မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား အနယ်နယ်အရပ်ရပ်မှ ရဟန်းရှင်လူဘုရားဖူးပြည်သူများ လာရောက်ဖူးမြော်ကြည်ညို

 

နေပြည်တော်   ဩဂုတ်   ၈


ပြည်ထောင်စုနယ်မြေ   နေပြည်တော်  ဒက္ခိဏသီရိ မြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထား ပူဇော်အောင်မြင်ခဲ့သည့်   ကမ္ဘာပေါ်ရှိ   ထိုင်တော်မူ ကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော် အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ် ကြီးအား ယနေ့နံနက် ၆ နာရီ မှစတင်၍ အများပြည်သူ  ဖူးမြော်ကြည်ညိုခွင့်ပြုခဲ့ရာ   အနယ်နယ်အရပ်ရပ်မှ လာရောက်ဖူးမြော်ကြည်ညိုကြသည့် ရဟန်းရှင်လူ ဘုရားဖူးလာပြည်သူများဖြင့် အထူးစည်ကားခဲ့သည်။ 


ဦးစွာ တာဝန်ရှိသူများက ဘုရားဖူးလာပြည်သူ များ   ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့်    စိတ်လက် အေးချမ်းစွာ  ဘုရားဖူးမြော်နိုင်ရေးအတွက်  ဘုရား မုခ်ဦးများရှေ့တွင် လုံခြုံရေးအရ လိုအပ်သည့်စစ်ဆေး မှုများဆောင်ရွက်ပေးပြီး သံဃာတော်များ၊  မသန်စွမ်း သူများနှင့်သက်ကြီးရွယ်အိုများ ဘုရားရင်ပြင်တော်သို့ သွားလာရေးလွယ်ကူစေရန်အတွက် မော်တော်ယာဉ် ငယ်များဖြင့် စနစ်တကျ ပို့ဆောင်ပေးသည်။ 


ထို့နောက် ဘုရားဖူးလာရဟန်းရှင်လူ ပြည်သူ များသည် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုကြပြီး   စိတ်အေးချမ်းသာစွာဖြင့် တရားဘာဝနာပွားများခြင်း၊   အသင်းအဖွဲ့အလိုက် ဝတ်ရွတ်ပူဇော်ခြင်းတို့ကို ဆောင်ရွက်ကြသည်။ 
မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးတည်ထား ပူဇော်ထားသည့် ဘုရားရင်ပြင်တော်ပေါ်သို့ အလွယ် တကူ တက်ရောက်ဖူးမြော်ကြည်ညိုနိုင်ရေးအတွက်   စက်လှေကားကိုလည်း   ထည့်သွင်းတည်ဆောက် ထားရှိရာ   မသန်စွမ်းသူနှင့်   သက်ကြီးရွယ်အိုများ အတွက် များစွာအဆင်ပြေလှပြီး  စိတ်အေးချမ်းသာ စွာဖြင့် ဘုရားဖူးမြော်ကြည်ညိုနေကြသည့် မြင်ကွင်း ကိုလည်း တွေ့မြင်ရသည်။ 


မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထား ပူဇော်ထားသည့် ရင်ပြင်တော်ပတ်လည်၌ ဂန္ဓကုဋိ တိုက်  ၂၄   ဆောင်ကို   စကျင်ကျောက်များဖြင့် တည်ဆောက်ထားရှိရာ    ဘုရားဖူးလာပြည်သူများ အနေဖြင့် စိတ်အေးချမ်းသာစွာ ဂန္ဓကုဋိတိုက်တော် များအတွင်းမှ ဘုရားကြီးကို ဖူးမြော်ကြည်ညိုနိုင်ကြ သည်။ 


