
သိုက်စိုးထွန်း(နတ်ရွာ)
“ပညာမာန”ဆိုတဲ့စကားလုံးကို ကိုယ့်ပတ်ဝန်းကျင်ထဲမှာ မကြာခဏကြားဖူးကြမှာပါ။ “ဒီလူက ပညာမာနရှိတယ်”၊ “သူ့ကို သွားမစမ်းနဲ့နော်၊ ပညာမာနနဲ့လူ” ဆိုတာမျိုး။ “ပညာမာန”ဆိုတဲ့စကားလုံးကို ဖွင့်ဆိုပုံအမျိုးမျိုးရှိမှာဖြစ်ပေမယ့် သာမန်အားဖြင့်တော့ ဒီအသံကိုကြားလိုက်ရရင် သိပ်ပြီးသဘောကျဟန်မပြတဲ့ တုံ့ပြန်ချက်မျိုးတွေ တွေ့မြင်ရလေ့ရှိပါတယ်။ ပညာမာနရှိတဲ့သူလို့ပြောလိုက်ရင် ပညာတော့ တတ်ပါရဲ့။ သူတတ်ထားတဲ့ပညာကို အကြောင်း ပြုပြီး မာန်ထောင်ဝင့်လွှားနေတဲ့သူ၊ ဘဝင်မြင့်နေတဲ့သူ၊ တခြားသူတွေကို တန်းတူရည်တူမဆက်ဆံလိုတဲ့သူ၊ ပေါင်းလို့သင်းလို့ သိပ်အဆင်မပြေတဲ့သူ၊ ဒီလိုမြင်ကြတယ်ထင်ပါရဲ့။
“ပညာ မြင်-ကြား၊ ရှိပါငြားလည်း၊ တရားအလွတ်၊ စကားတတ်လျက်၊ ယုတ်မြတ်ပုဂ္ဂိုလ်၊ လူထိုထိုအား၊ အလိုမိုက်ဆိုး၊ မာနကိုး၍၊ လွှမ်းမိုးနှုတ်လျှာ၊ ပြောတတ်ပါမူ၊ ထိုပညာရှိ၊ မိမိအတတ်၊ ကိုယ့်ကို သတ်၏”တဲ့။ မာန်လည်ဆရာတော်ဘုရားကြီးက မဃဒေဝလင်္ကာသစ်မှာ ဆိုဆုံးမထားပါတယ်။ ပညာကိုအကြောင်းပြုပြီး အခြောက်တိုက်ဘဝင်မြင့်၊ မာနကြီးနေတာမျိုးကတော့ မသင့်တော်ဘူးပေါ့။ ဆရာတော်မိန့်သလို ကိုယ့်ကိုယ်ကိုယ် ဒုက္ခများ အောင် ဖန်တီးနေမိသလို ဖြစ်မှာပေါ့။
မာန်တဝင့်ဝင့်ဖြစ်နေတာမျိုးမဟုတ်
ဦးချိုရှိတဲ့သတ္တဝါက ဦးချိုကိုအားကိုးပြီး၊ အစွယ် ရှိတဲ့သတ္တဝါက အစွယ်ကိုအားကိုးပြီး၊ အဆိပ်ရှိတဲ့ သတ္တဝါက အဆိပ်ကိုအားကိုးပြီး မာန်ဝင့်ကြသတဲ့။ ပညာရှိတဲ့သူက ပညာကိုအားကိုးပြီး မာန်ဝင့်လိုက် ရင်၊ မာနတက်ပြီး ထောင်လွှားနေလိုက်ရင်တော့ စောစောက ဦးချိုပိုင်ရှင်၊ အစွယ်ပိုင်ရှင်တွေနဲ့ တစ်သဘောတည်းဖြစ်သွားတော့မှာပေါ့။ ဒီနေရာ မှာတင်ပြချင်တဲ့ ပညာမာနဆိုတာကတော့ ဒီလို မာန်တဝင့်ဝင့် ဖြစ်နေတာမျိုးကိုဆိုလိုတာ မဟုတ်ပါ ဘူး။
