
နေပြည်တော် ဩဂုတ် ၂၉
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ညွန့်ဖေ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ သည် ယနေ့နံနက်ပိုင်းတွင် တရုတ်ပြည်သူ့သမ္မတ နိုင်ငံ ကွေ့ကျိုးပြည်နယ် ကွေ့ရမ်မြို့ရှိ ပြည်နယ်ခန်းမ ၌ကျင်းပသည့် ၂၀၂၃ ခုနှစ်၊ တရုတ် - အာဆီယံပညာ ရေးပူးပေါင်းဆောင်ရွက်ရေး ရက်သတ္တပတ်အခမ်း အနားသို့ တက်ရောက်သည်။
ဦးစွာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပညာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး H.E. Mr. Chen Jie က အခမ်းအနားကို ဦးစီးဆောင်ရွက်ပြီး ကွေ့ကျိုးပြည်နယ် အုပ်ချုပ်ရေးမှူး H.E. Mr. Li Bingjun က အဖွင့်အမှာ စကားပြောကြားသည်။
ထို့နောက် အာဆီယံနိုင်ငံများမှ ပညာရေးဝန်ကြီး များနှင့် အဆင့်မြင့်အရာရှိကြီးများက နိုင်ငံအလိုက် အမှာစကား ပြောကြားကြသည်။
ယင်းအစီအစဉ်တွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက တရုတ်နိုင်ငံနှင့် အာဆီယံ အဖွဲ့ဝင်နိုင်ငံများအကြား ပညာရေးဆိုင်ရာပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် ကမ္ဘာရွာခေတ်ကြီးတွင် အလား အလာကောင်းများ ပိုင်ဆိုင်မည်ဖြစ်ကြောင်း၊ တရုတ် နိုင်ငံနှင့် မြန်မာနိုင်ငံသည် တစ်နိုင်ငံနှင့် တစ်နိုင်ငံ အကြား ပညာရှင်များဖလှယ်ရန်၊ စွမ်းရည်မြှင့်တင်ပေး ရန်နှင့် ယဉ်ကျေးမှုများ အပြန်အလှန်နားလည်စေရန် ရည်ရွယ်ပြီး ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက် ခြင်း၊ နိုင်ငံသားများ အခွင့်အလမ်းကောင်းရရှိစေရန် လမ်းဖွင့်ပေးခြင်းတို့ကို နှစ်နိုင်ငံ အတူတကွလက်တွဲ ဆောင်ရွက်ခဲ့ကြကြောင်း၊ တရုတ်နိုင်ငံနှင့် မြန်မာ နိုင်ငံတို့သည် ဘာသာစကားအပြန်အလှန် သင်ယူရေး နှင့်ယဉ်ကျေးမှုဖလှယ်ရေး အစီအစဉ်များကို အားပေး မြှင့်တင်ပေးလျက်ရှိပါကြောင်း၊ ယခုလို ဆောင်ရွက် ပေးခြင်းဖြင့် နှစ်နိုင်ငံပြည်သူများအကြား ချစ်ကြည် ရင်းနှီးမှုကို ပိုမိုခိုင်မာစေပြီး လူမှုဆက်ဆံရေးနှင့်စီးပွား ရေးဆက်သွယ်ဆောင်ရွက်မှုတို့ကို ပိုကောင်းမွန်စေ မည်ဖြစ်ပါကြောင်း။
နှစ်နိုင်ငံအကြားပညာရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက် နိုင်မည့်အလားအလာများသည် အတိုင်း အတာမရှိ ကျယ်ပြန့်လှပါကြောင်း၊ မြန်မာ နိုင်ငံ၏ ခရိုင် ၅၀ တွင် မကြာသေးခင်က ဖွင့်လှစ်ခဲ့သည့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တွဲဖက်အထက်တန်း ကျောင်း ၅၁ ကျောင်းတို့အတွက် နည်းပညာအထောက် အပံ့များ လိုအပ်လျက်ရှိကြောင်း၊ ကျန်ရှိသော ၇၅ ခရိုင်တွင်လည်း စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတွဲဖက် အထက်တန်းကျောင်းများ တိုးချဲ့ဖွင့်လှစ်သွားရန် အစီအစဉ်ရှိပါကြောင်း၊ ဆရာ ဆရာမများကို