ထို့ပြင်  ဘုရားဖူးလာရဟန်းရှင်လူ ပြည်သူများ အနေဖြင့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လာရောက်ဖူးမြော်ချိန်တွင် ပိဋကတ်သုံးပုံတော်လာ အဋ္ဌကထာ ဋီကာကျမ်းစာများကို တစ်ပါတည်းလေ့လာဖတ်ရှုကြည်ညိုနိုင်ရေးအတွက် စကျင်ကျောက် ချပ်များပေါ်၌   ခေတ်မီစက်ကိရိယာများအသုံးပြု ၍ ပါဠိအက္ခရာ၊  Romanize   Language   တို့ဖြင့် ကျောက်စာတော်များ ထွင်းထုထည့်သွင်းထားသည့်  ကျောက်စာရုံစေတီတော် အဆူ ၇၂၀  ကို ရုပ်ပွားတော် မြတ်ကြီး၏ရှေ့မျက်နှာမူရာတည့်တည့်၌ တည်ဆောက် ပူဇော်ထားရှိရာ  စိတ်ဝင်စားစွာ   ဖူးမြော်လေ့လာ ကြည်ညိုကြသည့်    အနယ်နယ်အရပ်ရပ်မှ   ဘုရား ဖူးလာပြည်သူများဖြင့် စည်ကားခဲ့သည်။ 

 


အဆိုပါ     ကျောက်စာရုံစေတီတော်များကို မန္တလေးမြို့ မဟာကုသိုလ်တော်ဘုရား ကျောက်စာရုံ များပုံစံယူ၍ တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ဘုရားဖူးလာ ရဟန်းရှင်လူ  ပြည်သူများအနေဖြင့်   မည်သည့် ကျောက်စာရုံ၌     ပိဋကတ်သုံးပုံကျမ်းစာများကို လေ့လာသည်ဖြစ်စေ ကျောက်စာရုံများမှ ထွက်သည့် အခါ၌ ဘုရားကြီး၏မျက်နှာတော်ကို တွေ့မြင်ဖူးမြော် ကြည်ညိုနိုင်ရန်နှင့် ပိဋကတ်သုံးပုံ အဋ္ဌကထာဋီကာ ကျမ်းစာများသည်လည်း   ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ၏ မျက်နှာတော်မူရာတွင်  တည်ရှိနေရန်  စစ်အင်ဂျင် နီယာညွှန်ကြားရေးမှူးရုံးမှ ပညာရှင်များ၊ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီမှ ပညာရှင်များ၊ အခြားအရပ် ဘက်ကျွမ်းကျင်ပညာရှင်များက စနစ်တကျတွက်ချက် တည်ဆောက်ထားခြင်းဖြစ်ပြီး ဘုရားဖူးလာပြည်သူ များအနေဖြင့် ဝင်ရောက်ဖူးမြော်ရာ၌ ကျောက်စာရုံ စေတီတော်များ၏ ဗိသုကာလက်ရာ၊ အင်ဂျင်နီယာ ပညာရပ်များကိုလည်း လေ့လာနိုင်မည်ဖြစ်သည်။ 
အဆိုပါ    မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားပူဇော်ထားရှိရာ  ဗုဒ္ဓဥယျာဉ်တော်အတွင်း၌ ဩဝါဒါစရိယဆရာတော်ကြီးများ၏ ဩဝါဒခံယူလျက် ပိဋကတ်တော်လာအဆိုများနှင့် မဟာဗုဒ္ဓဝင် ကျမ်းဂန် တော်များနှင့်အညီ ပြည့်စုံစွာတည်ထားကိုးကွယ်ခဲ့ သည့်   မုစလိန္ဒကန်နှင့်   နဂါးရုံဘုရားတို့ကိုလည်း ဘုရားဖူးလာပြည်သူများက ကြည်ညိုစွာဖြင့် ဖူးမြော် ကြသည်။ 
ထို့ပြင်   ရုပ်ပွားတော်မြတ်ကြီး    ပရိဝုဏ်တော် အတွင်းနှင့်  ဗုဒ္ဓဥယျာဉ်တော်အတွင်း၌   စနစ်တကျ တည်ဆောက်ထားရှိသည့် ရေပန်းရင်ပြင်နှင့် ရေပန်း ဝိုင်းအကြီး၊   ရေပန်းဝိုင်းအသေးနေရာများ၌လည်း  ဘုရားဖူးလာပြည်သူများအနေဖြင့်   မိသားစုအလိုက် လည်းကောင်း၊ မိတ်ဆွေသူငယ်ချင်းအစုအဖွဲ့လိုက် လည်းကောင်း  ပျော်ရွှင်စွာ   အမှတ်တရဓာတ်ပုံရိုက် နေကြသည့် မြင်ကွင်းကိုလည်း တွေ့မြင်ရသည်။ 