ပညာမာနဆိုတဲ့စကားလုံးကို ခွဲကြည့်ရင် ပညာ ဆိုတာရယ်၊ မာနဆိုတာရယ်တွေ့ရမှာပေါ့။ ပညာ ဆိုတဲ့ စကားလုံးကို “အသိဉာဏ်၊ ခွဲခြမ်းဝေဖန်နိုင် စွမ်းသောအသိဉာဏ်၊ အတတ်”လို့ မြန်မာအဘိဓာန် က ဖွင့်ဆိုပါတယ်။ ပညာဆိုတဲ့စကားလုံးကိုတော့ မကောင်းတဲ့သဘောနဲ့ ရှုမြင်တာ မတွေ့ရသလောက် ပါပဲ။ “သူတို့အမျိုးက ပညာသည်တွေနော်”ဆိုပြီး ရွာထဲရပ်ထဲက သတင်းသိုးသိုးသန့်သန့်ကြားရရင် နည်းနည်း ကျောချမ်းသွားတာမျိုးတော့ ရှိတာပေါ့။ ဒါကလည်း အောက်လမ်းပညာ၊ စုန်းပညာဆိုတဲ့ မကောင်းတဲ့ အတတ်ပညာရှိနေတဲ့သူဆိုတာမျိုးကို ရည်ညွှန်းတဲ့အတွက်ပါ။ ယေဘုယျအားဖြင့်ကတော့ ပညာလို့ပြောလိုက်ရင် ကောင်းတဲ့သဘောလက္ခဏာ ကိုသာ ဆိုလိုမှန်းသိကြပါတယ်။ ဒီနေရာမှာတော့ ပညာဆိုတဲ့စကားလုံးက အသိပညာပဲဖြစ်ဖြစ်၊ အတတ်ပညာပဲဖြစ်ဖြစ်၊ ပညာရပ်အားလုံးအတွက် ရည်ညွှန်းတာဖြစ်ပြီး ပညာရှင်ဆိုတာက အတတ်၊ အသိပညာတစ်ခုခုကို တတ်သိနားလည်ထားတဲ့ သူကို ရည်ညွှန်းပါတယ်။ ခက်ခဲနက်နဲတဲ့ပညာရပ် တွေကို ကျွမ်းကျင်တတ်မြောက်မှ ပညာရှင်လို့ဆိုလို တာ မဟုတ်ပါဘူး။ ဘယ်လို အသိပညာ၊ အတတ် ပညာမျိုးကို တတ်သိကျွမ်းကျင်ထားသူကိုပဲဖြစ်ဖြစ် ပညာရှင်လို့ ပြောရမှာပါပဲ။
မာနဆိုတာကျတော့ “ထောင်လွှားမောက်မာမှု၊ မာန်ဝင့်မှု”လို့ အဘိဓာန်ကဖွင့်ပါတယ်။ ဒီလိုဆိုတော့ မာနဆိုတာ မကောင်းတဲ့အရာကြီးပေါ့။ သူကတော့နည်းနည်းရှုပ်ထွေးနက်နဲတဲ့ သဘောရှိပုံရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မာနကိုကောင်းတဲ့ရှုထောင့် ဘက်ကလည်း ယူသုံးကြတာတွေ့ရလို့ပါ။ “ဇာတိ၊ ပုည၊ ဂုဏ်၊ မာန”ဆိုတဲ့အသုံးအနှုန်းမှာ မာနကိုကောင်းတဲ့ဘက်ကမြင်နိုင်သလို ဒီမာနကနေယူထား တဲ့မာန်ကိုလည်း “အားမာန်”၊ “ဇွဲမာန်”၊ “ဇာတိသွေး ဇာတိမာန်”စသည်အားဖြင့် ကောင်းတဲ့ဘက်က ယူတဲ့ အသုံးအနှုန်းမျိုးတွေလည်းရှိတာကို တွေ့ရမှာ ပါ။ ဒီတော့ စကားလုံးနှစ်ခုကိုတွဲထားတဲ့ ပညာမာန ဆိုတာကလည်း ကောင်းတဲ့ဘက်ကရော မကောင်း တဲ့ ဘက်ကပါ ယူလို့ရတယ်လို့ ဆိုနိုင်ပါတယ်။
