
မေ
ကမ္ဘာ့အကြီးဆုံး ထိုင်တော်မူ စကျင် ဗုဒ္ဓရုပ်ပွားတော် မာရဝိဇယဘုရားကြီးဆီ တစ်ခေါက်တစ်ခါ ဖူးမြော်ဖို့ အနယ်နယ် အရပ်ရပ်မှ ဘုရားဖူးပရိသတ်တွေ နေ့စဉ်နဲ့အမျှ စည်စည်ကားကား လာရောက်လျက်ရှိသလို ဗုဒ္ဓဥယျာဉ် တော်ကြီး စိမ်းလန်းစိုပြည်ရေးနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကိုလည်း အရှိန် အဟုန်နဲ့ ဆက်လက်လုပ်ဆောင်လျက် ရှိတာကို တွေ့ခဲ့ရပါတယ်။
ဖူးမြော်ခွင့်ပြုတဲ့နေ့မှ ယနေ့အထိ စည်ကားများပြားလျက်ရှိနေဆဲကို မြင် တွေ့ရတဲ့အခါ ဗုဒ္ဓဘာသာဝင်တစ်ဦး အနေနဲ့ ဂုဏ်ယူဝမ်းမြောက်ပီတိဖြစ်ရ သလို ဗုဒ္ဓဝတ္ထုကံအတွင်းက ကြီးကျယ် ခမ်းနားမှု အစုစုအတွက်လည်း အကုန် အကျခံပြီး လှူဒါန်းပေးကြတဲ့ အလှူရှင် တွေအတွက် သာဓုအကြိမ်ကြိမ် ခေါ်ဆိုမိ ပါတယ်။ ယခုလို တန်ဖိုးကြီးမား ခမ်းနား သာယာတဲ့ ဗုဒ္ဓဥယျာဉ်တော်ကြီး မပျောက်မပျက် ရေရှည်တည်တံ့ခိုင်မြဲဖို့ ဆိုတာ အလှူရှင်တွေရော၊ ပြည်သူတွေ ရော၊ အစိုးရရော အားလုံးမှာ တာဝန် ရှိတာပါ။
ဗုဒ္ဓါဘိသေက အနေကဇာတင်
ဗုဒ္ဓါ ဘိသိက်သွန်းလောင်းပူဇော်
ဘုရားကြီး တည်ထားကိုးကွယ်တဲ့ နေရာကတော့ ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်မှာပါ။ ဧကပေါင်း ၂၅၅ ဧကရှိတဲ့ ဗုဒ္ဓဥယျာဉ် ဝတ္ထုကံတော်မှာ ရုပ်ပွားတော်မြတ်ကြီး ဗုဒ္ဓါဘိသေက အနေကဇာတင် ဗုဒ္ဓါ ဘိသိက် သွန်းလောင်းပူဇော်ခြင်း၊ ကျောက်စာရုံစေတီတော်တွေ ရွှေထီး တော်တင်လှူပူဇော်ခြင်းနဲ့ ရေစက်ချ အောင်ပွဲ မင်္ဂလာကုသိုလ်တော် မဟာ မင်္ဂလာအခမ်းအနားတွေကို ဩဂုတ် ၁ ရက်၊ ဒုတိယဝါဆိုလပြည့်နေ့မှာ အောင်အောင်မြင်မြင်နဲ့ ကျင်းပပြုလုပ် ခဲ့ပါတယ်။
ရုပ်ပွားတော်မြတ်ကြီးကို ဆင်းတု တော် ဉာဏ်တော်အမြင့် ၆၃ ပေ၊ ပလ္လင်တော် အမြင့် ၁၈ ပေနဲ့ စုစုပေါင်း ဉာဏ်တော်အမြင့် ၈၁ ပေ တည်ထား တယ်လို့ မှတ်သားရပြီး ဆင်းတုတော် အလေးချိန် ၁၇၈၂ တန်နဲ့ ပလ္လင်တော် အလေးချိန် တန် ၃၅၁၀ ရှိပါတယ်။ ရေရှည်တည်တံ့စေဖို့အတွက် တန်ချိန် ၂၀၀၀၀ လောက်အထိခံနိုင်တဲ့ အောက်ခံ အမာ ၊ တစ်နာရီ လေတိုက်နှုန်း မိုင် ၁၂၀ အထိ တိုက်ခတ်မှုဒဏ်ခံမှုနဲ့ မိမိတို့ နိုင်ငံမှာ အမြင့်ဆုံးလှုပ်ခတ်နိုင်တဲ့ Earthquake Magnitude ၈ ဒသမ ၈ အထိ မြေငလျင်ဒဏ်ခံနိုင်ဖို့အပြင် လျှပ်စီးမိုးကြိုး ဒဏ်ခံနိုင်ဖို့အတွက်ပါ အင်ဂျင်နီယာ ရှုထောင့်အမျိုးမျိုးနဲ့ တွက်ချက်ထားပြီး ရတနာပုံခေတ်ဟန် ကို ခေတ်မီနည်းစနစ်နဲ့ ပေါင်းစပ်လို့ စစ်ဘက်၊ အရပ်ဘက် ပညာရှင်တွေ စုပေါင်းတည်ထားကြတာလို့ မှတ်သား ရပါတယ်။
ဗုဒ္ဓဥယျာဉ်တော် အတွင်းမှာရှိတဲ့ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနဲ့ ဘုရား၊ ကျောင်း၊ ကန်၊ သိမ်၊ ဇရပ်၊ တံတား၊ ဥယျာဉ်တွေ၊ ဂန္ဓကုဋိတိုက်တွေ၊ သုဓမ္မာဇရပ်တွေ၊ ရေပန်းရင်ပြင်၊ မာရ ဝိဇယကျောင်းတော်၊ အဂ္ဂါဓိပတိ သသာနာ့ဗိမာန်တော်ကြီး၊ ကျောက်စာ ရုံစေတီ အဆူ ၇၂၀ စတဲ့ အခြံအရံကုသိုလ် တော်တွေကို ရဟန်းရှင်လူ အများပြည်သူ တွေက ဩဂုတ်လ ၈ ရက်နေ့ကနေ စတင်ပြီး အခမဲ့ ဝင်ရောက်ဖူးမြော်ခွင့် ရရှိခဲ့ပါတယ်။
ဖူးမြော်ခွင့်ပြုခဲ့တဲ့ ရက်ပိုင်းမှာတင် အနယ်နယ်အရပ်ရပ်က ဘုရားဖူးကား တွေ တိုးမပေါက်အောင် စည်ကား များပြားခဲ့ပြီး ပိတ်ရက်တွေမှာဆိုရင် တစ်ရက်ကို လူဦးရေ ငါးသောင်းကနေ ရှစ်သောင်းကျော်အထိ လာရောက်ခဲ့ကြ ပါတယ်။ အများစုသော ဘုရားဖူး ပရိသတ်တွေဟာ စကျင်ကျောက်သား ထိုင်တော်မူရုပ်ပွားတော်ကြီးကို ဖူးမြော် ရတဲ့အခါ၊ များပြားလှတဲ့ သာသနိက အဆောက်အအုံတွေ၊ စိမ်းလန်းစိုပြည်တဲ့ မြက်ခင်း၊ တသွင်သွင် ကျဆင်းနေတဲ့ ရေပန်းအလှ စတာတွေကို မြင်တွေ့ကြ တဲ့အခါ အံ့ဩကြည်နူးမှုမြင်ကွင်းတွေ ကလည်း ဗုဒ္ဓဥယျာဉ်တော်ကြီးတစ်ခု လုံးမှာ မတွေ့ချင်မှအဆုံး သက်ဝင်လှပ တဲ့ ပန်းချီကားတစ်ချပ်အလား ထင်မြင် ရပါတယ်။
အခမဲ့ဖူးမြော်ခွင့်ကို တတိယအကြိမ်
ထပ်မံတိုးမြှင့်သတ်မှတ်