ဗုဒ္ဓဥယျာဉ်တော်အတွင်း တည်ထားပူဇော်ထား သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ဘုရား ကျောင်းကန်များအား လာရောက်ဖူးမြော်ကြည်ညို ကြသည့် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူ များ ခေတ္တအနားယူနိုင်စေရေးအတွက်  ကျွန်းတိုင်များ အသုံးပြု၍ မြန်မာမှုလက်ရာများဖြင့်  ရှေးမူမပျက် ဆောက်လုပ်ထားသည့်  သုဓမ္မာဇရပ်များတွင်လည်း အေးချမ်းစွာ     အပန်းဖြေအနားယူကြသူများဖြင့် စည်ကားလျက်ရှိသည်။ 


မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသို့ လာရောက် ဖူးမြော်ကြည်ညိုကြသည့်   အနယ်နယ်အရပ်ရပ်မှ ရဟန်းရှင်လူပြည်သူများအနေဖြင့် ကြည်ညိုသဒ္ဓါပွား များလျက်   စေတနာသဒ္ဓါတရား   ထက်သန်စွာဖြင့် အလှူငွေများကို ပေးအပ်လှူဒါန်းလျက်ရှိကြပြီး ခုနစ် ရက်သားသမီးအလှူရှင်များအနေဖြင့်လည်း ဘုရားဖူး ပြည်သူများသုံးဆောင်နိုင်ရန်အတွက်  သက်သတ် လွတ် သီးစုံဒံပေါက်များကို အာဟာရဒါနစတုဒိသာ အဖြစ် ကျွေးမွေးလှူဒါန်းကြသည်။ 


အဆိုပါ  ဗုဒ္ဓဥယျာဉ်တော်အတွင်း   မာရဝိဇယ ကျောင်းတော်နှင့်  သာသနာရေးဆိုင်ရာအခမ်းအနား များကို ခမ်းနားသိုက်မြိုက်စွာ ကျင်းပနိုင်ရန်  သံဃာ တော်အပါး ၉၀၀ နှင့် လူပရိသတ် ၁၂၀၀ ဝင်ဆံ့နိုင် သည့် အလျား ၂၉၆ ပေ၊ အနံ ၂၁၃ ပေ၊ အမြင့် ၉၄ ပေရှိ အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော်ကြီးကိုလည်း ခမ်းနားထည်ဝါစွာဖြင့် တည်ဆောက်ထားသည်ကို တွေ့မြင်ရမည်ဖြစ်သည်။ 
အဆိုပါ   မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား   ရဟန်းရှင်လူ    အများပြည်သူများအနေဖြင့်  ဩဂုတ် ၈ ရက်မှ ၁၆ ရက်အထိ  နံနက် ၆ နာရီမှ ည ၈ နာရီအတွင်း အခမဲ့ဝင်ရောက် ဖူးမြော်ကြည်ညိုနိုင် ပါကြောင်း  နိဗ္ဗာန်အကျိုးမျှော်၍  နှိုးဆော်အသိပေး လိုက်ရပါသည်။    

အောင်သန့်၊  ဓာတ်ပုံ -  ဖိုးပြည့်စုံ