
နေပြည်တော် ဩဂုတ် ၃၁
ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနတို့ ပူးပေါင်း စီစဉ်ကျင်းပသည့် ဗလငါးတန်ဖွံ့ဖြိုးရေးအသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၈ နာရီတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ်ရှိ အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။
အခမ်းအနားသို့ ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်၊ အားကစားနှင့် လူငယ် ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ကျောင်းအုပ် ဆရာမကြီး၊ ဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘများ၊ ကျောင်း သား ကျောင်းသူများနှင့် တာဝန် ရှိသူများ တက်ရောက်ကြသည်။
သရုပ်ပြသ
ရှေးဦးစွာ ဗီယက်နမ်နိုင်ငံ ၌ ကျင်းပမည့် (၁၃)ကြိမ်မြောက် အာဆီယံကျောင်းသားအားကစား ပြိုင်ပွဲတွင် သွားရောက်ယှဉ်ပြိုင် ကြမည့် ဗိုဗီနမ်အားကစား မောင်မယ်များ၊ အားကစားနှင့် ကာယပညာသိပ္ပံ (ရန်ကုန်) နှင့် အခြေခံပညာ ကျောင်းများမှ အားကစားမောင်မယ်များက ဝူရှူး၊ အေရိုးဗစ်နှင့် ကျွမ်းဘားအားကစား တို့ကို သရုပ်ပြသကြသည်။
ဆက်လက်၍ ဟာသပညာ ရှင်များဖြစ်ကြသည့် ဒိန်းဒေါင်၊ စိစိနှင့် ချစ်စုတို့က ရယ်ရွှင်ဖွယ်ရာ ဟာသပျက်လုံးများ၊ တေးသီချင်း များဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။
ထို့နောက် အမှတ်(၆) အခြေခံ ပညာ အထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများက ဇာတိမာန်သီချင်းဖြင့် အခမ်း အနားကို စတင်ဖွင့်လှစ်သည်။
ယင်းနောက် ပြည်ထောင်စု ဝန်ကြီးကိုယ်စား ဒုတိယဝန်ကြီး ဦးရဲတင့်က နှုတ်ခွန်းဆက်စကား ပြောကြားရာတွင် လူငယ်များသည် နိုင်ငံ၏ အနာဂတ်ဖြစ်သည့် အတွက် အသိပညာ၊ အတတ်ပညာ များ ပြည့်စုံနေရန်လိုကြောင်း၊ ထို့ကြောင့် အသိပညာ အတတ် ပညာ အပါအဝင် ဗလငါးတန်ဖွံ့ဖြိုး စေမည့် ပညာရေးစနစ် တစ်နည်း အားဖြင့် ဘက်စုံပညာရေးစနစ် ကို အကောင်အထည်ဖော်နေပါ ကြောင်း၊ ဘက်စုံပညာရေးသည် ကျယ်ပြန့်ပါကြောင်း၊ ဘက်စုံ ပညာရေးတွင် ထူးချွန်ရမည့်၊ ရှိရမည့် အရည်အသွေးများ များစွာ ပါဝင်ပါကြောင်း။
ပြုစုပျိုးထောင်
လူငယ်များ စာပေအတတ် ပညာသာမက ဘဝအတွက် လိုအပ် သည့် အသိပညာများပါ တိုးတက် အောင် ဆောင်ရွက်နိုင်ရန် ရည်ရွယ် ၍ ယခုကဲ့သို့ ဟောပြောပွဲ၊ ဆွေးနွေးပွဲများ ဆောင်ရွက်နေ ခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် ကျောင်းသား လူငယ်များအနေဖြင့် လည်း ဘက်စုံထူးချွန်သည့် ဗလငါးတန်နှင့် ပြည့်စုံသည့် ကျောင်းသား ကျောင်းသူများ ဖြစ်အောင် ကြိုးစားကြစေလို ကြောင်း၊ ဆရာ ဆရာမများက လည်း တပည့်သားသမီးများကို ဘက်စုံထူးချွန်သည့် နိုင်ငံတော်က အားထားရမည့် လူငယ်များ ဖြစ် အောင် ပြုစုပျိုးထောင်ပေးကြစေ လိုပါကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီး ဦးရဲတင့်က ဆရာမကြီး ဒေါ်မေ ကျော့ရှင်းအား အမှတ်တရ လက်ဆောင်ပေးအပ်ပြီး ကျောင်း စာကြည့်တိုက်အတွက် စာအုပ် စာစောင်များကို လည်းကောင်း၊ ဒုတိယဝန်ကြီး ဦးဇင်မင်းထက် က အားကစားပစ္စည်းများကို လည်းကောင်း ပေးအပ်လှူဒါန်း ကြရာ ကျောင်းအုပ်ဆရာကြီး ဦးဝင်းခိုင်က လက်ခံရယူသည်။
ဆွေးနွေးပြောကြား
