ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် ပေကျင်းမြို့ရှိ ဟန်ဇင်းနည်းပညာကုမ္ပဏီသို့ သွားရောက်လေ့လာ၊ Daxing အပြည်ပြည်ဆိုင်ရာလေဆိပ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်ဝင်ဗီဇာကိစ္စရပ်များဆောင်ရွက်မှု လှည့်လည်ကြည့်ရှု

 

နေပြည်တော်    စက်တင်ဘာ   ၂၀


လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး    ဦးမြင့်ကြိုင်နှင့်အဖွဲ့သည် စက်တင်ဘာ ၁၈ ရက် ညနေပိုင်းတွင် ပေကျင်းမြို့ရှိ ဟန်ဇင်းနည်းပညာကုမ္ပဏီ  (Hisign Technology Co.Ltd) သို့ သွားရောက်လေ့လာရာ ကုမ္ပဏီဥက္ကဋ္ဌ Mr. Liu Xiaochun က ကုမ္ပဏီ၏ နည်းပညာဆိုင်ရာ ထုတ်ကုန်များအခြေအနေနှင့်     စွမ်းဆောင်နိုင်မှု၊ လူတစ်ဦးချင်းစီ၏ ကိုယ်ရေးအချက်အလက် (Bio-graphic) နှင့် ဇီဝဆိုင်ရာအချက်အလက် (Biometric)ကောက်ယူနိုင်သည့် နည်းပညာဆိုင်ရာ စက်ကိရိယာ များ     အသုံးပြုဆောင်ရွက်မှု    အခြေအနေတို့ကို လိုက်လံရှင်းလင်းပြသသည်။


ထို့နောက်    ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့အား အစည်းအဝေးခန်းမ၌ ကုမ္ပဏီဥက္ကဋ္ဌနှင့် တာဝန်ရှိ သူများက  ကုမ္ပဏီသမိုင်းကြောင်းနှင့်  Biometric ဆိုင်ရာ နည်းပညာဆိုင်ရာ ထုတ်ကုန်များ ဈေးကွက် ဖြန့်ချိနိုင်မှု၊ တရုတ်နိုင်ငံအစိုးရနှင့်ပူးပေါင်း၍ e-ID စနစ်ဆိုင်ရာလုပ်ငန်းများ   အကောင်အထည်ဖော်ဆောင်ရွက်ထားရှိမှု၊ ID ကတ်များ ထုတ်လုပ်ပေးနိုင်မှု အခြေအနေတို့နှင့်   စပ်လျဉ်း၍    ရှင်းလင်းတင်ပြ ဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီးက သိလိုသည် များကို ပြန်လည်မေးမြန်းဆွေးနွေးသည်။


စက်တင်ဘာ   ၁၉   ရက်       နံနက်ပိုင်းတွင်   ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည်  တရုတ်ပြည်သူ့ သမ္မတနိုင်ငံဆိုင်ရာ     မြန်မာနိုင်ငံသံအမတ်ကြီး ဦးတင်မောင်ဆွေ၊      တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေး ဌာန ညွှန်ကြားရေးမှူးချုပ် Mr. Hu Xiaoming နှင့် အတူ  ပေကျင်းမြို့ရှိ  Daxing  အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ရောက်ရှိရာ တာဝန်ရှိသူများက လေဆိပ် ဖွင့်လှစ်ခဲ့မှုနှင့်   ပြည်တွင်းပြည်ပ  ခရီးသည်များ ဝင်ထွက်သွားလာမှုအခြေအနေ၊ လေဆိပ်ပြည်ပ ထွက်ခွာကောင်တာများ၌ နိုင်ငံကူးလက်မှတ် (Pass-port )အား    နည်းပညာအသုံးပြု    စစ်ဆေးမှုနှင့် ခရီးသည်တစ်ဦးချင်း၏ ကိုယ်ရေးအချက်အလက်များ ကောက်ယူနေမှု၊     အီလက်ထရောနစ်      နိုင်ငံကူး လက်မှတ် (e-Passport) ကိုင်ဆောင်သူများအတွက် နည်းပညာဖြင့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ စစ်ဆေး ဆောင်ရွက်မှုစနစ်     အသုံးပြုမှုအခြေအနေတို့ကို လိုက်လံရှင်းလင်းပြသကြပြီး ပြည်ထောင်စုဝန်ကြီးက သိရှိလိုသည်များကို   ပြန်လည်မေးမြန်း  ဆွေးနွေး ခဲ့သည်။


ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီး၊ တရုတ်နိုင်ငံ ဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့်အဖွဲ့သည် ပေကျင်း မြို့ရှိ Daxing ပြည်ဝင်/ပြည်ထွက်နှင့် နိုင်ငံခြားသား များ စီမံခန့်ခွဲရေးဌာန (Daxing New Gateway of China) သို့     သွားရောက်၍     နိုင်ငံခြားသားများကို ပြည်ဝင်ဗီဇာအမျိုးမျိုး ခွင့်ပြုထုတ်ပေးမှု၊ နေထိုင်ခွင့် ဆိုင်ရာနှင့် နေထိုင်ခွင့်သက်တမ်း တိုးမြှင့်ခြင်းဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်နေမှု၊ တရုတ်နိုင်ငံသားများ အား နိုင်ငံကူးလက်မှတ် (Passport) ထုတ်ပေးနေမှု၊ ယင်းလုပ်ငန်းစဉ်များအား     နည်းပညာအသုံးပြု၍ ၂၄ နာရီ   ဝန်ဆောင်မှုပေးနေမှုတို့ကို   လှည့်လည် ကြည့်ရှုလေ့လာကြရာ    လုပ်ငန်းတာဝန်ခံများက လုပ်ငန်းဆိုင်ရာဆောင်ရွက်ချက်များနှင့် ပတ်သက် ၍   ရှင်းလင်းတင်ပြကြပြီး     ပြည်ထောင်စုဝန်ကြီး နှင့်   ညွှန်ကြားရေးမှူးချုပ်များက     သိလိုသည်များ ကို     ပြန်လည်မေးမြန်း     ဆွေးနွေးခဲ့ကြကြောင်း သိရသည်။                                          

သတင်းစဉ်