ပဲခူးတိုင်းဒေသကြီးဖွံ့ဖြိုးဖို့ ကျေးရွာထုတ်ကုန်များ အားပေးစို့

 

မြတ်သူ

အချို့အိမ်များတွင် ငရုတ်ဆုံဆိုက်စုံ  အစု အပုံ၊ အချို့အိမ်များတွင် ဒယ်အိုးဆိုက်စုံ အစုအပုံ၊ အချို့အိမ်များတွင်မူ စက်မှု လုပ်ငန်းသုံးကိရိယာမျိုးစုံ     အစုအပုံ များကို သပြုကျေးရွာ    နေအိမ်တိုင်းတွင် တွေ့မြင်နိုင်သည်။    သတ္တုရည်ကျို ပုံလောင်း၊ သံရည်ကျိုပုံလောင်း လူသုံး ကုန်ပစ္စည်းများကို    ပြည်တွင်းပြည်ပ ဈေးကွက်လိုအပ်ချက်နှင့်အညီ အိမ်တွင်း တစ်နိုင်တစ်ပိုင် ထုတ်လုပ်ရောင်းချမှုမှ ကျေးရွာနေပြည်သူများသည် လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှုကို ရှာဖွေလျက်ရှိသည်။ 
ထိုသို့သော   လူသုံးကုန်သတ္တုနှင့် သံရည်ကျိုပုံလောင်း လူသုံးကုန်အမျိုး အမည်များစွာကို ကျေးရွာမှ ထုတ်လုပ် ကာ အိုးမကွာအိမ်မကွာ ဝင်ငွေရလုပ်ငန်း အဖြစ် ရပ်တည်လာခဲ့သည်မှာ နှစ်တစ်ရာ ကျော် တိုင်ခဲ့ပြီဖြစ်သည်။ သပြုကျေးရွာ ၏ မိရိုးဖလာအသက်မွေးမှု  အိမ်တွင်း တစ်နိုင်တစ်ပိုင်     စီးပွားရေးလုပ်ငန်း ဖြစ်သော်လည်း ဈေးကွက်လိုအပ်ချက် နှင့်      ကိုက်ညီနေသည့်ထုတ်ကုန်များ ဖြစ်သည်။ ထို့ကြောင့် ကျေးရွာထုတ်ကုန် များကို   နည်းပညာပေါင်းစပ်    အဆင့် မြှင့်တင်ကာ  တန်ဖိုးရှိသော၊    အရည် အသွေးရှိသော ပြည်တွင်းထုတ်ကုန်များမှ သည် ကြီးမားသည့်    ပြည်ပဈေးကွက် ဝန်းကျင်အတွင်း   ထိုးဖောက်ရပ်တည် သွားနိုင်ရန် တိုင်းဒေသကြီးအစိုးရအနေ ဖြင့် ကူညီကြိုးပမ်းပေးလျက်ရှိသည်။
တစ်နိုင်တစ်ပိုင် စက်မှုလုပ်ငန်း
သပြုကျေးရွာသည် ပဲခူးတိုင်းဒေသ ကြီး ကဝမြို့နယ်တွင် တည်ရှိပြီး အိမ်ခြေ ၁၆၀၀ ကျော်ရှိသည့်  အဆိုပါကျေးရွာ သည် စိုက်ပျိုးရေးနှင့် အိမ်တွင်း တစ်နိုင် တစ်ပိုင်  စက်မှုလုပ်ငန်းကို    အဓိက လုပ်ကိုင်ကြသည်။ လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်ရာတွင်   သတ္တုအရည်ကျို လုပ်ငန်း၊ သံရည်ကျိုလုပ်ငန်းနှင့်  သတ္တု သန့်စင်ခဲထုတ်လုပ်သည့်      လုပ်ငန်း စသည်ဖြင့် လုပ်ကိုင်ကြသည်။ 
ကျေးရွာတစ်နိုင်တစ်ပိုင်   စက်မှု လုပ်ငန်းမှ ဒယ်အိုး၊ ငရုတ်ဆုံ၊ ရေဖလား၊ ရေနွေးကရားစသည့် မီးဖိုချောင်သုံးပစ္စည်း များအပြင် ရေယာဉ်သုံးဒလက်ပန်ကာ၊ အသံချဲ့စက်ဟွန်းရိုး၊ မော်တော်ယာဉ်သုံး စက်ပစ္စည်း၊  မော်တော်ဆိုင်ကယ်သုံး စက်ပစ္စည်းစသည်ဖြင့်    အမျိုးအမည် များစွာထုတ်လုပ်သည်။ အပ်ချုပ်စက် ကိုယ်ထည်၊ ရေပန့်ခေါင်းစသည့် သံရည် ကျို  ပစ္စည်းများကိုလည်း    ထုတ်လုပ် သည်။