တရုတ် ပြည်သူ့သမ္မတနိုင်ငံနှင့် အာဆီယံနိုင်ငံများသို့လေ့လာ ရေးခရီးစဉ် စေလွှတ်နိုင်ရန်လည်း ပညာရေးဝန်ကြီး ဌာနအနေဖြင့် အထူးစိတ်ဝင်စားပါကြောင်း၊ ယင်း အပြင် မြန်မာတက္ကသိုလ်များပါဝင်သည့် အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုများတွင်လည်း တက်ကြွစွာ ပါဝင်ဆောင်ရွက်လိုပါကြောင်း၊ အဆိုပါဆောင်ရွက်မှု များတွင် အကျိုးတူသုတေသနဆောင်ရွက်မှု အစီအစဉ် များ၊ ဆရာ ဆရာမဖလှယ်ရေး အစီအစဉ်များ၊ ကျောင်းသားများ ကျောင်းပြောင်းရွှေ့ သင်ယူနိုင်မည့် အစီအစဉ်များ၊ နှီးနှောဖလှယ်ပွဲများ၊ အလုပ်ရုံ ဆွေးနွေးပွဲများနှင့် ညီလာခံများ ကျင်းပခြင်းတို့ ပါဝင် ပါကြောင်း။
မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား ပညာရေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများက မြန်မာ ကျောင်းသား ကျောင်းသူများနှင့် မြန်မာ့ပညာရေးကို အကျိုးပြုရုံသာမက မြန်မာ့လူ့အဖွဲ့ အစည်းတစ်ရပ် လုံးအပေါ် ကျယ်ကျယ်ပြန့်ပြန့် အကျိုးဖြစ်ထွန်းစေပါ ကြောင်း၊ ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုမှ တစ်ဆင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အာဆီယံတို့ သည် ရပ်ဝန်းနှင့်ပိုးလမ်းမအတွက် ဘုံကြွယ်ဝချမ်းသာ မှုနှင့်အတူ ပိုမိုခိုင်မာသော ချစ်ကြည်လေးစားမှုကို ဖန်တီးနိုင်ပြီး လူသားအရင်းအနှီး ဖွံ့ဖြိုးတိုးတက်မှု နှင့် ဒေသတစ်ဝန်းလုံး၏တိုးတက်မှုများကို တိုးမြှင့် ပေးနိုင်လိမ့်မည်ဟု မျှော်လင့်ပါကြောင်း ပြောကြား သည်။
ထို့နောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပညာရေး ဝန်ကြီးဌာန ဝန်ကြီး H.E. Mr. Huai Jinpeng က တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ပညာရေးဆိုင်ရာ အချက်အလက်များနှင့် တရုတ်-အာဆီယံပညာရေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအခြေအနေများကို ကောက်နုတ်ပြောကြားသည်။
ယင်းနောက် China - ASEAN Digital Education Alliance စတင်မိတ်ဆက်ခြင်းအခမ်းအနားနှင့် the Alliance for Economics and Management Education (AEME) ဖွင့်လှစ်ခြင်းအခမ်းအနားကို ဆက်လက်ကျင်းပသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးဆောင် သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် 2023 China-ASEAN Language and Culture Forum ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကြပြီး ၂၀၂၃ ခုနှစ် တရုတ် - အာဆီယံ ပညာရေးပူးပေါင်းဆောင်ရွက်ရေး ရက်သတ္တပတ်အခမ်းအနားတွင် ခင်းကျင်းပြသထား သောပြခန်းများနှင့် ရန်ကုန်နိုင်ငံခြားဘာသာ တက္ကသိုလ်မှ ပြသထားသည့်ပြခန်းများကို လှည့်လည် ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်