
ဟာဝိုင်ယီ ဩဂုတ် ၁၂
ဟာဝိုင်ယီပြည်နယ် မော်ဝီကျွန်း၌ တောမီးလောင်မှု ကြောင့် သေဆုံးသူအရေအတွက်မှာ ၈၀ အထိ မြင့်တက်လာကြောင်း သိရသည်။ အင်္ဂါနေ့ က ဖြစ်ပွားခဲ့သော တောမီးများထဲမှတစ်ခုသည် ဟာရီကိန်း လေပြင်းတိုက်ခတ်မှုများကြောင့် လာဟိုင်းနားဒေသတစ်ဝန်းကို လျင်မြန်စွာကူးစက် ပျံ့နှံ့သွားခဲ့သည်။
အကြီးဆုံး သဘာဝဘေးတစ်ခုဖြစ်နိုင်
ကြာသပတေးနေ့အထိ လူပေါင်း ၁၄၀၀ ကျော် မှာ အထက်တန်းကျောင်းနှင့် ဘုရားကျောင်းများ အတွင်း၌ ဝင်ရောက်ခိုလှုံနေကြရသည်ဟု ဆိုသည်။ ဟာဝိုင်ယီပြည်နယ် အုပ်ချုပ်ရေးမှူး ဂျို့ရှ်ဂရင်းက ဘေးဒဏ်သင့်ဒေသများမှ ၎င်းရိုက်ကူးထားသော ဓာတ်ပုံများကို လူမှုကွန်ရက်ပေါ်တွင် တင်ခဲ့ပြီး ယနေ့မြင်တွေ့ခဲ့ရသော အဖြစ်အပျက်များသည် ဟာဝိုင်ယီပြည်နယ်သမိုင်းတစ်လျှောက် အကြီးမား ဆုံး သဘာဝဘေးအန္တရာယ်တစ်ခု ဖြစ်နိုင်ကြောင်း ရေးသားထားသည်။
သတိပေးမှု လုပ်ဆောင်နိုင်ခဲ့ခြင်းမရှိ
တောမီးများ စတင်လောင်ချိန်တွင် ဒေသခံ များအား ဥဩသံများဖြင့် သတိပေးမှု လုပ်ဆောင် နိုင်ခဲ့ခြင်း မရှိကြောင်း ဟာဝိုင်ယီပြည်နယ် အာဏာပိုင်များက အင်န်အိတ်ချ်ကေသို့ ပြောသည်။ နောက်ထပ်အသေးစိတ် အချက်အလက်များ မသိရ သော်လည်း ထိုကဲ့သို့ သတိပေးမှု လုပ်ဆောင်နိုင်ခဲ့ ခြင်းမရှိမှုက ကြီးမားသည့်ပျက်စီးမှုနှင့် အသက် ဆုံးရှုံးမှုများ၏ တစ်စိတ်တစ်ပိုင်းဖြစ်နိုင်ကြောင်း သိရသည်။
အင်န်အိတ်ချ်ကေ