ဗုဒ္ဓဘာသာဝင်တိုင်းအတွက်ရော၊ နိုင်ငံအတွက်ရော၊ ဗုဒ္ဓဘာသာကိုးကွယ်တဲ့နိုင်ငံတိုင်းအတွက်ရော မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးက အဖိုးမဖြတ်နိုင်တဲ့ရတနာမို့ အခွင့်သာခိုက် လာရောက်ဖူးမြော်ကြစေလို…

 

နေပြည်တော်  ဩဂုတ်  ၁၂


ပြည်ထောင်စုနယ်မြေ နေပြည်တော်ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ် ဝတ္ထုကံတော်အတွင်း တည်ထားပူဇော်ထားသည့်  ကမ္ဘာ့ဉာဏ်တော် အမြင့်ဆုံးထိုင်တော်မူဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးဖြစ်သည့်  မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဩဂုတ် ၈ ရက်မှစတင်၍ ရဟန်းရှင်လူ အများပြည်သူတို့ အခမဲ့လာရောက်ဖူးမြော်နိုင်ရန် ဖွင့်လှစ်ထားရှိရာ ပဉ္စမမြောက်နေ့ဖြစ်သည့် ဩဂုတ် ၁၂ ရက်တွင်  ဖူးမြော် သူဧည့်ပရိသတ် များဖြင့်  တိုးမပေါက်အောင်  စည်ကားလျက်ရှိသည်ကို  မြင်တွေ့ရ သည်။ 


အစိုးရရုံးပိတ်ရက်ဖြစ်သဖြင့် အဖွဲ့လိုက်ဘုရားဖူးအဖွဲ့များ၊ အနယ် နယ်အရပ်ရပ်မှ လာရောက်ဖူးမြော်သူများ၏ ကြည်ညိုသဒ္ဓါအားကောင်း စွာလှူဒါန်းပူဇော်နေမှုများနှင့် ပျော်ရွှင်စွာလေ့လာကြည့်ရှုနေမှုများကို မြင်တွေ့ရသည်။ ထို့ကြောင့် လာရောက်ဖူးမြော်သူများ၏ ပီတိစကား များ၊  အနုမောဒနာသာဓုခေါ်သံများနှင့်  သဘောထားအမြင်များကို စုစည်းတင်ဆက်လိုက်ရပါသည်။


အရှင်ဝိဇယ(ပျော်ဘွယ်မြို့နယ်)


ဦးဇင်းတို့ရွာကနေ မနက် ၆နာရီကတည်းကထွက်လာခဲ့တာပါ။ မိဘဆွေမျိုးတွေနဲ့ ဒါယကာ၊ ဒါယိကာမတွေ အားလုံးစုစည်းပြီး ကား သုံးစီးအပြည့်နဲ့ ဘုရားလာဖူးကြတာ ဖြစ်ပါတယ်။ ကမ္ဘာ့ဉာဏ်တော် အမြင့်ဆုံးဆင်းတုတော်ကြီးတည်ထားတယ်ဆိုတဲ့ အစဦး အချိန်ကတည်း က စိတ်ဝင်တစားနဲ့ ကြည့်ရှုခဲ့ရတာပါ။ သံဃာတော်တစ်ပါးအနေနဲ့ အခုလို   နိုင်ငံတော်အဆင့်   ကြီးကျယ်ခမ်းနားတဲ့   ဘုရားတည်မှုကို ဝမ်းမြောက်မိသလို၊ နိုင်ငံအတွက်လည်း ဂုဏ်ယူပါတယ်။ အဆင့်ဆင့် သယ်ယူတည်ဆောက်နေတာတွေပြီးလို့  ဘုရားကြီးအနေကဇာတင် အခမ်းအနားကိုလည်း ရုပ်မြင်သံကြားကနေတစ်ဆင့် ကြည့်ရှုဖူးမြော်ခဲ့ပါ တယ်။ အားလုံးဖူးမြော်ခွင့်ရပြီဆိုတာနဲ့ ရွာကအလှူရှင်တွေကို  စုစည်း ပြီး အားလုံးတပျော်တပါးနဲ့ ဘုရားလာဖူးကြတာဖြစ်ပါတယ်။ ဦးဇင်း အနေနဲ့ အခုလို ဖူးမြော်ခွင့်ရလို့လည်း ကျေနပ်ပီတိဖြစ်ရသလို အလှူရှင် အပေါင်းကိုလည်း သာဓုအကြိမ်ကြိမ် ခေါ်ဆိုပေးပါတယ်။ သာသနာ အတွက် သမိုင်းသစ်စိုက်ထူလိုက်နိုင်တဲ့အတွက် ဘုရားသားတော်တစ်ပါး အနေနဲ့ ဂုဏ်ယူဝမ်းမြောက်မိပါတယ်။


ဦးကြည်မောင် (ပျဉ်းမနားမြို့နယ်)


