
လွိုင်ကော် စက်တင်ဘာ ၁၂
ကယားပြည်နယ် ၂၀၂၃ ခုနှစ် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို ၊ အက၊ အရေး ၊ အတီး ပြိုင်ပွဲ (ပြည်နယ်အဆင့်) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပိုးရယ် အောင်သိန်း၊ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်ဝန်ကြီးများ၊ ဒေသကွပ်ကဲရေးမှူး၊ ဌာနဆိုင်ရာ တာဝန် ရှိသူများ၊ ပြည်နယ်အမျိုးသမီးရေးရာ ကော်မတီ၊ ပြည်နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေး ကြီးကြပ်ရေးအဖွဲ့၊ ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ၊ လုပ်ငန်း ကော်မတီနှင့် ဆပ်ကော်မတီ အသီးသီးမှ ကော်မတီဝင်များ၊ ပြိုင်ပွဲအကဲဖြတ် ပညာရှင်ဒိုင်ချုပ်နှင့် ဒိုင်များ၊ ပြိုင်ပွဲဝင် များနှင့် မိသားစုဝင်များ၊ အနုပညာ ချစ်မြတ်နိုးသည့် တိုင်းရင်းသားပြည်သူ များ တက်ရောက်ကြသည်။
ရှေးဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဒေသကွပ်ကဲရေးမှူးတို့က (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ (ပြည်နယ်အဆင့်) ဖွင့်ပွဲအခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးကြသည်။
အမှာစကားပြောကြား
ထို့နောက် ကယားပြည်နယ် ဝန်ကြီး ချုပ် ဦးဇော်မျိုးတင်က အဖွင့်အမှာစကား ပြောကြားသည်။
ယင်းနောက် ဖျော်ဖြေရေးအဖွဲ့များက တေးသီချင်းများ၊ တိုင်းရင်းသားရိုးရာ အကများဖြင့် ဖျော်ဖြေတင်ဆက်ကြရာ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာကြ သူများက ကြည့်ရှုအားပေးကြပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်နှင့် ပြည်နယ်ဝန်ကြီးချုပ်တို့က ဖျော်ဖြေရေး အဆို၊ အကအဖွဲ့များအား ဂုဏ်ပြုချီးမြှင့် ငွေများ ပေးအပ်ကြကာ ပြိုင်ပွဲဝင်အဖွဲ့ များနှင့် ပြိုင်ပွဲဝင်မိသားစုများကို ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကြသည်။
စနစ်တကျရွေးချယ်
ဆက်လက်၍ ပြိုင်ပွဲများကို ကျင်းပ ပြုလုပ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် ပြည်နယ်ဝန်ကြီးချုပ် တို့သည် ပြိုင်ပွဲအကဲဖြတ်ဒိုင်ချုပ်၊ အကဲဖြတ်ဒိုင်အဖွဲ့များနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံ၍ ပြည်ထောင်စုအဆင့်သို့ သွားရောက်ယှဉ်ပြိုင်မည့် သတ်မှတ် အရည်အချင်းများနှင့် ပြည့်မီသည့် ပြိုင်ပွဲဝင်များအား စနစ်တကျရွေးချယ်ပေး ကြရန်မှာကြားသည်။
ကယားပြည်နယ် (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ (ပြည်နယ်အဆင့်) ပြိုင်ပွဲကို ယနေ့စက်တင်ဘာ ၁၂ ရက်မှ ၁၄ ရက်အထိ ကျင်းပပြုလုပ်သွားမည် ဖြစ်ပြီး ပညာရှင်နှင့်ဝါသနာရှင် စုစုပေါင်း ပြိုင်ပွဲဝင်ဦးရေ ၃၆၉ ဦး ဝင်ရောက် ယှဉ်ပြိုင်ကြမည်ဖြစ်ကာ ပြည်နယ်အဆင့် ပြိုင်ပွဲဆုချီးမြှင့်ပွဲအခမ်းအနား၌ အဆို၊ အက၊ အရေး၊ အတီး ကဏ္ဍအလိုက် ဆုရရှိ သူများကို ထိုက်ထိုက်တန်တန် ဂုဏ်ပြု ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကြည့်ရှုစစ်ဆေး
ထို့ပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လွိုင်ကော်မြို့ ကန္ဒရဝတီ ဘုန်းတော်ကြီးကျောင်းသို့ သွားရောက်၍ ပြည်နယ်ဩဝါဒါစရိယ သီရိမင်္ဂလာပုံ(ဟော်ကြီး)ကျောင်း ဆရာ တော်အရှင်သူမြတ်ထံ ဆွမ်းဆန်တော်၊ ဆီနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းကြပြီး ကလျာဏထေရဝါသ နှစ်ထပ်ကျောင်းဆောင်သစ် ဆောက်လုပ် နေမှုများကို ကြည့်ရှုစစ်ဆေးကာ ကျောင်း ဆောင်သစ် ဆောက်လုပ်ရေးအတွက် အလှူငွေများ ပေးအပ်လှူဒါန်းသည်။
ထိုမှတစ်ဆင့် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင်သည် စိုက်ပျိုးရေး၊ မွေးမြူရေး အထက်တန်းကျောင်း (ချိကယ်) သို့သွားရောက်၍ ကျောင်းသား ကျောင်းသူများ စာသင်ကြားနေမှုများကို ကြည့်ရှုပြီး ကျောင်းအုပ်ကြီး၊ ဆရာ ဆရာမ များနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက် ရောက်အမှာစကား ပြောကြားသည်။
ဆက်လက်၍ ကျောင်းပရဝဏ်အတွင်း နှစ်ထပ်စာသင်ဆောင် ဆောက်လုပ်နေမှု အခြေအနေ၊ စိုက်ပျိုးရေးစိုက်ခင်းများနှင့် မွေးမြူရေးခြံများကို လှည့်လည်ကြည့်ရှု စစ်ဆေးကာ လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးသည်။
မွန်းလွဲပိုင်းတွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်နယ် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ထေးသမရပ်ကွက်ရှိ မောဒူဒီးဘိုးဟိုး ခန်းမဆောင်၌ ကေ့ထျိုးဘိုး ဂေါပက အဖွဲ့ဝင်များ၊ ထေးသမရပ်ကွက်တွင် နေထိုင်နေကြသော ယာယီနေရပ်စွန့်ခွာ ပြည်သူများနှင့်တွေ့ဆုံ၍ ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ ဒေသတည်ငြိမ် အေးချမ်းရေးအတွက် တိုင်းရင်းသား ညီအစ်ကိုမောင်နှမများနှင့် ပူးပေါင်း ဆောင်ရွက်သွားမည့် အခြေအနေများကို ရှင်းလင်းပြောကြားပြီး နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က ကေ့ထျိုး ဘိုးဂေါပကအဖွဲ့အတွက် ထောက်ပံ့ငွေများ ကိုလည်းကောင်း၊ ပြည်နယ်ဝန်ကြီးချုပ် က ထေးသမရပ်ကွက်ရှိ ယာယီနေရပ် စွန့်ခွာပြည်သူများအတွက် ထောက်ပံ့ငွေ များကိုလည်းကောင်း ပေးအပ်ကြသည်။
ထို့နောက် တွေ့ဆုံပွဲသို့ တက်ရောက် လာကြသူများက အခက်အခဲများနှင့် လိုအပ်ချက်များကို ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က ဖြည့်စွက် ဆွေးနွေးပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်