
ဒေါက်တာမောင်သင်း
(ယမန်နေ့မှအဆက်)
နိုင်ငံပြန်လည်ထူထောင်ရေးအစ
ကျောင်းဆရာများက
ယနေ့တွင် မြန်မာ့သမိုင်းက အမျိုးသား ကျောင်းဆရာများ၏ ကောင်းမြတ်သောအစဉ် အလာဖြစ်သည့် ခေတ်ကိုကြိုမြင်မှုနှင့် တိုင်းကျိုး ပြည်ပြု နိုင်ငံရေးအမြင်ကျယ်ပြန့်မှုတို့ကို ဆက်လက်ရယူထိန်းသိမ်းပြီး လက်ဆင့်ကမ်း အကောင်အထည်ဖော်ရမည့်ကာလဟု မြင်မိပါ သည်။ မြန်မာ့ကျောင်းဆရာကြီးများ သူတို့ခေတ် တွင် လွတ်လပ်ရေးနှင့် ကမ္ဘာ့ငြိမ်းချမ်းရေးရအောင် ဦးဆောင်ကြိုးပမ်းခဲ့သလို တိုင်းပြည်ကို သူများတွေ လို တူတူတန်တန် ဖွံ့ဖြိုးတိုးတက်အောင်၊ သူများ ထက် မနိမ့်အောင်သယ်ပိုးကြမည့် နိုင်ငံရေးအမြင် ကျယ်သော မျိုးဆက်သစ်များ ပေါ်ထွန်းလာရေး သည် ယနေ့မိမိတို့ကျောင်းဆရာများ၏ ပခုံးပေါ် ရောက်နေသောတာဝန်ဖြစ်ပါသည်။ ယနေ့ခေတ်၏ သမိုင်းက မိမိတို့ ပခုံးပေါ်တင်ပေးလိုက်သည့်တာဝန် ကို ကျေပွန်စွာထမ်းဆောင်ရန် အထူးလိုအပ်နေပါပြီ။ ဂျပန်ခေတ်မှာ ဆရာမကြီး ဒေါ်ခင်မျိုးချစ်က “ ဂျပန် သတ်လို့သေရမှာထက် ခေတ်က ပခုံးပေါ်တင်ပေး လိုက်တဲ့သမိုင်းပေးတာဝန်မကျေမှာကို ပိုပြီးကြောက် ပါသတဲ့”ဟူသည့် “သမိုင်းပေးတာဝန်ကျေပွန်မှု” အား အထူးအလေးထားမှုကို အတုယူသင့်ပါသည်။
ယခုအချိန်သည် ဦးသန့်၊ ဦးနု၊ ဦးရာဇတ်၊ ဦးဘဝင်းတို့ခေတ်လို နိုင်ငံလွတ်လပ်ရေးအတွက် ကြိုးပမ်းနေရမည့်အချိန်မဟုတ်တော့ပါ။ လွတ်လပ် ရေးခေါင်းဆောင်များ မွေးဖွားရမည့်ကာလမဟုတ် ပါ။ နိုင်ငံထူထောင်ရေးခေါင်းဆောင်များ မွေးဖွား ရမည့်၊ တိုင်းပြည်ကို ပြန်လည်ထူထောင်ရမည့် အချိန်ဖြစ်ပါသည်။ နိုင်ငံတော်ဝန်ကြီးချုပ်ဟောင်း ကျောင်းဆရာကြီး ဦးနုက “နိုင်ငံတော်ကို ဖိုးသုည နှင့် (စာမတတ်၊ ပေမတတ်၊ ပညာမဲ့တွေ၊ ကျောင်း မပျော်၊ ကျောင်းမနေ၊ ကျောင်းမတက်တဲ့သူတွေ) တည်ဆောက်၍မရပေ”ဆိုပြီး ခေတ်ကို ကြိုမြင်ခဲ့၍ “လူထုပညာရေးဥပဒေ” ထုတ်ပြီး စာတတ်မြောက် ရေး ကြိုးပမ်းခဲ့ပါသည်။ ယနေ့ခေတ်က စာတတ်ရုံ အဆင့်တွင် မကတော့ပါ။ အဖျက်သမားကြောင့် နာလန်မထူနိုင်သေးသည့်နိုင်ငံကို တိုင်းပြည်ပြန်လည် ထူထောင်မည့် “အသိပညာရှင်” “အတတ်ပညာရှင်” စသည့် အဆင့်မြင့်ပညာရှင်များစွာ မွေးဖွားပေး ရမည့်အချိန်ဖြစ်ပါသည်။
