
နေပြည်တော် စက်တင်ဘာ ၂၃
ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်ရှိ မြန်မာ့သစ် လုပ်ငန်းဆင်ဝိုင်းမှ ဆင်မ ဇာနန်းလှ၊ အသက် ၃၃ နှစ်က ဆင်ဖြူတော်(အထီး)ကလေး တစ်စီးအား ၂၀၂၂ ခုနှစ် ဇူလိုင် ၂၃ ရက် နံနက် မင်္ဂလာအချိန် ၆ နာရီခွဲတွင် မွေးဖွားခဲ့ပြီး အဆိုပါ ဆင်ဖြူတော်လေး မှာ မွေးဖွားစတွင် အရပ်အမြင့် ၂ ပေ ၅ လက်မ၊ ကိုယ်လုံး လုံးပတ် ၃ပေ၁လက်မ၊ ကိုယ်အလေးချိန် ပေါင် ၁၈၀ ခန့်ရှိသည်။
ဆင်ဖြူတော်ကလေး၏ ဘွဲ့နာမံတော်မှာ “ရဌနန္ဒက” ဖြစ်ပြီး အဆိုပါ ဆင်ဖြူတော်လေး သည် ရတနာဆင်ဖြူတော်များ၏ ကြန်အင်လက္ခဏာ ၈ ချက်အနက် မျက်လုံးပုလဲရောင်ဖြစ်ခြင်း၊ ကျောကုန်းမှာ ငှက်ပျောကိုင်းသဏ္ဌာန်ဖြစ်ခြင်း၊ အမွေးအဖြူရောင်ဖြစ်ခြင်း၊ အမြီးတံခါးပိတ်ဖြစ်ခြင်း၊ အရေပြားမှာသြဇာကွက်ဖြစ်ခြင်း၊ အသားအရေပန်းရောင်ဖြစ်ခြင်း၊ ခြေဖဝါးတွင်ရှေ့ခြေသည်း ငါးခုစီနှင့် နောက်ခြေသည်း လေးခုစီပါရှိခြင်း၊ နားကြီးခြင်းစသည့် ရတနာဆင်ဖြူတော်များ၏ ကြန်အင်လက္ခဏာ ခုနစ်ချက်ကိုက်ညီသော ဆင်ဖြူတော်လေးဖြစ်သည်။
လေ့ကျင့်သင်ကြားပေး
အထက်ပါ ဆင်ဖြူတော်လေး “ရဌနန္ဒက” မှာ ယခုအသက် ၁ နှစ် ၂ လသားအရွယ်တွင် အရပ် အမြင့် ၃ ပေ ၁၁ လက်မ၊ ကိုယ်လုံး လုံးပတ် ၆ ပေ ၅ လက်မ၊ ကိုယ်အလေးချိန် ၈၃၁ ပေါင်ရှိလာပြီး ရတနာဆင်ဖြူ တော် ထိန်းသိမ်းစောင့်ရှောက်ရေးဥယျာဉ် နေပြည်တော်ရှိ ရတနာ ဆင်ဖြူတော်ဆောင်တွင် မိခင်ဆင်မကြီးနှင့်အတူ ကျန်းမာပျော်ရွှင်လျက် ရှိကြောင်းနှင့် ဆင်ဖြူတော်လေး “ရဌနန္ဒက”မှာ ငယ်စဉ်ကတည်းကပင် လူနှင့်ယဉ်ပါးသည့် ဆင်ဖြူတော်လေးဖြစ်ပြီး ပိုမိုယဉ်ပါးလာစေရန် ဆင်နှင့် လူသားတို့အကြား ကောင်းမွန်စွာ ဆက်ဆံတတ်စေရန် လေ့ကျင့်သင်ကြားခြင်းစနစ် “Peace Human and Elephant Intera-ction Training” ဖြင့် လေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်း သတင်း ရရှိသည်။
သတင်းစဉ်