ကျွန်တော်တို့မိသားစု ၁၀ ဦးပေါ့၊ ဘုရားလာဖူးကြတာပါ။ အသက် အရွယ်ရလာလို့ အပြင်သိပ်မသွားဖြစ်တော့ပေမယ့် ဘုရားကြီးကိုဖူးမြော် ချင်လွန်းလို့  အရောက်လာခဲ့တာပါ။  ဗုဒ္ဓဘာသာဝင်တစ်ဦးအနေနဲ့ ကျေနပ်ပီတိဖြစ်ရပါတယ်။ စေတီ၊ ဘုရား တည်ထားကိုးကွယ်ကြပေမယ့် အလုံးစုံပြီးပြည့်စုံတယ်လို့ခေါ်ရမယ့် တည်ထားမှုဖြစ်တဲ့ ဆင်းတုတော် ကြီးရဲ့ အခြံအရံတွေအဖြစ် ဗိမာန်တော်တွေ၊ ဗုဒ္ဓဥယျာဉ်တွေ၊ သုဓမ္မာ ဇရပ်တွေ၊ ဓမ္မစေတီတွေဖြစ်တဲ့ ကျောက်စာရုံစေတီ ၇၀၀ကျော်တွေက ဒီနေ့ခေတ်မှာ တည်ထားဖို့ဆိုတာ  ဘဘတော့  မထင်မှတ်ခဲ့ပါဘူး။ ရှေးဘုရင်တွေလက်ထက်က အဲဒီလိုလှူဒါန်းမှုတွေ ကြားဖူးခဲ့ပြီး ယနေ့ ခေတ်မှာတော့  ဘဘတို့ကိုယ်တိုင်  မျက်ဝါးထင်ထင်  မြင်တွေ့ခဲ့ရတဲ့ အတွက် အလှူရှင်တွေကို ကျေးဇူးတင်မိပါတယ်။  ဒါတင်မကသေးဘူး၊ ဘုရားရင်ပြင်တော်ပေါ်မှာ  ခြေချတာနဲ့ စကျင်ကျောက်သားစစ်စစ်ရဲ့ အစွမ်းကြောင့် အေးအေးချမ်းချမ်း ဖူးမြော်ခွင့်ရခဲ့တယ်။ ဘဘတို့ ဗုဒ္ဓ ဘာသာဝင်တိုင်းအတွက်ရော၊ နိုင်ငံအတွက်ရော၊ ဗုဒ္ဓဘာသာကိုးကွယ် တဲ့နိုင်ငံတိုင်းအတွက်ရော မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးက အဖိုး မဖြတ်နိုင်တဲ့ ရတနာမို့ အခွင့်သာခိုက် လာရောက်ဖူးမြော်ကြစေလိုပါ တယ်ခင်ဗျာ။


ဒေါ်နွယ် (ညောင်ပင်သာကျေးရွာ၊ တပ်ကုန်းမြို့နယ်) 


ရွာမှာ စုပေါင်းဘုရားဖူးကြဖို့ တိုင်ပင်ကြပြီး  အခုလိုလာရောက်ခဲ့ တာပါ။ ဘုရားကြီးကို ဖူးမြော်ခွင့်ရတာ အတိုင်းမသိ ဝမ်းသာမိတယ်။ ဗုဒ္ဓရဲ့အဆုံးအမတွေကို ဖူးမြော်ရသလို ကုသိုလ်တော်ဘုရားကို ရောက်သွား သလိုလည်း ခံစားရတယ်။ အဘွားတို့လို သက်ကြီးပိုင်းတွေ သွားလာဖို့ အဆင်ပြေအောင် စီစဉ်ပေးထားတယ်။ ကားစီးလို့လည်းရပေမယ့် နေရာ စုံအောင် ဒီလိုပဲ ဖြည်းဖြည်းသွားဖူးချင်လို့ လမ်းလျှောက်တာ။ အဘွားတို့ ရွာက အဘိုး၊ အဘွားတွေ အများကြီးပါလာတယ်။ ကမ္ဘာ့ဉာဏ်တော် အမြင့်ဆုံး စကျင်ကျောက်ဆင်တုတော်ဆိုတော့ အဖိုးမဖြတ်နိုင်ဘူးလေ၊ မသေခင်ဖူးခွင့်ရချင် ခဲ့တာ၊ အခုတော့  ဆုတောင်းပြည့်ခဲ့ပါပြီ။ ကုသိုလ် ပြုသူတွေအားလုံး ကျန်းမာချမ်းသာကြဖို့နဲ့ နိုင်ငံတစ်ခုလုံး အေးချမ်း သာယာဖို့ အဓိက ဆုတောင်းခဲ့ပါတယ်။ 


မသိမ့်သိမ့်ထွေး (ဒုတိယနှစ်-စိတ်ပညာ)
ဆိပ်ဖြူမြို့နယ်၊ မကွေးတိုင်းဒေသကြီး


မိဘတွေနဲ့အတူတူလာခဲ့တာပါ။ မနက် ၄နာရီကတည်းက စထွက် လာခဲ့တာ။ ဘုရားကြီးနဲ့ပတ်သက်ပြီး သတင်းတွေမှာတော့ တွေ့ပါတယ်။ တိတိကျကျကတော့ ဒီကို ရောက်လာမှပဲ သိတာ။ ကျောက်စာရုံတွေဆီ ကိုလည်း သွားမဖူးရသေးဘူး။ ဘုရားကြီးပေါ်မှာပဲ ငါးပါးသီလဆောက် တည်ပြီး ဂန္ဓကုဋိတိုက်တွေထဲကနေ ဘုရားရှိခိုးခဲ့ပါတယ်။ ဘုရားဖူးရတာ စိတ်ကျေနပ်မှုရှိပြီး အားလုံးကိုလည်း လာရောက်ဖူးမြော်စေချင်ပါတယ် ရှင့်။ 