ထို့အတွက်ကြောင့် ကမ္ဘာ့ဆရာများနေ့ (၂၀၁၀) ၏ ဆောင်ပုဒ်ဖြစ်သည့် “ပြန်လည် ထူထောင်ရေးစွမ်းဆောင်မှု၊ ဆရာများဖြင့်အစပြု” သည် ယနေ့မိမိတို့နိုင်ငံအနေဖြင့် အကိုက်ညီဆုံး အချိန်ဖြစ်နေပါသေးသည်။ “ နိုင်ငံထူထောင်ရေးကို သမိုင်းထဲက ဆရာများလိုပင် ပညာတတ်များဖြစ် သည့် မြန်မာ့ဆရာကောင်း၊ ဆရာမြတ် ဆရာများက စလိုက်ပါစို့”ဟု တိုက်တွန်းချင်ပါသည်။
အဘယ်ကြောင့်ဆိုသော် ဆရာများသည် တော်သလောက်ကောင်းသည့် မျိုးဆက်တစ်ဆက် ပြီး တစ်ဆက် မွေးထုတ်နိုင်သော ကြောင့်ဖြစ်ပါသည်။ အထက်ပါကဲ့သို့ နိုင်ငံနှင့် လူ့အဖွဲ့အစည်းကောင်းကျိုး ကို သယ်ပိုးသူများ မွေးထုတ်လေ့ကျင့်ပေးသည့် အစဉ်အလာကောင်းများကို သမိုင်းစဉ်ဆက်ပိုင်ဆိုင် လာခဲ့သော ဆရာများဖြစ်သောကြောင့် “ရစ်ချတ်-အာ-ဂရင်း” (Richand R.Green) ဆိုသည့် ပညာရှင် က “နိုင်ငံတော်၏အနာဂတ်သည် ဆရာများ၏ပခုံး ပေါ်တွင် ကျရောက်နေသည်။ တပည့်များကို ဘယ်လို သင်ကြားပေးနေသလဲအပေါ် မူတည်နေသည်။ ကမ္ဘာကြီး၏ အနာဂတ်သည် ဆရာများသင်ကြား ပေးနေသည့် ကျောင်း၏စာသင်ခန်းများတွင် ရှိနေ ပါသည်”ဟူ၍ ယနေ့ကမ္ဘာတွင် မြတ်ဆရာ၏ အခန်းကဏ္ဍကြီးမားပုံကို ဖော်ညွှန်းခဲ့ပါသည်။
ဆောင်းပါးအစ တစ်နေရာမှာ ဖော်ညွှန်းခဲ့သည့် ဆရာမြတ်များ၏တာဝန်မှာ “ဤအမိမြန်မာနိုင်ငံ မှာမွေးဖွားပြီး မြန်မာနိုင်ငံသားဖြစ်ရခြင်းကို ဂုဏ်ယူ တတ်ကာ မိမိနိုင်ငံနှင့် လူမျိုး မိမိကြောင့် ဂုဏ်တက် အောင် စွမ်းဆောင်ပေးမည့် နိုင်ငံသားကောင်းများ ဖြစ်ထွန်းလာသည်အထိ” ဆရာများ၏ စာသင်ခန်း များက မဖြစ်မနေလေ့ကျင့်ပေးရပါလိမ့်မည်။
ကျောင်းဆရာဆိုတာ နိုင်ငံကာကွယ်ရေးသမားပါ
