မော်လမြိုင်မြို့၌ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းနှင့် မွန်ရိုးရာလက်ရက်ကန်းသင်တန်းဆင်း

 

မော်လမြိုင်   အောက်တိုဘာ  ၇


မွန်ပြည်နယ်အနေဖြင့် ဒေသနေပြည်သူများ၏ လူမှုစီးပွားဘဝများ       ဖွံ့ဖြိုးတိုးတက်လာ စေရေး   ဦးတည်ကြိုးပမ်းဆောင်ရွက်လျက်ရာ နယ်စပ်ရေးရာဝန်ကြီးဌာန၊    ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ  သင်တန်းကျောင်း (မုဒုံ)၊ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ် (၆)နှင့်   မွန်ရိုးရာလက်ရက်ကန်း သင်တန်းအမှတ်စဉ် (၂၂) သင်တန်းဆင်းပွဲကို အောက်တိုဘာ ၆ ရက်က  မုဒုံမြို့နယ် ကွမ်တာ ကျေးရွာ အမျိုးသမီးအိမ်တွင်းမှု သက်မွေးပညာ သင်တန်းကျောင်း၌ ကျင်းပသည်။


အခမ်းအနားတွင် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက   ပြည်နယ်အတွင်း  သထုံမြို့နယ်၊ မုဒုံမြို့နယ်နှင့် ရေးမြို့နယ်တို့တွင် လူငယ်သင်တန်းကျောင်းများ၊   အမျိုးသမီး အိမ်တွင်းမှု သက်မွေးပညာသင်တန်းကျောင်း များကို ဖွင့်လှစ်ပြီး  တိုင်းရင်းသူများအတွက် စက်ချုပ်နှင့် အိမ်တွင်းမှုဘာသာရပ်များအပြင် အခြား အသက်မွေးကျောင်းပညာရပ်များကိုလည်း သင်ကြားပို့ချပေးခဲ့ကာ   ကိုယ်ပိုင်စီးပွားရေး လုပ်ငန်း လုပ်ကိုင်နိုင်အောင် အပ်ချုပ်စက်များကို အရစ်ကျစနစ်ဖြင့် ရောင်းချပေးလျက်ရှိကြောင်း၊ သင်တန်းသူများအနေဖြင့် အိမ်တွင်းမှုပညာ ရပ်များကို အသုံးချပြီး တစ်ပိုင်တစ်နိုင် အသက် မွေးဝမ်းကျောင်းပြုကြပြီး ဒေသဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းများကိုလည်း    ပူးပေါင်းပါဝင် ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြား သည်။


ယင်းနောက် သင်တန်းတွင်   ထူးချွန်ဆု ရရှိကြသူများအား ဆုများကို အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးမင်းနှင့် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးညီညီစိုးတို့က လည်းကောင်း၊ သင်တန်းဆင်း အောင်လက်မှတ်များကို ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာမြင့် က လည်းကောင်း  ပေးအပ်ချီးမြှင့်သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူး တို့သည် သင်တန်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်၍    သင်တန်းသူများ ဖန်တီးပြုလုပ်ထားသည့် ရိုးရာလက်မှုပစ္စည်းများ၊ သက်မွေးပညာပစ္စည်းများကို ကြည့်ရှုအားပေး ကြသည်။


အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း(မုဒုံ)တွင် ဖွင့်လှစ်သည့် အဆင့်မြင့်   အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ် (၆)နှင့် မွန်ရိုးရာလက်ရက်ကန်း သင်တန်းအမှတ်စဉ် (၂၂) သင်တန်းကို    မေ ၈ ရက်မှ အောက်တိုဘာ ၆ ရက်အထိ ရက်သတ္တ ၂၂ ပတ်ကြာ   ဖွင့်လှစ်သင်ကြားပို့ချပေးခဲ့ပြီး မွန်ပြည်နယ်အတွင်း မြို့နယ်အသီးသီးမှ စက်ချုပ် သင်တန်းသူ ၃၀၊ ရက်ကန်းသင်တန်းသူ ငါးဦး  စုစုပေါင်း သင်တန်းသူ ၃၅  ဦးဖြင့် တက်ရောက် ခဲ့ကြောင်း သိရသည်။ 


သက်နိုင်(မော်လမြိုင်)