မူလက အခမဲ့ လာရောက်ဖူးမြော် ခွင့်ပြုပေးခဲ့တာကို ဩဂုတ် ၈ ရက်မှ ၁၆ ရက်အထိလို့ သတ်မှတ်ထားခဲ့ပေမယ့် များပြားလှတဲ့ အနယ်နယ်အရပ်ရပ်က ဘုရားဖူးတွေ စိတ်အေးချမ်းသာစွာ နဲ့ ဆက်လက်ဖူးမြော်နိုင်ကြဖို့အတွက် ဩဂုတ် ၁၇ ရက်မှ ၁၉ ရက်အထိ ဒုတိယ အကြိမ် အခမဲ့ ဖူးမြော်ခွင့်ပြုခဲ့ပါတယ်။ အခမဲ့ ဘုရားဖူးခွင့် ရက်တိုးသတ်မှတ် ပြီးတဲ့နောက်မှာလည်း ဘုရားဖူး များ လျော့နည်းကျဆင်းသွားတာမရှိဘဲ တိုး၍သာ လာခဲ့တဲ့အတွက် စက်တင်ဘာ ၃ ရက်အထိ အခမဲ့ ဖူးမြော်ခွင့်ကို တတိယအကြိမ် ထပ်မံတိုးမြှင့်သတ်မှတ် ပေးခဲ့ပါတယ်။
စက်တင်ဘာ ၄ ရက်နေ့ကနေ စတင်ပြီး လာရောက်ဖူးမြော်ကြသူ တွေအနေနဲ့ ဝင်ကြေးအခမဲ့ လာရောက် ဖူးမြော်နိုင်ကြမှာဖြစ်သလို မာရဝိဇယ ရုပ်ပွားတော်မြတ်ကြီးနဲ့ ဗုဒ္ဓဥယျာဉ် တော်ကြီး ရေရှည်တည်တံ့ခိုင်မြဲဖို့အတွက် လိုအပ်တဲ့ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်း တွေ လုပ်ကိုင်ဖို့ ကုသိုလ်တော် အလှူငွေ အမျိုးအစားအချို့ကို သတ်မှတ်ကောက်ခံ ခဲ့ပါတယ်။ ဥပမာအနေနဲ့ ကင်မရာပါ တဲ့ ဖုန်းတစ်လုံးကို တစ်ထောင်ကျပ်၊ အပျော်ရိုက်ကင်မရာအတွက် ငွေကျပ် ၅၀၀၀၊ အလှဓာတ်ပုံနဲ့ လုပ်ငန်းသုံး ရိုက်ကူးတာတွေကို ငွေကျပ် ငါးသောင်း နှုန်းအပြင် နာရီဝက် ပိုမိုရိုက်ကူးတိုင်း ၅၀၀၀ ကျပ်၊ ဥယျာဉ်တော် ယာဉ်ရပ်နား ကွင်းအတွင်း ယာဉ်ငယ်တစ်စီး ၂၀၀၀၀ ကျပ် စသည်ဖြင့် သတ်မှတ်ထားတာကို မြင်တွေ့ရပါတယ်။ ဘုရားဖူးလာ ဆရာ တော်၊ သံဃာတော်တွေ၊ သက်ကြီး ရွယ်အိုနဲ့ မသန်စွမ်းသူတွေကတော့ ဥယျာဉ်တော်အတွင်း အခမဲ့ဘက်ဂီစီးနင်း ခွင့်ရမှာဖြစ်ပါတယ်။
မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ် ကြီး ဘုရားဖူးမြော်ခွင့်နဲ့ ပတ်သက်ပြီး အမျိုးမျိုးသောအသံတွေကို လူမှုကွန်ရက် တွေမှာ မြင်တွေ့ရတဲ့အခါ ကိုယ်တိုင် မရောက်ဖူးသူတွေ၊ ရောက်ခွင့် မကြုံ သေးသူတွေသာ ထင်ကြေးအမျိုးမျိုးနဲ့ ဝေဖန်နေပြီး ရောက်ဖူး၊ တွေ့ဖူး၊ ဖူးမြော်ဖူးသူတိုင်းကတော့ အလှူငွေ သတ်မှတ်ချက်အတွက် စနောင့်စနင်း ဖြစ်ပုံမရဘဲ ကြည်ညိုခွင့် ရဘိလေခြင်း၊ လေ့လာခွင့်ရှိဘိလေခြင်း၊ အလှူပါဝင်ခွင့် ကြုံဘိလေခြင်းလို့သာ နှလုံးသွင်းပြီး ကြည်ကြည်ဖြူဖြူ ပေးအပ်ကြတာကို ဝမ်းမြောက်ဖွယ် မြင်တွေ့ရပါတယ်။