ကျောင်းဆရာများသည် ကာကွယ်ရေးအမြင် ရှိရမည်ဆိုသည်ကိုလည်း ကမ္ဘာကျော်အတွေးအခေါ် ပညာရှင်ကြီး ဘာထရန်ရပ်ဆဲလ်က “နိုင်ငံကာကွယ် ရေးမှာ လက်နက်ကိုင်များတွင် တာဝန်ရှိသလောက် ကျောင်းဆရာများတွင်လည်း တာဝန်ရှိပေသည်။ ဤသည်မှာ ယဉ်ကျေးသောလူ့အဖွဲ့အစည်း၏ တာဝန်လည်းဖြစ်ပေသည်”ဟု ကျောင်းဆရာ၏ တာဝန်ကြီးမားပုံကို ဖွင့်ဆိုထားပါသည်။ နိုင်ငံ ကာကွယ်ရေးဟုဆိုလိုက်လျှင် တပ်မတော်သား၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ပြည်သူ့စစ် စသည့်အဖွဲ့ အစည်းများလောက်သာ ပြေးမြင်မိကြသည်။ သူတို့ ရင်ဆိုင်ကာကွယ်သည့်နေရာသည် ဒုတိယကာကွယ် ရေး ဒုတိယခံကတုတ်ဟု မြင်မိပါသည်။ “မူလပထမ ခံကတုတ်နေရာသည် ကျောင်းဆရာများ၏ ကျောင်းစာသင်ခန်း”များပင် ဖြစ်ပါသည်။ ကျောင်း ဆရာများသည် နိုင်ငံကာကွယ်ရေးလုပ်ငန်းများ ဖြစ်သည့် အောက်ပါတို့ကို မျိုးဆက်တိုင်း ပြည့်ဝ နေအောင် သင်ပေး၊ လေ့ကျင့်ပေးနေသည်။ ယင်းတို့မှာ-
(က) အသိဉာဏ်ပညာမြင့်မားအောင် ဆောင်ရွက် ခြင်း၊
(ခ) နိုင်ငံကြီးသားစိတ်ထား ကြွယ်ဝအောင် ဖြည့်ဆည်းခြင်း၊
(ဂ) ခိုင်မြဲသည့်အကျင့်စာရိတ္တ ရှိနေအောင် စွမ်းဆောင်ခြင်း၊
(ဃ) အမျိုးသားရေး “စံ” များ ပျက်သုဉ်းမှုကို ကာကွယ်စောင့်ရှောက်ခြင်း၊
(င) အစွန်းရောက်မှု မြင့်မားခြင်းနှင့် တရားမျှတခြင်း အားနည်းမှုမရှိရလေအောင် ဆောင်ရွက်ပေး ခြင်း၊
(စ) ဒီမိုကရေစီစိတ်ထားနှင့် အလေ့အကျင့် ခေါင်းပါးမှု ကင်းဝေးအောင် လေ့ကျင့်ပေးခြင်း၊
(ဆ) ဘိုးဘွားအမွေအနှစ်ကို မြတ်နိုးထိန်းသိမ်း ကာကွယ်လိုသည့်ခံယူချက် မြင့်မားအောင် ဆောင်ရွက်ခြင်း စသည်တို့ဖြစ်ပါသည်။
နိုင်ငံသားတစ်ဦးချင်းစီတွင် တောင့်တင်း ခိုင်မာစွာရှိနေမည့် အထက်ပါအရည်အသွေးများ ပြည့်ဝနေစေရန် ဆရာများက ကျောင်းများတွင် လေ့ကျင့်ပေးနေပါသည်။ နိုင်ငံသားတစ်ဦးချင်းစီ တွင် မရှိမဖြစ်လိုအပ်သည့် အရည်အသွေးများ ချွတ်ခြုံကျမှုကို တွန်းလှန်ကာကွယ်နေခြင်းဖြစ်ပါ သည်။ အဘယ်ကြောင့်ဆိုသော် နိုင်ငံသားတိုင်း ရှိရမည့် အဆိုပါကိုယ်ခံအားများ ကျဆင်းလာပြီ ဆိုလျှင် အမှားအမှန်ခွဲခြားနိုင်မှုကင်းပြီး ပြောသမျှ ယုံ၊ ခိုင်းသမျှသာ လုပ်တတ်သည့်အဆင့်သို့ လူ့အရည်အသွေးနိမ့်ဆင်းလာတော့သည်။ ဤသည် ကို အကွက်ချောင်းနေသော ခေတ်သစ်ကိုလိုနီ နယ်ချဲ့များက မီဒီယာမျိုးစုံဖြင့် မှိုင်းတိုက်၊ ယုံအောင် ဇာတ်သွင်းကြတော့သည်။
