
ဒေါက်တာမင်းသန့် (ဒဿန)
နိုင်ငံတော်ကို ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်ကြီး ဖြစ်ပေါ်လာစေရန် ဦးတည်ဆောင်ရွက်လျက်ရှိရာတွင် ကောင်းမွန် သော အုပ်ချုပ်မှုစနစ် ဖြစ်ပေါ်လာစေရေးအတွက် ကိုယ်ကျင့်တရားကောင်းမွန်သည့် နိုင်ငံ့ဝန်ထမ်းများ က အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိပါ သည်။
ဝန်ထမ်းကောင်းများ ဖြစ်ပေါ်လာစေရေး အတွက် နိုင်ငံတော်အစိုးရက စဉ်ဆက်မပြတ် လေ့ကျင့်ဆောင်ရွက်ပေးလျက်ရှိရာ နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ ဗဟိုလေ့ကျင့်ရေးကျောင်းသည်လည်း ခေါင်းဆောင် မှုသင်တန်းများ၊ အရာရှိငယ်စီမံသင်တန်းများ၊ စာရေးဝန်ထမ်းသင်တန်းများ၊ အမျိုးသမီးအိမ်တွင်း မှု သက်မွေးလုပ်ငန်းပညာသင်တန်းများ၊ ခေတ်မီ မော်တာစက်ချုပ်သင်တန်းများ... စသည့်သင်တန်း များ ဖွင့်လှစ်လေ့ကျင့်ပေးလျက်ရှိပြီး ထိုသင်တန်း များတွင် ဝန်ထမ်းကောင်းများ၌ ရှိအပ်သည့် ကိုယ်ကျင့်တရားကောင်းမွန်ရေး ဘာသာရပ်ကို ထည့်သွင်းသင်ကြားလေ့ကျင့်ပေးလျက်ရှိသည်။
ဗဟိုလေ့ကျင့်ရေးကျောင်းမှ ဖွင့်လှစ်သည့် သင်တန်းများတွင် စာရေးသူက ကိုယ်ကျင့်တရား ဘာသာရပ်ကို ၂၀၀၇ ခုနှစ်မှ ယနေ့အထိ “ကိုယ်ကျင့်တရားနှင့် တာဝန်ဝတ္တရား” ခေါင်းစဉ် ကျမ်းငယ်တစ်စောင် ရေးသားပြုစု၍ တာဝန်ရှိသူ အထက်ဌာနထံ တင်ပြခွင့်ပြုချက်ရယူပြီး သင်ကြား ပို့ချလေ့ကျင့်ပေးနေပါသည်။ ကိုယ်ကျင့်တရား ဘာသာရပ်သည် ဝန်ထမ်းများအတွက်သာမက လူသားအားလုံးအတွက် လိုက်နာကျင့်ကြံရန် အလွန်အရေးကြီးပါသည်။ ကိုယ်ကျင့်တရား ဆိုသည်မှာ လူသားတိုင်း နေ့စဉ်ကြံစည်၊ ပြောဆို၊ ပြုမူ လုပ်ကိုင်ဆောင်ရွက်ချက်များပင်ဖြစ်ပါသည်။ ထို့ကြောင့် ကိုယ်ကျင့်တရားများတွင် မှန်ခြင်း မှားခြင်း၊ ကောင်းခြင်းဆိုးခြင်း၊ မြင့်မြတ်ခြင်း ယုတ်နိမ့်ခြင်း စသည့်တန်ဖိုးဖြတ်မှုများ ရှိလာ ပါသည်။
ကိုယ်ကျင့်တရား၏ အဓိကအချက်များ