ဧကပေါင်း ၂၅၅ ဧကဆိုတာ
တော်ရုံ ကျယ်ဝန်းမှုမဟုတ်
ဧကပေါင်း ၂၅၅ ဧကဆိုတာ တော်ရုံ ကျယ်ဝန်းမှုမဟုတ်သလို အတွင်းမှာရှိတဲ့ ဘုရား၊ ကျောင်း၊ ကန်၊ ဗိမာန်၊ ဇရပ် အဆောင်ဆောင်နဲ့ ကျောက်စာချပ်တွေ၊ ပန်းမန်ဥယျာဉ်၊ ရေပန်း၊ လမ်း၊ တံတား စတာတွေဟာ အလှူရှင်တွေရဲ့ သဒ္ဓါ တရားကြောင့် နေ့ချင်း ညချင်း ရုပ်လုံး ပေါ်လာရသလို တစ်သက်မှာတစ်ခါ အခမ်းအနားဆုံးသော မဟာကောင်းမှု တော်ကို ပြုနိုင်သူတွေ ပြုခဲ့ကြခြင်း ကြောင့်သာ မိမိတို့ ပြည်သူတွေကလည်း ယခုလို ဖူးမြော်ကြည်ညိုခွင့်၊ ဂုဏ်ယူ ဝင့်ကြွားခွင့်ရခဲ့ကြတာ ဖြစ်ပါတယ်။ မြန်မာတို့အတွက် ဂုဏ်ယူဝမ်းမြောက် ပီတိဖြစ်ဖွယ် ကမ္ဘာ့ဉာဏ်တော်အမြင့်ဆုံး စကျင်ထိုင်တော်မူ ရုပ်ပွားတော်မြတ် ကြီးနဲ့ အခြံအရံကုသိုလ်တွေ ကမ္ဘာ တည်သရွေ့ တည်တံ့နေစေဖို့ ထိန်းသိမ်း စောင့်ရှောက်မှုလုပ်ငန်းတွေဟာ အလွန် အရေးကြီးပြီး စနစ်တကျနဲ့ ရေရှည် ထိန်းသိမ်းနိုင်ဖို့ စီမံအုပ်ချုပ်မှုအဖွဲ့တွေ ဖွဲ့စည်းတာ၊ ထိန်းသိမ်းစောင့်ရှောက်သူတွေ
ငှားရမ်းတာ၊ နေ့စဉ် ပြုပြင်ထိန်းသိမ်း မှုတွေ လုပ်ဆောင်တာတွေအတွက် ရေရှည်အစီအမံတွေ ထားရှိပြီး ပြုလုပ် နိုင်ဖို့ အထူးလိုအပ်ပါတယ်။
တစ်ဖက်မှာလည်း ပြည်သူတွေ စိတ်အေးချမ်းသာစွာနဲ့ ဖူးမြော်နိုင်စေဖို့ အခမဲ့ ဝင်ရောက်ဖူးမြော်ခွင့်ပြုပေးတာ၊ သံဃာတော်တွေ၊ သက်ကြီးရွယ်အိုတွေ အတွက် အခမဲ့ ဘက်ဂီနဲ့ ပို့ဆောင်ပေး တာ၊ ဥယျာဉ်တော်အတွင်း အခမဲ့ အပန်းဖြေခွင့်ပေးတာ၊ မြန်မာမှုလက်ရာ ဗိသုကာတွေကို အခမဲ့ ခံစားကြည့်ရှုနိုင် တာ၊ ပိဋကတ်သုံးပုံ ဆဋ္ဌသင်္ဂါယနာ တင်မူကို ဂုဏ်ယူဝမ်းမြောက်ဖွယ် အခမဲ့ လေ့လာနိုင်တာတွေနဲ့ယှဉ်ရင် ဘုရားဖူး ပြည်သူအများကလည်း ဓာတ်ပုံလေး တွေ အမှတ်တရ ရိုက်ကူးဖို့အတွက် ငွေကျပ် ၁၀၀၀ ထည့်ဝင်ရတာမျိုးက အပန်းကြီးတာမဟုတ်ပါဘူး။