တိုင်းရင်းသားစည်းလုံးမှု၊ ညီညွတ်မှု၊ ချစ်ကြည် မှုကို ဖြိုခွဲ၏။ ပြီးလျှင် ခေတ်သစ်ကျွန်ပြုရန် အကြံ ဖြင့် “အိမ်ကြက်ချင်း အိုးမဲသုတ်ခွပ်ခိုင်းသည့် ပမာသို့” အချင်းချင်းရန်တိုက်ပေး၏။ နိုင်ငံသားများ ၏ စည်းလုံးမှုအင်အား ချည့်နဲ့အောင်လုပ်ပြီးနောက် အဝေးထိန်းဖြင့် အချုပ်အခြာအာဏာကို ယိုင်နဲ့ အောင်ပြု၏။ ကျွန်ဇာတ်သွင်းလို၏။ ဤဇာတ်ညွှန်း မျိုးအတိုင်းလိုက်ပြီး မကမိစေရန် ဆရာများက ခေတ်အဆက်ဆက်ကြိုမြင်ခဲ့၏။ ကြိုကာကွယ်ခဲ့၏။ ထိန်းသိမ်းတည့်မတ်ပေးခဲ့ကြ၏။ ဉာဏ်ပညာဖြင့် တွန်းလှန်၏။ နိုင်ငံသားတိုင်းကို အမျိုးသားရေးကိုယ်ခံအားများချည့်နဲ့နေမှု ကင်းဝေးစေရန်နှင့် ပိုမို တောင့်တင်းခိုင်မာသည်ထက် ခိုင်မာအောင် မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် လေ့ကျင့် တည်ဆောက်ပေးနေကာ နိုင်ငံတော်ကို ပထမ အဆင့် ခံကတုတ်နေရာမှ ကာကွယ်နေသည်က ယနေ့ကျောင်းဆရာများဟု မြင်မိပါသည်။ “နိုင်ငံ တော်ကာကွယ်ရေးအစ စာသင်ခန်းက” ဟု ညွှန်းဆို ချင်ပါသည်။ ယနေ့ မြန်မာ့မြတ်ဆရာများ၏ တာဝန် ကြီးလေးမှုဟု ဖော်ညွှန်းပါရစေ။ စာသင်ပေးရုံဖြင့်၊ ကျောင်းသားစာမေးပွဲအောင်မှတ်များများရရုံဖြင့် ဆရာ့တာဝန်ကျေပွန်ပြီဟု မမှတ်ယူအပ်ပေ။
ကျောင်းဆရာဆိုတာ ငြိမ်းချမ်းရေးဗိသုကာများပါ
ကုလသမဂ္ဂအဖွဲ့ကြီးက ငြိမ်းချမ်းရေး ဆောင်ရွက်လာသည်မှာ နှစ် ၈၀ နီးပါးရှိခဲ့ပါပြီ။ သို့သော် ယနေ့ကမ္ဘာ့နိုင်ငံများအချင်းချင်း ဖြစ်ပွား နေသော စစ်ပွဲများ၊ ပြည်တွင်းစစ်များနှင့် ပြည်သူ များအကြား မပြေလည်မှုများ၊ ပဋိပက္ခများ၊ အဓိကရုဏ်းများ အနှံ့အပြားရှိနေဆဲပင်ဖြစ်သည်။ ထိုသို့ဖြစ်နေကြခြင်းမှာ အစွန်းရောက်မှုအယူအဆ များ အားကြီးပြီး တရားမျှတမှု အားနည်းခြင်း ကြောင့်ဖြစ်ပါသည်။ ပြီးလျှင် တစ်ဦးအပေါ်တစ်ဦး ယုံကြည်မှု အားနည်းကြသည်လည်း ပါပါသည်။ ထိုအဖြစ်မျိုးကို ပညာကိုယ်ခံစွမ်းအား နိမ့်ကျနေ သောဒေသများတွင် တွေ့ရပါသည်။ အာဖရိကနှင့် အရှေ့ဥရောပနိုင်ငံများက ထင်ရှားသည့်သာဓက ဖြစ်ပါသည်။