လူတစ်ဦးအတွက် မိမိ၏ အပြောအဆို၊ အပြုအမူသည် မိမိကိုလည်းမထိခိုက်၊ သူတစ်ပါး ကိုလည်း နစ်နာမှုမရှိ၊ စိတ်ပူပန်စရာလည်းမလို၊ နောင်တရစရာလည်းမဖြစ်လျှင် ထိုအပြောအဆို၊ အပြုအမူသည် မှန်၏။ ကောင်း၏။ မိမိ၏ အပြော အဆို၊ အပြုအမူ၊ လုပ်ကိုင်ဆောင်ရွက်မှုသည် မိမိအတွက် မကောင်း၊ သူတစ်ပါးကိုလည်း ထိခိုက် နစ်နာစေ၏၊ ထို့အတွက် စိတ်ပူပန်မှု ရောက်ရ၏။ ပူဆွေးသောကလည်း ဖြစ်ရ၏၊ ပြောဆိုလုပ်ကိုင်မိ သည်မှာ မှားလေခြင်းဟု နောင်တတစ်ဖန်လည်း ပူပန်ရ၏ဟုဆိုလျှင် ထိုအပြောအဆိုပြုမူလုပ်ကိုင် မှုသည် မမှန်၊ မှား၏။ ယုတ်နိမ့်လေသည်။ ဤကား ကိုယ်ကျင့်တရား၏ အဓိကအချက်များပင် ဖြစ်ပါ သည်။
ထို့ကြောင့် ကိုယ်ကျင့်တရားကောင်းလျှင် လူ့တန်ဖိုးမြင့်မားလာပြီး နိုင်ငံတာဝန်ထမ်းဆောင် ကြရသည့် ဝန်ထမ်းများအတွက်မူကား တာဝန်သိ၊ တာဝန်ယူတတ်သည့် ဝန်ထမ်း၊ နိုင်ငံတော်အပေါ် သစ္စာစောင့်သိသည့် ဝန်ထမ်း၊ အမျိုးဘာသာ သာသနာအပေါ် ထိန်းသိမ်းစောင့်ရှောက်တတ် သည့် ဝန်ထမ်းကောင်းများ ဖြစ်လာပေလိမ့်မည်။
ကိုယ်ကျင့်တရား ကောင်းမွန်စေရေး
ကိုယ်ကျင့်တရားပျက်ယွင်းလျှင်မူကား မိမိ၏ ပစ္စုပ္ပန်ဘဝ၊ တမလွန်ဘဝ ဆင်းရဲဒုက္ခကြုံရမည့် အပြင် မိမိ မိသားစု၊ မိမိတာဝန်ယူရာ အဖွဲ့အစည်း၊ လူ့ပတ်ဝန်းကျင်ကို ထိခိုက်နစ်နာစေတတ်ပါသည်။ ထို့ကြောင့် ဝန်ထမ်းတိုင်း၊ လူသားတိုင်း မိမိဘဝ တိုးတက်မြင့်မားစေသည့် ကိုယ်ကျင့်တရားများ မှန်ကန်ကောင်းမွန်စေရေး အလေးထားဖြည့်ဆည်း ကျင့်ကြံသွားကြရမည်ဖြစ်ပါသည်။
မြန်မာမှုနယ်ပယ်တွင် ကိုယ်ကျင့်တရားနှင့် ပတ်သက်၍ ကိုယ်ကျင့်သီလဟု ယှဉ်တွဲသုံးနှုန်းပါ သည်။ ဤသို့ဆိုရခြင်းမှာ သီလစောင့်ထိန်းခြင်း၊ သီလကောင်းခြင်း၊ သီလလုံခြုံခြင်းသည် ကိုယ်ကျင့် တရားများပင် ဖြစ်လေရာ သီလကောင်းခြင်းသည် ကိုယ်ကျင့်တရားကောင်းခြင်းပင်ဖြစ်သည်။ သီလ ဆိုသည်မှာ မကောင်းမှုများ မပြုမိအောင် မိမိကိုယ်ကို ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ သူတစ်ပါးမထိခိုက်၊ မနစ်နာ၊ မပျက်စီးအောင် ရှောင်ကြဉ်ခြင်းပင်ဖြစ်ရာ ကိုယ်ချင်းစာမှု၊ သနားကြင်နာမှု၊ မေတ္တာထားမှုများ အပြင် ဘုရားရှင်ညွှန်ကြားထားသည့် “အတ္တသမ္မာ ပဏိဓိ” မိမိကိုယ်ကို ထိန်းသိမ်းစောင့်ရှောက်ခြင်း ဖြစ်၍ ကိုယ်ကျင့်တရား ပြည့်စုံသောသူဖြစ်ပေမည်။