“မိရိုးဖလာ တစ်နိုင်တစ်ပိုင်လုပ်ငန်း ဆိုပေမယ့်     ဒီလုပ်ငန်းနဲ့ဆက်စပ်ပြီး ကျွန်တော်တို့ ကျေးရွာတင်မဟုတ်ဘူး။ အနီးအနားကရွာတွေလည်း   အလုပ် အကိုင်တွေရပါတယ်။    ကိုယ်နိုင်တဲ့ အင်အားနဲ့လုပ်ကြတယ်။ ဈေးကွက်ထဲ မှာ အသုံးပြုသူများတဲ့အတွက် ကျွန်တော် တို့ ကျေးရွာက   ထုတ်နိုင်သလောက် ရောင်းနေရတာပဲ။ ဒီတော့ ထုတ်သမျှ ရောင်းရရင်       ချဲ့ထွင်လုပ်ကိုင်ချင်တာ သဘာဝပါ။ ဒီလိုချဲ့ထွင်ဖို့ စဉ်းစားတဲ့အခါ ကုန်ကြမ်းအတွက်  ပူနေရတယ်”  ဟု သပြုကျေးရွာမှ   လုပ်ငန်းလုပ်ကိုင်သူ ဦးဌေးဝင်းက ပြောသည်။
စျေးကွက်ရရှိမှု
ထိုသို့ ကျေးရွာမှထွက်ရှိလာသည့် ပစ္စည်းများကို ပြည်တွင်း၌   ရောင်းချ မှုနှင့်အတူ ပြည်ပသို့လည်း   ကုန်သည် ဝယ်လက်များမှတစ်ဆင့်    စစ်တွေ၊ မောင်တောနယ်စပ်     လမ်းကြောင်းမှ တင်ပို့ရောင်းချရကြောင်း သိရသည်။
“အဓိကက  ပြည်တွင်းက   သတ္တု ကုန်ကြမ်းကို ပြည်ပနဲ့ ပြိုင်ဝယ်နေရတဲ့ အတွက်ကြောင့်ပါ။    ဒီကုန်ကြမ်းကို ပြည်ပက ကား၊ ဆိုင်ကယ်အပိုပစ္စည်း ထုတ်လုပ်တဲ့ကုမ္ပဏီတွေနဲ့   ယှဉ်ဝယ် နေရတယ်။ သူတို့နဲ့    ကျွန်တော်တို့က ကုန်ကြမ်းလိုအပ်ချက်      တူပေမယ့် ကုန်ကြမ်းအပေါ်မှာ သုံးစွဲဝယ်ယူနိုင်တဲ့ စွမ်းအားက    တအားကွာသွားတယ်။ ပြီးတော့  သူတို့ထုတ်လုပ်ရောင်းချတဲ့ ပစ္စည်းတန်ဖိုးကမြင့်တော့    သူတို့က ကုန်ကြမ်းရဖို့ပဲ အဓိကထားတယ်။ သူတို့ မြှင့်ပြီးပေးဝယ်တဲ့ဈေးကို ကျွန်တော်တို့ လိုက်မမီနိုင်တော့  အခုနှစ်အတွင်းမှာ ကျွန်တော်တို့  ဖောင်စီးရင်း     ရေငတ် ဆိုတာမျိုး ဒီလုပ်ငန်းလုပ်ကိုင်တဲ့ ဆက်စပ် တဲ့သူတိုင်း ကြုံရတာပါ” ဟု   လုပ်ငန်း လုပ်ကိုင်သူ ဦးသန်းထွဋ်ဦးက   ပြော သည်။
သပြုကျေးရွာမှ     ထုတ်ကုန်များ အတွက်   အသုံးပြုသည့်ကုန်ကြမ်းကို ရန်ကုန်တိုင်းဒေသကြီး        အတွင်းရှိ စော်ဘွားကြီးကုန်း၊ တောင်ဒဂုံ စသည့် နေရာများ၏         စွန့်ပစ်သတ္တုပစ္စည်း အဟောင်းဈေးကွက်မှ     ရရှိနေသည်။ လက်ရှိတွင်    သတ္တုပစ္စည်းအဟောင်း အကြမ်းများနှင့် သန့်စင်ပြီး အချောသတ္တု ကုန်ကြမ်းများကို  ယခင်ဈေးနှုန်းထက် နှစ်ဆမြင့်မားသည့်နှုန်းတစ်ခုဖြင့် ဝယ်ယူ ရသည့် အခက်အခဲရှိနေသည်။