မလဝန်းထက် (Grade-8)
ကြောင်ရေမူလတန်းလွန်ကျောင်း၊လယ်ဝေးမြို့နယ်

ကျောင်းက ဆရာမကြီးရဲ့ အုပ်ထိန်းမှုနဲ့အတူ သူငယ်ချင်းတွေနဲ့ ဖူးမြော်ခွင့်ရလို့ ဝမ်းသာမိပါတယ်။ ဗုဒ္ဓဥယျာဉ်တော်ကြီးထဲက နဂါးရုံ ဘုရားနဲ့  ပတ်လည်ကရှုခင်းတွေကို  တော်တော်သဘောကျတယ်။ ကျောက်စာရုံတွေမှာလည်း သူငယ်ချင်းတွေနဲ့အတူ လေ့လာခဲ့တယ်။ ပထမဆုံးအကြိမ်လာရောက်တာဖြစ်ပြီး နောက်လည်း ခဏခဏ ဖူးမြော် ခွင့်ရပါစေလို့ ဆုတောင်းထားပါတယ်။ ဘုရားကြီးကို ထုလုပ်ဖို့ စကတည်း က သတင်းတွေထဲမှာ တွေ့ခဲ့ပါတယ်။ ပင့်ဆောင်လာတုန်းကလည်း အွန်လိုင်းမှာ တွေ့တယ်။ အဲဒီကတည်းက ဖူးချင်နေခဲ့တာပါ။ သမီးတို့လို ပဲ အခြားကျောင်းတွေကလည်း အခုလို စီစဉ်ပေးရင် ကောင်းမယ်ရှင့်။ ကုသိုလ်လည်းရတယ်၊ ဗဟုသုတတွေလည်းရသလို အပန်းလည်းပြေတာ မို့ အားလုံးလာရောက်ဖူးမြော်ကြစေချင်တယ်။
Mr Yorgos နှင့် Ms Angeliki (ဂရိနိုင်ငံသား)

ဘုရားဖူးတွေသိပ်များလို့   အံ့ဩမိတယ်။   မြန်မာလူမျိုးတွေရဲ့ ဘာသာရေးအပေါ်ထားတဲ့  ကြည်ညိုမှုကိုလည်း   လေးစားပါတယ်။ အမှန်က  လူတွေများလွန်းတဲ့အတွက်  ဘုရားပွဲကျင်းပနေတယ်လို့ ထင်မိခဲ့တာ။ မြန်မာနိုင်ငံမှာ စေတီ၊ ဘုရားတွေ သိပ်ကိုပေါများတယ်။ ဒါပေမယ့်  ဒီဘုရားဆင်းတုတော်ကတော့  ထူးခြားတယ်။  စကျင် ကျောက်သားနဲ့ ထွင်းထုထားတာဖြစ်လို့ပါ။ ဘုရားကိုလာတဲ့အားလုံး ပျော်ရွှင်ကြည်နူးနေကြတဲ့ မျက်နှာတွေကိုမြင်ရတာ ကျွန်တော်တို့လည်း ကူးစက်ပြီး ပျော်ရွှင်ရပါတယ်။ ကျွန်တော်တို့က ဂရိနိုင်ငံကလာရောက် တာဖြစ်ပြီး  မြန်မာနိုင်ငံရဲ့   အခြားသောနေရာအနှံ့အပြားကိုလည်း လည်ပတ်ဖို့ ဆန္ဒရှိပါတယ်။ ထူးခြားတာက ဘုန်းတော်ကြီးကျောင်းလား၊ ဗိမာန်လား (သာသနာ့ဗိမာန်တော်ကြီး) ကို သဘောကျတယ်။ ခမ်းနား တယ်၊ လှပတယ်၊ ဗိသုကာအဆင့်မြင့်တယ်။ ကျောက်စာတွေကိုတော့ ဘုရားပေါ်က အပြန်မှာဝင်ကြည့်မှာပါ။ မမြင်ရသေးတော့ မှတ်ချက် မပေးတတ်သေးဘူး။ မြန်မာနိုင်ငံက အရေးကိစ္စတွေအများကြီးရှိပေမယ့် အခုလို ဘာသာတရားကိုင်းရှိုင်းပြီး အေးချမ်းမှုတွေလည်း ရှိတယ်ဆိုတာ မာရဝိဇယဘုရားကိုအရောက်လာရင်း သိလာခဲ့တယ်။


တွေ့ဆုံမေးမြန်း - ခင်ရတနာ၊ သန်းသန်းလှိုင်
ဓာတ်ပုံ - မေဦးမိုး