ဝန်ထမ်းများသည်လည်း နိုင်ငံသူ နိုင်ငံသားများ ပင်ဖြစ်ကြရာ နိုင်ငံသားအားလုံး ကိုယ်ကျင့်တရား ကောင်းအောင် ဖြည့်ကျင့်ရမည်ဖြစ်ပါသည်။ ကိုယ်ကျင့်သီလ ပျက်စီးယိုယွင်းသောသူသည် မိမိကိုယ်ကို ဖျက်ဆီးရုံသာမက လူ့ဘောင်အဖွဲ့ အစည်းကိုပါ ဖျက်ဆီးလာသည်ကို မျက်ဝါးထင်ထင် တွေ့မြင်နိုင်ပါသည်။ ကိုယ်ကျင့်သီလပျက်စီး ယိုယွင်းသောသူသည် အပြစ်မဲ့သောသူကိုလည်း သတ်၏။ ပြည်သူပိုင်ပစ္စည်းများကိုလည်း ဖျက်ဆီး ၏၊ သာသနာ့ဝန်ထမ်းများနှင့် သာသနိကအဆောက် အဦပစ္စည်းများကိုလည်း စော်ကားရဲ၏။ မှန်သည် မှားသည်ကိုလည်း မသိ၊ ကောင်းသည် ဆိုးသည်ကို လည်း နားမလည်၊ မိုက်တွင်းနက်လေတော့သည်။
ကိုယ်ကျင့်သီလလုံခြုံအောင်
စောင့်ထိန်းလိုက်နာလျှင်
ထို့ကြောင့် နိုင်ငံ့ဝန်ထမ်းများအပါအဝင် ပြည်သူ အားလုံး ကိုယ်ကျင့်သီလ လုံခြုံအောင် စောင့်ထိန်း လိုက်နာလျှင် သစ္စာစောင့်သိခြင်းကို တန်ဖိုးထား တတ်လာကြမည်ဟုဆိုရခြင်း ဖြစ်ပါသည်။ သို့ဖြစ်ရာ မည်သည့်အရာများအား သစ္စာစောင့်သိတန်ဖိုးထားရမည်နည်းဟုဆိုလျှင် . . .
(က) အမျိုး၊ ဘာသာ၊ သာသနာအပေါ် သစ္စာ စောင့်သိရပေမည်။
( ခ ) နိုင်ငံတော်အပေါ် သစ္စာစောင့်သိရပေ မည်။
( ဂ ) မိမိတာဝန်ထမ်းဆောင်သောဌာန(သို့)အဖွဲ့အစည်းအပေါ် သစ္စာစောင့်သိရ ပေမည်။
(ဃ) ဆရာနှင့်တပည့်၊ လင်နှင့်မယား တစ်ဦး အပေါ်တစ်ဦး သစ္စာစောင့်သိရပေမည်။
အချုပ်အားဖြင့်ဆိုရသော် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ ဦးတည်ချက် (၁၂) ရပ်အနက် စစ်မှန် ၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို တရားမျှတမှုအပြည့်ကျင့်သုံးပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်နိုင်ရေးဆိုသည့် နိုင်ငံရေးဦးတည်ချက် ကို အကောင်အထည်ဖော်နိုင်ရန်အတွက် နိုင်ငံ့ ဝန်ထမ်းများ အပါအဝင်၊ ပြည်သူပြည်သားအားလုံး၊ လူသားများအားလုံး ကိုယ်ကျင့်သီလများကို သိရှိ လိုက်နာ၊ ထိန်းသိမ်းစောင့်ရှောက်ခြင်းအားဖြင့် မိမိအကျိုးစီးပွား၊ နိုင်ငံအကျိုးစီးပွား၊ အမျိုးဘာသာ သာသနာအကျိုးစီးပွား တိုးတက်ကောင်းမွန်ကာ တည်ငြိမ်အေးချမ်းသာယာသော အကျိုးရလဒ်များ ဖြစ်ထွန်းစေမည်ဖြစ်ပါကြောင်း ရေးသားတင်ပြ လိုက်ရပါသည်။ ။
- Log in to post comments