ထို့ကြောင့် MSME လုပ်ငန်းကော်မတီ နှင့် စက်မှုဝန်ကြီးဌာနသို့ သတ္တုလုပ်ငန်း ရှင်များနှင့် သံရည်ကျိုပုံလောင်းလုပ်ငန်း ရှင်များက လိုအပ်သောကုန်ကြမ်းပစ္စည်း များအတွက် ကူညီပံ့ပိုးနိုင်ပါရန် တင်ပြ ခဲ့ကြရာ စက်မှုဝန်ကြီးဌာနက ဦးဆောင် ၍      ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ သက်ဆိုင်ရာဌာနများနှင့် သတ္တုနှင့် သံရည် ကျိုလုပ်ငန်းရှင်များ ပူးပေါင်းပါဝင်သည့်  ၂၀၂၃ ခုနှစ်  ဩဂုတ်လအတွင်း သတ္တု လုပ်ငန်းများနှင့်   သံရည်ကျိုပုံလောင်း လုပ်ငန်းများ လိုအပ်သော  ကုန်ကြမ်း ပစ္စည်းများဖြစ်သည့်     သတ္တုတွင်စာ၊ သတ္တုချော်ချေးနှင့်       အခြားစွန့်ပစ်သံ၊ ဒန်သတ္တုများ  ပံ့ပိုးပေးနိုင်ရေးအတွက်  ညှိနှိုင်းဆွေးနွေးပွဲကို  ပြုလုပ်ခဲ့ကြပြီး ဖြစ်သည်။ 
ယင်းသို့    တွေ့ဆုံညှိနှိုင်းမှုများမှ တစ်ဆင့်လုပ်ငန်းရှင်များ အဆင်ပြေစေ ရန်အတွက် ရေနံချိုးကုန်ကြမ်းရရှိရေးကို ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ MSME အေဂျင်စီမှတစ်ဆင့် စွမ်းအင်ဝန်ကြီးဌာန မြန်မာရေနံနှင့်   ဓာတုဗေဒလုပ်ငန်းသို့ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး   ဖြစ်သည်။ ထို့အတူ သတ္တုနှင့် သံရည်ကျိုလုပ်ငန်း များ နည်းပညာရရှိရေးအတွက်   စက်မှု ဝန်ကြီးဌာနမှ ပညာရှင်များ ဖိတ်ခေါ်၍ နည်းပညာပေးသင်တန်းများကို သုံးကြိမ် တိုင် ပို့ချဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
 “တိုင်းဒေသကြီးအတွင်းမှာ မှတ်ပုံ တင်ထားတဲ့   အသေးစား၊  အငယ်စား နှင့် အလတ်စားစီးပွားရေးလုပ်ငန်း စုစု ပေါင်း ၃၀၀၀ ကျော် ရှိပါတယ်။ ဒီထဲမှာ သတ္တုနဲ့  သံရည်ကျိုပုံလောင်းလုပ်ငန်း တွေဟာလည်း     ကဏ္ဍတစ်ခုအနေနဲ့ ပါဝင်နေပါတယ်။ သူတို့မှာ တွေ့ကြုံရတဲ့ အခက်အခဲတွေကိုလည်း သက်ဆိုင်ရာ ဌာနအလိုက် နည်းလမ်းပေါင်းစုံနဲ့ ပါဝင် ကူညီပေးနေပါတယ်”ဟု  တိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးနှင့်     စစ်ဆေးရေး ဦးစီးဌာန ညွှန်ကြားရေးမှူးက ပြောကြား သည်။
အားပေးမြှင့်တင် ဆောင်ရွက်