ပညာရည်မြင့်မားသည့် အရပ်ဒေသများ မတွေ့ရပေ။ ယင်းမှာ မှန်ကန်ကြောင်းကို တောင်ကို ရီးယား၊ ဂျပန်၊ အနောက်ဥရောပနိုင်ငံများ၊ ကနေဒါ နှင့် စင်ကာပူနိုင်ငံတို့က သက်သေပြနေပါသည်။ ဘက်စုံအတွေးအခေါ်၊ မှန်ကန်သော ပညာဉာဏ် ရင့်သန်မှုသည် ပဋိပက္ခကင်းဝေးရေး၏ အခြေခံ အုတ်မြစ်ဖြစ်ပါသည်။ တပည့်များကို ဘက်စုံတွေး တတ်၊ မြော်မြင်တတ်သည့် မျိုးဆက်များအဖြစ် ပညာအလင်းရောင် ထွန်းညှိပေးနိုင်သူများမှာ ကျောင်းဆရာများပင်ဖြစ်သည်။ ကမ္ဘာတွင် ပညာမဲ့ မှုကြောင့် အဓမ္မလွှမ်းမိုးသည်ကို မျိုးဆက်တစ်ခုပြီး တစ်ခု ပညာစွမ်းအားဖြင့် တိုက်ဖျက်နိုင်စွမ်းရှိပြီး ကမ္ဘာ့ငြိမ်းချမ်းရေးကို ဆောင်ရွက်နိုင်စွမ်းရှိသူများ သည် “ကျောင်းဆရာ” များဆိုသည်ကို အသိအမှတ် ပြုပြီး ကုလသမဂ္ဂအဖွဲ့ကြီး၏ လက်အောက်ခံအဖွဲ့ လေးဖွဲ့က အောက်တိုဘာလ ၅ ရက်နေ့ကို “ကမ္ဘာ့ ဆရာများနေ့” ဟု သတ်မှတ်ဂုဏ်ပြုခဲ့ကြပါသည်။
“သမိုင်းမှာရော၊ ယနေ့မှာရော ကြုံတွေ့ နေရတဲ့ နိုင်ငံရေးပြဿနာတွေနဲ့ စစ်ပွဲတွေဟာ လူ့စာရိတ္တအားနည်းမှုကြောင့် ပေါ်ပေါက်လာတာ ပါ”ဟု ပညာရှင်များက မှတ်ချက်ပြုခဲ့ပါသည်။ လူ့အဖွဲ့အစည်းတွင် အစွန်းရောက်မှုကင်းဝေးရေး နှင့် တရားမျှတမှု လွှမ်းမိုးရေးသည် ကျောင်းဆရာ များက လေ့ကျင့်ပေးလိုက်သော မျိုးဆက်သစ်များ၏ ဓမ္မနှင့် အဓမ္မ၊ အမှားနှင့်အမှန် ခွဲခြားနိုင်မှု၊ လူမှု ပြဿနာအဝဝကို ပညာရည်ပြည့်ဝသည့် ဓမ္မဓိဋ္ဌာန် ကျနစွာ ချဉ်းကပ်နိုင်မှုစွမ်းအားအပေါ် မှီတည်နေပါ သည်။ ထိုသို့ဖြစ်ရန် ကြံ့ခိုင်သည့်စာရိတ္တမဏ္ဍိုင် လိုပါသည်။
ကျောင်းဆရာများသည် ခေတ်အဆက်ဆက် မျိုးဆက်တိုင်းကို စာရိတ္တကြံ့ခိုင်အောင် လေ့ကျင့် ပေးရင်း အသိဉာဏ်ဖွင့်၊ ဉာဏ်ပညာမြှင့်တင်ပေးကာ လူအချင်းချင်း ဒုက္ခရောက်စေမည့် အဓမ္မဖြစ်ရပ်များ ကင်းစင်ပပျောက်စေပြီး တရားမျှတမှု(ဓမ္မ) လွှမ်းမိုး အောင် တာဝန်ယူနေကြသူများဖြစ်ပါသည်။ ထိုတာဝန်ယူနိုင်ရန် ကုလသမဂ္ဂအဖွဲ့ကြီး၏အဆို အရ ကမ္ဘာတွင် ဆရာ နှစ်စဉ် ၁ ဒသမ ၃ သန်း လိုအပ်နေပြီး နောင်ဆယ်စုနှစ်တွင် နှစ်ဆတိုးလာ ပါလိမ့်မည်။ ငြိမ်းချမ်းရေးကိုတည်ဆောက်ပြီး ကာကွယ်ထိန်းသိမ်းကြမည့် ငြိမ်းချမ်းရေးဗိသုကာ များသည် ကျောင်းဆရာများဟု ခံယူထားကြ၍ ဖြစ်သည်။ ကျောင်းဆရာသည် တပည့်များကို သူတို့ဘဝတစ်လျှောက်လုံး လိမ္မာယဉ်ကျေးကာ နူးညံ့စိတ်ထားများ ပိုင်ဆိုင်အောင် လေ့ကျင့်ပေးပြီး လူ့ဘောင်လောက ထာဝရငြိမ်းချမ်းသာယာအောင် ဆောင်ရွက်တတ်ကြသူများ ဖြစ်ခြင်းကြောင့် ငြိမ်းချမ်းရေးဗိသုကာများဟု ဂုဏ်ပြုပါရစေ။
ကျောင်းဆရာလုပ်ကြရန် ဆန္ဒရှိသူများသည် ဆရာအတတ်ပညာစွမ်းရည်များတွင် စာသင်တတ် ရုံဆိုသည့်အဆင့်လေးရှိရုံမျှနှင့် မပြည့်စုံသေးပါဟု မြင်တတ်ရပါမည်။ အနာဂတ်ကို ကြိုမြင်နိုင်ရန်နှင့် “တိုင်းပြုပြည်ပြု အမျိုးသားနိုင်ငံရေးအမြင်ကျယ် မှု” ကို ထပ်ဖြည့်နိုင်မှ အနာဂတ်ကြယ်ပွင့်ကလေး များ၏ဘဝပဲ့ကိုင် ဆရာအတတ်ပညာပြည့်စုံသည် ဟု ခံယူထားရန်လိုပါသည်။
ဆောင်းပါးအစတွင် ညွှန်းခဲ့သည့် ဂျပန်နိုဘယ် ဆုရှင်ကြီးအဆိုသည် ခေတ်အဆက်ဆက် မှန်ကန် ခဲ့သဖြင့် နိုင်ငံဖွံ့ဖြိုးရေးကို ဆောင်ရွက်မည်ဆိုလျှင် ပညာရေးမြင့်မားရန် ဦးစွာကြိုးပမ်းရန် လိုပါလိမ့် မည်။ ပညာရေးမြင့်မားနေရန်အတွက်လည်း တော်သလောက်ကောင်းကြသည့် ဆရာများ အရင်ဆုံးမွေးထုတ်ရန် လိုအပ်ပါလိမ့်မည်။ မြန်မာ့ ပညာရေးကို အဓိကတာဝန်ယူ မောင်းနှင်နေကြ သည့် ထိပ်ဆုံးမှတာဝန်ရှိသူနှင့် စီမံခန့်ခွဲသူ အဆင့်ဆင့်ကလည်း “ငါတို့သည် တိုင်းပြု၊ ပြည်ပြုနိုင်ငံရေးအမြင်ပြည့်ဝပါမှ အနာဂတ်တိုင်းပြည် ဖွံ့ဖြိုးမည်ဆိုသော ခံယူချက်ပြည့်ဝသည့် မြန်မာ့ ဆရာများကို လေ့ကျင့်ပေးဖို့လိုပါကြောင်း”နှင့် “ မြန်မာ့ဖွံ့ဖြိုးမှု မဏ္ဍိုင်အစ တော်သလောက်ကောင်း ကြသည့် ဆရာများလေ့ကျင့်မွေးထုတ်နိုင်မှုက” ဟု ခံယူအကောင်အထည်ဖော်နိုင်ရန်လိုပါကြောင်း စာရေး သူ၏အမြင်ကိုတင်ပြရင်း“သမိုင်းတစ်လျှောက် ပေါ်ထွန်းခဲ့သော မြတ်ဆရာအပေါင်းတို့အား ဂုဏ်ပြု ပူဇော်ကန်တော့” လိုက်ရပါသည်။ ။
- Log in to post comments