
နေပြည်တော် စက်တင်ဘာ ၁၅
ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ(၇) ဘားအံခရိုင်က NCA ကိုအခြေခံ၍ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့်သာ အဖြေ ရှာမည်ဟု စက်တင်ဘာလ ၁၄ ရက်က ထုတ်ပြန်လိုက်သည်။
ယင်းထုတ်ပြန်ချက်ကို သက်ဆိုင်ရာတာဝန်ရှိသူများအားလုံး သိစေရန် ရည်ရွယ်ထုတ်ပြန်ထားခြင်းဖြစ်ကြောင်း သိရသည်။
NCA ခေါ်တစ်ပြည်လုံးအပစ်အခတ်ရပ်စဲရေးစာချုပ် သဘောတူ ချုပ်ဆိုနိုင်ရေးနှင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဆွေးနွေးအဖြေရှာနိုင်ရေးမှာ KNU ကရင်အမျိုးသားအစည်းအရုံး၏ တစိုက်မတ်မတ်တောင်းဆိုခဲ့ကြောင်းလည်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
NCA စာချုပ်ကို ပြည်တွင်းနှင့် နိုင်ငံတကာအသိသက်သေများ ရှေ့တွင် ချုပ်ဆိုထားခြင်းဖြစ်ကြောင်း၊ KNU ကရင်အမျိုးသားအစည်း အရုံးနှင့် မြန်မာအစိုးရကြား ဆန့်ကျင်တိုက်ခိုက်လာရသည့်အကြောင်း အရင်းသည် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းအရ အဖြေမရှာဘဲ စစ်ရေးနည်းဖြင့် အဖြေရှာလာခြင်းမှ ဖြစ်ပေါ်လာရသော ပြဿနာကြီး ကြောင့် ဖြစ်ကြောင်းလည်း ၎င်းတွင် ဖော်ပြထားသည်။
နှစ်(၇ဝ)ခန့် စစ်ပွဲအတွေ့အကြုံကိုအခြေခံ၍ အဖြေရှာခဲ့ရာတွင် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် တွေ့ဆုံအဖြေရှာခြင်းသည်သာ အကောင်းဆုံးဖြစ်သည့် ဆုံးဖြတ်ချက်တစ်ရပ်ရရှိလာကြောင်း၊ ယင်းအပေါ် KNU ကွန်ကရက်က ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးအတွက် လမ်းစဉ်တို့တွင် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် အဖြေရှာရန် အတိအလင်းဖော်ပြထားပြီးဖြစ် ကြောင်းလည်း ဖော်ပြထားသည်။
KNU ကရင်အမျိုးသားအစည်းအရုံးမှ မိမိနိုင်ငံရေး ရည်ရွယ်ချက်၊ ရည်မှန်းချက်များနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက် နိုင်ရေးသဘောထားများကို NCA စာချုပ်တွင် အခြေခံအားဖြင့် ထားရှိ နိုင်ရေးအတွက် ထည့်သွင်းထားပြီးဖြစ်ကြောင်းလည်း ယင်းတွင် ဖော်ပြထားသည်။
NCA စာချုပ်ကို KNU ကရင်အမျိုးသားအစည်းအရုံးမှ တရားဝင် ပျက်ပြယ်ကြောင်း ထုတ်ပြန်ကြေညာခြင်းမရှိသည့်အပြင် တပ်မဟာ (၇)ဘားအံခရိုင်အနေဖြင့် နယ်မြေဒေသတည်ငြိမ်ရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေးရရှိရေးအတွက် NCA ကို အခြေခံလျက် ပြည်သူ့အကျိုး ကိုရှေးရှု၍ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့်သာ အဖြေရှာလာ နိုင်ကြရေးအတွက် ဆောင်ရွက်သွားမည်ဟု (KNU) ဘားအံခရိုင်ဥက္ကဋ္ဌ ပဒိုစောအောင်မော်ဧ က ထုတ်ပြန်ထားကြောင်း သိရသည်။
PP