ယင်းနောက် ဆရာမကြီး ဒေါ်မေကျော့ရှင်းက အသိပညာ နှင့် ကိုယ်ကျင့်တရားခေါင်းစဉ်ဖြင့် ဆွေးနွေး ပြောကြားရာတွင် မင်္ဂလာပါဆိုသည်မှာ အင်မတန် တန်ဖိုးရှိသည့် မြန်မာ့ယဉ်ကျေးမှု နှုတ်ခွန်းဆက်စကားဖြစ်ကြောင်း၊ လူကြီးလူငယ်၊ နံနက်၊ ညနေ အချိန်အခါမရွေး မင်္ဂလာပါ တစ်လုံးတည်း နှုတ်ဆက်ရုံဖြင့် မင်္ဂလာရှိသွားကြောင်း၊ ထို့ကြောင့် မင်္ဂလာပါဆိုသည့် စကားကို အမြဲတမ်းမမေ့မလျော့ဘဲ သုံးစွဲ ပေးရန် မှာကြားလိုကြောင်း၊ ကလေးများအနေဖြင့် မသိတာကို မေးမြန်းစေလိုကြောင်း၊ ဆရာ ဆရာမများကို ရိုသေလေးစားပြီး မေးမြန်းချင်သည့် ဆန္ဒရှိပါက မေးမြန်းစေလိုကြောင်း၊ လောက တွင် ကောင်းခြင်းနှင့် ဆိုးခြင်း နှစ်မျိုးတည်းသာ ရှိကြောင်း၊ ထို့ကြောင့် မိမိ၏ပတ်ဝန်းကျင်ကို ကြည့်ရှုလေ့လာပြီး ကောင်းခြင်း ဆိုးခြင်းကို သိအောင် စဉ်းစားရ မည်ဖြစ်ပါကြောင်း။
ပညာတွင် အသိပညာနှင့် အတတ်ပညာဟူ၍ နှစ်မျိုးရှိပါ ကြောင်း၊ ကလေးတို့အနေဖြင့် အသိပညာရရန်အတွက် စာများ များဖတ်ရန် လိုအပ်ကြောင်း၊ စာဖတ်ခြင်းအားဖြင့် ကောင်းခြင်း ဆိုးခြင်းကိုလည်း ခွဲခြားနိုင်ကြောင်း၊ လောကတွင် စိတ်သည်လည်း အဓိက အရေးကြီးကြောင်း၊ စိတ် ကို ဖြူစင်အောင် ထားရမည်ဖြစ် ကြောင်း၊ ကိုယ်ကျင့်တရားဟု ဆိုရာ တွင် ဗုဒ္ဓဘာသာတွင် ငါးပါးသီလ ရှိကြောင်း၊ မူးယစ်ဆေးဝါးကို လုံးဝ ရှောင်ကြဉ်ရန် လိုအပ်ကြောင်း၊ ကိုယ်ကျင့်တရားအပြင် ကိုယ်ပိုင် အကျင့်တရားလည်း ရှိကြောင်း၊ ကိုယ်ပိုင်အကျင့်တရားဆိုသည်မှာ ကိုယ်ကိုယ့်ကိုယ် ကောင်းအောင် ပြုမူ ပြုပြင်ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မကောင်းသည့် အရာ များကို လုံးဝရှောင်ကြဉ်ပြီး ဘဝ ကို အောင်မြင်အောင် ကြိုးစားရ မည်ဖြစ်ကြောင်း စသဖြင့် ကျောင်းသားကျောင်းသူများအား အကျယ်တဝင့် ဆွေးနွေးပြော ကြားပြီး ဆရာမကြီး ဒေါ်မေကျော့ ရှင်း၏ မြန်မာ့အသံ ဓာတ်ပြားရ တေးသီချင်းဖြစ်သော “ဆရာမတို့ ငယ်ငယ်တုန်းက ....” သီချင်းကို နောက်ခံတီးလုံးဖွင့်၍ သီဆိုပြ သည်။
ဆက်လက်၍ MRTV– 4 ရုပ်သံမှ အနုပညာရှင်များဖြစ်ကြ သည့် လူးကပ်စ်၊ နက်ရှိုင်းကို၊ သံစဉ်ဆည်းဆာနှင့် မေသင်းကို တို့က မိတ်ဆက်စကား ပြောကြား ကြသည်။
ပါဝင်ဆင်နွှဲ
ထို့နောက် ခန်းမအပြင်ဘက် ၌ မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ရှိသည့် အထင်ကရနေရာများကို ကျောင်းသား၊ လူငယ်များ ဗဟုသုတရရှိစေရ န် “လှပသာယာ ပြည်မြန်မာ” ရောင်စုံဓာတ်ပုံ ပြပွဲ ခင်းကျင်းပြသခြင်း၊ ကျောင်းသား လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေး နှင့် ပတ်သက်သည့် စာအုပ် စာစောင်များ လေ့လာဖတ်ရှုနိုင် ရန် လူထုအခြေပြုဗဟိုဌာန (ပျဉ်းမနား) မှ ရွေ့လျားစာကြည့် တိုက် မော်တော်ယာဉ်ထားရှိပေး ထားခြင်း၊ စကားပုံဆက်၊ ရုပ်ပုံ ဆက်၊ ခွက်နင်းလမ်းလျှောက် ပြိုင်ပွဲများ စီစဉ်ပေးထားခြင်း၊ MRTV – 4 ရုပ်သံမှ အနုပညာရှင် များက ကျောင်းသား ကျောင်းသူ များနှင့်အတူ ပျော်ရွှင်ဖွယ် Game များ ကစား၍ အနိုင်ရရှိသူ များအား ဆုများချီးမြှင့်ခြင်း၊ ဟာသပညာရှင် ဒိန်းဒေါင်၊ စိစိနှင့် ချစ်စုတို့က အမှတ်တရ လက်မှတ် ရေးထိုးပေးခြင်း၊ ကလေးများနှင့် အတူ ဆော့ကစားခြင်း စသည့် အစီအစဉ်များကိုလည်း ထည့် သွင်းထားရှိရာ ကျောင်းသား ကျောင်းသူများ စိတ်ပါဝင်စား ပျော်ရွှင်စွာဖြင့် ပါဝင်ဆင်နွှဲကြည့်ရှု လေ့လာကြသည်။
သတင်းစဉ်