 မြန်မာနိုင်ငံတွင် အသေးစား၊ အငယ် စားနှင့် အလတ်စား (MSME) စီးပွားရေး လုပ်ငန်း လေးသောင်းကျော်ရှိရာ ၂၀၁၅ ခုနှစ် မြန်မာ့စီးပွားရေးလုပ်ငန်း စစ်တမ်း အရ စီးပွားရေးလုပ်ငန်းအရေအတွက် အများဆုံးသည် ကုန်ထုတ်လုပ်မှုကဏ္ဍ တွင်ရှိပြီး စုစုပေါင်းလုပ်ငန်းများ၏ ၄၀ ရာခိုင်နှုန်းရှိသည်။ မြန်မာနိုင်ငံ၏ စီးပွား ရေးလုပ်ငန်းရာခိုင်နှုန်း    ၉၀   ကျော် သည်   လုပ်ငန်းငယ်များသာဖြစ်သည်။ ထို့ကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် အသေးစား၊ အငယ်စား နှင့် အလတ်စား (MSME) စီးပွားရေးလုပ်ငန်းဖွံ့ဖြိုးရေးကို အားပေးမြှင့်တင်   ဆောင်ရွက်လျက်ရှိ သည်။
ပဲခူးတိုင်းဒေသကြီးအတွင်း သတ္တု လုပ်ငန်းများနှင့် သံရည်ကျိုပုံလောင်း လုပ်ငန်း ၁၂၆  ခုရှိကြောင်း  သိရှိရပြီး ယင်းလုပ်ငန်းသည် အသေးစား၊ အငယ် စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း များတွင် ပါဝင်နေသည်။ ယခုနှစ် ဇူလိုင် ၁၂ ရက်မှစ၍ Online Registration စနစ်ဖြင့် SME Member Card အသစ် လျှောက်ထားသူများကို ယာယီမှတ်ပုံ တင် လက်မှတ်ထုတ်ပေးလျက်ရှိသည်။
“ကျွန်တော်တို့   အခက်အခဲတွေ ဒီလိုမျိုးရှိလာတော့ တိုင်းဒေသကြီးအစိုးရ အဖွဲ့  MSME အေဂျင်စီက  ကုန်ကြမ်းအတွက် သုံးနိုင်အောင် ချေးငွေထုတ်ပေးတယ်။ နည်းပညာအတွက် သင်တန်းပေးတယ်။ လုပ်ငန်းအတွက်   မီးရရှိရေး ဆောင်ရွက် ပေးတယ်။  လောင်စာရရှိအောင် ကူညီ ပေးတယ်။ ဒီလိုမျိုး ကျွန်တော်တို့ရပ်တည် နိုင်အောင် ကူညီပေးလို့    အားလုံးက ဝမ်းမြောက်ဝမ်းသာ  ဖြစ်ကြပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ရေရှည်သွားနိုင် အောင်  ကုန်ကြမ်းနဲ့ပတ်သက်ပြီး ပြည်ပ လုပ်ငန်းရှင်တွေနဲ့ ယှဉ်ပြိုင်ဝယ်ယူရတဲ့ အခြေအနေတွေကို ထိန်းကျောင်းပေး စေလိုပါတယ်” ဟု     သပြုကျေးရွာမှ  လုပ်ငန်းလုပ်ကိုင်သူ     ဦးကျော်နိုင်က ပြောသည်။
တိုင်းဒေသကြီးအတွင်း လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် သင်တန်း/ ဆွေးနွေးပွဲများ     စဉ်ဆက် မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ   ယခု အချိန်ထိ သင်တန်းနှင့် ဆွေးနွေးပွဲ ၁၄၆  ကြိမ်ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း တိုင်းဒေသ ကြီး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာနမှ သိရသည်။
