
ဟာဝိုင်ယီ ဩဂုတ် ၁၆
အမေရိကန်ပြည်ထောင်စု မော်အီကျွန်းတွင် လတ်တလော တောမီးကြောင့် သေဆုံးသူဦးရေ မှာ ၁၀၀ ကျော်ရှိလာပြီး လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာအကူအညီအဖြစ် ဂျပန်နိုင်ငံမှ ဒေါ်လာနှစ်သန်း ကူညီပေးသွားမည်ဟုဂျပန်အစိုးရ က ဩဂုတ် ၁၆ ရက်တွင် ပြောသည်။
အမေရိကန် ကြက်ခြေနီအသင်းအပါအဝင် အခြားသောအဖွဲ့အစည်းများမှတစ်ဆင့် အကူအညီ ပေးအပ်သွားမည်ဖြစ်ပြီး ကယ်ဆယ်ရေးနေရာများ တွင် လုံခြုံစိတ်ချရမှုရှိစေရေး၊ အစားအသောက် ပေးဝေနိုင်ရေးနှင့်စိတ်ပိုင်းဆိုင်ရာ ထောက်ပံ့မှုများ ပေးနိုင်ရေး ရည်ရွယ်ထားသည်။
ဂျပန်နှင့် ဟာဝိုင်ယီတို့သည် လွန်ခဲ့သည့် နှစ်များစွာကတည်းက ရင်းနှီးသည့် ဆက်ဆံရေး ရှိပြီး နယ်ပယ်အများအပြားတွင် အချင်းချင်း ဖလှယ်မှုများရှိသည်ဟု နိုင်ငံခြားရေးဝန်ကြီး ယိုရှီမာဆာ ဟာယာရှီက ပြောသည်။ အကူအညီ ဒေါ်လာ ၁ ဒသမ ၅ သန်းကို အမေရိကန်ကြက်ခြေနီ အသင်းသို့ ပေးအပ်သွားမည်ဖြစ်ပြီး ကျန်ငွေများကို တိုကျိုအခြေစိုက် အကျိုးအမြတ်မယူသည့် အဖွဲ့ အစည်းများကို ပေးအပ်သွားမည်ဟု သိရသည်။
ဟာဝိုင်ယီပြည်နယ် မော်အီကျွန်း၌ ဖြစ်ပွားခဲ့သည့် တောမီးမှာ ၁၉၁၈ ခုနှစ်မှစတင်၍ အမေရိကန်တွင် အဆိုးရွားဆုံးသဘာဝဘေးဖြစ်သည်။ ၁၉၁၈ ခုနှစ် မင်နီဆိုးတားပြည်နယ်၌ ဖြစ်ပွားခဲ့သည့် တောမီး ကြောင့် လူပေါင်း ရာနှင့်ချီ၍ သေဆုံးခဲ့ရသည်ဟု အမေရိကန်မီဒီယာများတွင် ဖော်ပြကြသည်။
ကျိုဒို