ယနေ့ သမိုင်းဝင်အထင်ကရ စေတီ ပုထိုးတွေ၊ အဆောက်အအုံတွေ အားလုံး ဟာ သမိုင်းအဆက်ဆက် လက်ဆင့်ကမ်း ထိန်းသိမ်းခဲ့ကြလို့သာ ယနေ့ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်တွေ အဖြစ် ဂုဏ်ယူဝင့်ကြွားနိုင်ခဲ့ရတာဖြစ် ပါတယ်။ မြန်မာနိုင်ငံတင်မကပါဘူး၊ နိုင်ငံတကာက ထင်ရှားတဲ့ ကမ္ဘာကျော် သမိုင်းဝင်အဆောက်အအုံတွေ၊ အထိမ်း အမှတ်နေရာတွေနဲ့ စေတီပုထိုးတွေ အများစုမှာ အခုလိုထိန်းသိမ်းစောင့်ရှောက် ခတွေ ကောက်ခံပြီး စနစ်တကျနဲ့
ရေရှည်တည်တံ့အောင် ဆောင်ရွက်နေ ကြတာကို မြင်တွေ့နိုင်ပါတယ်။ ဥပမာ အားဖြင့် ထိုင်းနိုင်ငံရှိ မြဘုရား၊ ဂျပန် နိုင်ငံရှိ ကမာကူရဘုရား၊ အင်ဒိုနီးရှား နိုင်ငံရှိ ဗောရောဗုဓုဘုရား စတဲ့ နေရာ တွေမှာ ဝင်ကြေးနဲ့ အခြားအခကြေးငွေ သတ်မှတ်ကောက်ခံတာမျိုးရှိပြီး ရေရှည် ပြန်လည်ပြုပြင် ထိန်းသိမ်းဖို့အတွက် လုပ်ဆောင်နေကြတာမျိုးတွေ ရှိနှင့်ပြီး သားပါ။ ဒါကြောင့် မိမိတို့ကလည်း မြန်မာ့ဂုဏ်ဆောင် မာရဝိဇယ ရုပ်ပွား တော်မြတ်ကြီးအား ဖူးမြော်ရင်း ရွှင်လန်း ဝမ်းမြောက် သဒ္ဓါပေါက်စွာနဲ့ ကုသိုလ်ပြု ကြဖို့ ပန်ကြားလိုပါတယ်။
ပြည်ထောင်စုနယ်မြေ နေပြည်တော် ဆိုတာ နိုင်ငံရဲ့ မြို့တော်ကြီးဖြစ်တဲ့ အပြင် နေပြည်တော်ကောင်စီနယ်မြေ အတွင်းက ပျဉ်းမနား၊ လယ်ဝေးအစ ရှိတဲ့ မြို့ကြီးတွေဟာ မူလကတည်းက သာသနာထွန်းကားရာ ဒေသဖြစ်ပြီး ထင်ရှားတဲ့ စေတီပုထိုးတွေ၊ ဘုရား ကျောင်းကန်တွေက များပြားလွန်း လှတာမို့ ကမ္ဘာ့ဉာဏ်တော်အမြင့်ဆုံး စကျင်ထိုင်တော်မူ မာရဝိဇယ ဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးနဲ့ သာသနိက အဆောက် အအုံတွေကို လေ့လာရင်း တစ်လက် စတည်း နေပြည်တော်တစ်ခွင် ထင်ရှား တဲ့ လှေခွင်းတောင်၊ ဆင်ဖြူတောင်၊ လက်လုပ်တောင်၊ ဥပ္ပါတသန္တိစေတီ တော်မြတ်ကြီး၊ နေပြည်တော် ဗုဒ္ဓ ဂယာ၊ မဟာသကျရံသီ ရုပ်ရှင်တော် မြတ်၊ ညောင်ပင်ကြီးစု ပုဂံဘုရားများ စတဲ့ အထင်ကရ စေတီပုထိုးများ ကိုလည်း ကုသိုလ်ယူ ဖူးမြော်နိုင်ဖို့ တစ်ခါတစ်ခေါက် အရောက်လာ ခဲ့ကြဖို့ သတင်းကောင်းပါးလိုက် ရပါတယ်။ ။
- Log in to post comments