“အခုနှစ်ပိုင်းမှာ    ကျွန်တော်တို့ လုပ်ငန်းတွေမှာ ကုန်ကြမ်းရရှိမှုနဲ့ သုံးရ မယ့် အရင်းအနှီးအတွက် အခက်အခဲရှိ လာကြတာကို  အများဆုံး ကြားလာရပါ တယ်။ ဒီအတွက် သက်ဆိုင်ရာဌာနတွေ က တတ်နိုင်သမျှ ပါဝင်ဖြေရှင်းပေးကြပါ တယ်။ လုပ်ငန်းရှင်တွေကို   နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေကနေ  ကူညီပေး တယ်။ ဒီအတွက် ဝမ်းမြောက်ရပြီးတော့ ထပ်ပြီးတော့လည်း   အားပေးမြှင့်တင် ပေးစေလိုပါတယ်”ဟု  ပဲခူးမြို့ ရွာသစ် ကိုင်းတာကျေးရွာ အေးမြကြည် သံရည် ကျို၊   သံနန်းဆွဲနှင့်      တွင်အချောကိုင် လုပ်ငန်းလုပ်ကိုင်သူ     ဦးအေးဝင်းက ဆိုသည်။
တိုင်းဒေသကြီးအတွင်းရှိ   အသေး စား၊ အငယ်စားနှင့် အလတ်စား  စီးပွား ရေး လုပ်ငန်းရှင်များ၏  အားသာချက်၊ အားနည်းချက်များကို သိရှိပြီး လိုအပ် သည့်    ပံ့ပိုးမှုများကို     ပူးပေါင်းကူညီ ဆောင်ရွက်နိုင်ရန်၊          ဒေသအတွင်းရှိ လုပ်ငန်းများ    အချင်းချင်းချိတ်ဆက် ဆောင်ရွက်နိုင်ရန်၊ ထုတ်ကုန်များ ထုပ်ပိုး မှုစနစ် ပိုမိုကောင်းမွန်လာရန်၊ ထုတ်ကုန် အရည်အသွေးမြင့်မားလာရန်၊ ဈေးကွက် ပိုမိုရရှိလာရန်နှင့် တီထွင်ဆန်းသစ်မှုများ ကို ပိုမိုသိရှိလာရန်အတွက် တိုင်းဒေသ ကြီးအစိုးရအဖွဲ့   MSME   အေဂျင်စီ ဦးဆောင်မှုဖြင့် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနနှင့် သက်ဆိုင်ရာ ဌာန၊ အဖွဲ့အစည်းအားလုံး    ပူးပေါင်း ကြိုးပမ်းပေးလျက်ရှိသည်။   သတ္တုနှင့် သံရည်ကျိုပုံလောင်း လုပ်ငန်းများသည် တိုင်းဒေသကြီး စီးပွားရေးအတွက် ခိုင်မာ အားကောင်းသော   လုပ်ငန်းဖြစ်သည့် အတွက် အကောင်းဆုံးဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီး ဌာန  SME ဌာနမှ ဒုတိယညွှန်ကြား ရေးမှူးက ပြောကြားသည်။
အချုပ်အားဖြင့်ဆိုရလျှင် တစ်နိုင် တစ်ပိုင် အိမ်တွင်းထုတ်လုပ်ငန်းများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ   တိုးတက်ရေး ကျော်လွှားဖြေရှင်းရမည့် စိန်ခေါ်မှုများ ရှိနေနိုင်သော်လည်း နိုင်ငံတော်အကြီး အကဲများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်  ဝန်ကြီးချုပ်များကိုယ်တိုင် ကျေးရွာများ အထိ ကွင်းဆင်းကာ MSME လုပ်ငန်းရှင် များနှင့် တွေ့ဆုံခြင်း၊ ပံ့ပိုးဖြည့်ဆည်းပေး ခြင်း၊ လုပ်ငန်းများ ကြည့်ရှုစစ်ဆေးခြင်း၊ ဒေသတစ်ခု ထုတ်ကုန်တစ်မျိုး  ထွက်ရှိ ရေး အားပေးဆောင်ရွက်ခြင်းများ ပြုလုပ် လျက်ရှိသည်မှာ MSME ဖွံ့ဖြိုးရေးအတွက် အင်အားအမှန်ပင် ဖြစ်စေနိုင်ပါကြောင်း တင်ပြလိုက်ရပါသည်။     ။