
မန္တလေး ဩဂုတ် ၂၅
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးရဲတင့်သည် ယနေ့နံနက် ပိုင်းက မန္တလေးမြို့ အောင်မြေ သာစံမြို့နယ် အမှတ် (၁၈) အခြေခံ ပညာ အထက်တန်းကျောင်း၌ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများအား တွေ့ဆုံ၍ နိုင်ငံတော်အတွက် အကျိုးပြု နိုင် မည့် လူငယ်များဖြစ်အောင် လေ့ကျင့်သင်ကြားသင်ယူကြရန် မှာကြားသည်။
တွေ့ဆုံပွဲသို့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်မှ တာဝန်ရှိသူများ၊ ဒုတိယမြို့နယ် ပညာရေးမှူး၊ ကျောင်းအုပ်ချုပ်မှု တာဝန်ခံ အရာရှိ၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူ ၄၀၀ တို့ တက်ရောက်ကြသည်။
ဒုတိယဝန်ကြီးက လူငယ် များသည် အနာဂတ်အတွက် နိုင်ငံတော်က အားထားရမည့်သူ များဖြစ်ရန် လိုအပ်ကြောင်း၊ ပညာ ရည်နိမ့်ပါးသူများ အသိပညာ၊ အတတ်ပညာ မပြည့်စုံသူများဖြင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှုကို တည်ဆောက်၍ မရကြောင်း၊ နိုင်ငံအတွက် ပညာပြည့်ဝပြီး ဗလငါးတန် ပြည့်စုံသော လူငယ် များဖြစ်အောင် ပြုစုပျိုးထောင်ရန် အရေးကြီးကြောင်း၊ ထိုသို့ဖြစ်ရန် မှာ ပညာရေးသည် အခြေခံဖြစ် ကြောင်း၊ နိုင်ငံတော်အနေဖြင့် လည်း လူငယ်များ ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးအတွက် ဘက်စုံ ပညာရေးကို အကောင်အထည် ဖော် ဆောင်ရွက်ပေးလျက်ရှိ ကြောင်း၊ အတတ်ပညာသာမက အသိပညာပါ ပြည့်စုံပြီး ဗလ ငါးတန်နှင့် ပြည့်စုံသည့် လူကောင်းလူတော်များ ဖြစ်လာ အောင် မိဘများ၊ ဆရာ ဆရာမ များနှင့် တာဝန်ရှိသူများက ဝိုင်းဝန်းပြုစု ပျိုးထောင်ပေးကြရန် လိုအပ်ကြောင်း၊ ကျောင်းသား ကျောင်းသူများကလည်း ရည်မှန်း ချက်၊ ရည်ရွယ်ချက်များထား ပြီး မိမိဘဝ၊ မိသားစုဘဝနှင့် နိုင်ငံတော်က အားထားရသည့် သားကောင်းရတနာများ ဖြစ်အောင် ကြိုးစားကြရန် မှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးက ပြန်ကြားရေး ဝန်ကြီးဌာနမှ လှူဒါန်းသည့် ကျောင်းစာကြည့် တိုက်အတွက် စာအုပ်၊ စာစောင် များနှင့် အားကစားနှင့် လူငယ် ရေးရာဝန်ကြီးဌာနမှ ထောက်ပံ့ သည့် အားကစားပစ္စည်းများကို ပေးအပ်ရာ ဆရာ ဆရာမများက လက်ခံရယူကြသည်။
ထို့နောက် ဒုတိယဝန်ကြီး သည် ကျောင်းစာကြည့်တိုက်သို့ ဝင်ရောက်ကြည့်ရှုပြီး ကျောင်းသား ကျောင်းသူများ စာကြည့်တိုက်ကို အားကိုးအားထား ပြုနိုင်ရေး၊ စာပေဖတ်ရှု လေ့လာနိုင်ရေး အလေးထား ဆောင်ရွက်ပေးရန် အားပေးမှာကြားခဲ့သည်။
သတင်းစဉ်