယခုကဲ့သို့ နိုင်ငံတော်က ဖြည့်ဆည်း ဆောင်ရွက်ပေးနေသည်နှင့်အညီ ရဲဘော် တို့အနေနှင့်လည်း တိုးတက်ပြောင်းလဲ နေသည့် စစ်လက်နက်ပစ္စည်း၊ စစ်အသုံး အဆောင်ပစ္စည်း၊ စစ်နည်းဗျူဟာများနှင့် စက်မှုနည်းပညာများကို ထိရောက် ကျွမ်းကျင်စွာ ကိုင်တွယ်အသုံးပြုနိုင်ရေး အတွက် စဉ်ဆက်မပြတ် လေ့လာလေ့ကျင့် ကြိုးပမ်းနေရမည်ဖြစ်ကြောင်း သတိပေး မှာကြားလိုကြောင်း။
စစ်ဆင်ရေး၊ လေ့ကျင့်ရေး စသည့် ပျံသန်းရေးတာဝန်များကို နေ့ညအချိန် အခါမရွေး၊ နေရာဒေသမရွေး အောင်မြင် ပြီးမြောက်အောင် ထမ်းဆောင်နိုင်ရေး အတွက် ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်ရေးနှင့် စိတ်ဓာတ်ခိုင်မာမှုတို့သည် များစွာ အရေးကြီးကြောင်း၊ ကျန်းမာကြံ့ခိုင်မှု ရှိအောင် ကျန်းမာရေးနှင့်ညီညွတ်သည့် စားသောက်နေထိုင်မှုပုံစံအတိုင်း လိုက်နာ ကျင့်ကြံ နေထိုင်ကြရကြောင်း၊ စိတ်ဓာတ် မြင့်မားကောင်းမွန်ရေးနှင့် ယုံကြည်ချက် ခံယူချက် မြင့်မားမှန်ကန်ရေးအတွက် စာကောင်းပေမွန်များ ဖတ်ရှုလေ့လာခြင်း ဖြင့် သင်ခန်းစာများစွာ၊ အထောက်အကူ များစွာ ရရှိစေနိုင်သည့်အတွက် မိမိ ကိုယ်တိုင် စာဖတ်ရန်သာမက မိမိ၏ လက်အောက်ငယ်သားများပါ စာဖတ်ရန် တိုက်တွန်းစည်းရုံး လုပ်ဆောင်သွားကြရန် မှာကြားလိုကြောင်း ပြောကြားသည်။
ယင်းနောက် ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်သည် ဝေဟင်မှ အုပ်ဖွဲ့ပျံသန်းအလေးပြုခဲ့ကြ သည့် နည်းပြလေသူရဲများအား ဂုဏ်ပြု နှုတ်ဆက်ကာ ကျောင်းဆင်းအရာရှိများ နှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြ သည်။
ထို့နောက် ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်သည် လေကြောင်းအတတ်သင် လေတပ်စခန်း ဌာနချုပ် လေကြောင်းစစ်ဆင်ရေး သင်တန်းကျောင်းဧည့်ခန်းမ၌ ထူးချွန် ဆုရရှိသည့် ကျောင်းဆင်းအရာရှိများနှင့် မိဘများအား တွေ့ဆုံ၍ ဂုဏ်ပြုအမှာ စကား ပြောကြားသည်။
ယနေ့ လေသူရဲတောင်ပံအပ်နှင်းခြင်း ခံရသူ ကျောင်းဆင်းအရာရှိများအနေဖြင့် သက်ဆိုင်ရာ လေယာဉ်/ ရဟတ်ယာဉ် အမျိုးအစားအလိုက် အဆင့်မြင့်သင်တန်း များ ဆက်လက်တက်ရောက်ရမည်ဖြစ် ကြောင်း သိရသည်။
ညပိုင်းတွင် လေယာဉ်မောင်းသင်တန်း အမှတ်စဉ်(၈၅) ကျောင်းဆင်းတောင်ပံအပ်နှင်းပွဲဂုဏ်ပြုညစာစားပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကိုယ်စား ကာကွယ် ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့်ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦး၊ ဒုတိယဗိုလ်ချုပ်ကြီး ထိန်ဝင်း၊ စစ်ဦးစီးအရာရှိချုပ် (လေ) ဒုတိယ ဗိုလ်ချုပ်ကြီး ဇော်ဝင်းမြင့်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ကြည်ခိုင်၊ တပ်မတော်(လေ)မှ အရာရှိကြီး များ၊ မိတ္ထီလာတပ်နယ်မှ အရာရှိကြီးများ နှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြ သည်။
ဂုဏ်ပြုညစာစားပွဲ ကျင်းပနေစဉ် ကျောင်းဆင်းအရာရှိများနှင့် တပ်မတော် (လေ) မိသားစုဝင်များက တပ်မတော် (လေ)တေးဂီတအဖွဲ့နှင့်တွဲဖက်၍ အဆို၊ အကများဖြင့် ဧည့်ခံဖျော်ဖြေကြသည်။
ညစာစားပွဲ အခမ်းအနားအပြီးတွင် ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်သည် ကျောင်းဆင်းအရာရှိ များနှင့် ၎င်းတို့၏ မိဘဆွေမျိုးများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်