ဒီနေရာမှာတော့ ပညာမာနဆိုတာကို ကောင်းတဲ့ရှုထောင့်ကနေ ဘယ်လိုခံယူစွဲကိုင်သင့် တယ်၊ ဒီအဓိပ္ပာယ်ကို ဘယ်လိုယူသင့်တယ်ဆိုတဲ့ အမြင်လေးတွေကို ပုဂ္ဂလိက အတ္တနောမတိနဲ့ ချဉ်းကပ်တင်ပြသွားမှာပါ။ သင့်တယ်ထင်ရင်ယူပြီး၊ မသင့်ဘူးထင်ရင် ပယ်လိုက်ရုံပါပဲ။ သိပ်တော့အငြင်း ပွားနေဖို့ မရှိပါဘူး။
ပညာမာနဆိုတာ
ပထမဆုံးအနေနဲ့တော့ ပညာမာနဆိုတာကို သိရှိနားလည်တတ်ကျွမ်းထားတဲ့ အတတ်ပညာ၊ အသိပညာကို တန်ဖိုးထားတဲ့စိတ်၊ ပညာရပ်ဆိုင်ရာ စံတန်ဖိုးတွေကို အလျော့မခံနိုင်တဲ့စိတ်၊ ပညာရပ် ဆိုင်ရာ ကျင့်ဝတ်စံနှုန်းတွေကနေ သွေဖည်မသွား အောင် ထိန်းသိမ်းထားလိုတဲ့စိတ်ဆိုတဲ့ အဓိပ္ပာယ် မျိုးကို ယူလိုပါတယ်။
ကိုယ်က ဆရာဝန်တစ်ယောက်ဖြစ်တယ်ဆိုပါစို့။ ကိုယ့်ပညာကိုအသုံးပြုပြီး လူ၊ သတ္တဝါတွေရဲ့ အသက်ကို ကယ်ရမှာပေါ့။ ကိုယ့်ရှေ့ကိုရောက်လာ တဲ့လူနာက ကိုယ်ချစ်ခင်လေးစားရတဲ့သူ ဖြစ်ချင် ဖြစ်မယ်၊ ဒါမှမဟုတ် တွေ့ရာသင်္ချိုင်း ဓားမဆိုင်း ဆိုတဲ့အထိ မုန်းတီးစက်ဆုပ်နေခဲ့တဲ့ ရန်သူဖြစ်ချင် ဖြစ်နေမယ်။ ချစ်သူ၊ မုန်းသူ ဘယ်သူပဲဖြစ်ဖြစ် ကိုယ့်ရှေ့ကိုရောက်လာတဲ့လူနာမှန်ရင် ကိုယ်တတ် ကျွမ်းထားတဲ့ ဆေးပညာကို အစွမ်းကုန်အသုံးချပြီး တစ်ဖက်လူနာ ရောဂါပျောက်ကင်းရေးကိုပဲ အာရုံ စိုက်ပြီး ကုသပေးမယ်ဆိုတဲ့ ခံယူချက်ရှိတဲ့သူကို ပညာမာနရှိတဲ့သူလို့ရည်ညွှန်းချင်ပါတယ်။ ကိုယ့်ရဲ့ ပုဂ္ဂလိက ခံစားချက်တွေကြောင့် ကိုယ့်ရဲ့ပညာရပ် ဆိုင်ရာတန်ဖိုးတွေကို အယုတ်အလျော့မခံနိုင်ဘူး ပေါ့။ ချစ်ခင်ရတဲ့သူမို့လို့ ပိုကောင်းတဲ့နည်းနဲ့ ကုသလိုက်တာမျိုး၊ မုန်းနေတဲ့သူမို့လို့ ရောဂါပိုဆိုး သွားအောင် လုပ်လိုက်တာမျိုး မရှိဘူးပေါ့။
ကိုယ်က ဗိသုကာတစ်ယောက်၊ အင်ဂျင်နီယာတစ်ယောက်ဖြစ်တယ်ဆိုပါစို့။ ကိုယ်ဖန်တီးလိုက်တဲ့ အဆောက်အအုံတစ်ခုရဲ့ဒီဇိုင်းက ကိုယ်တတ်ထား တဲ့ ပညာအရတော့ အဘက်ဘက်ကပြည့်စုံအောင် အတတ်နိုင်ဆုံး အားထုတ်ဖန်တီးထားတဲ့ဒီဇိုင်း တစ်ခုပဲ ဖြစ်ရမယ်။ ကိုယ်တည်ဆောက်လိုက်တဲ့ အဆောက်အအုံတစ်ခု၊ စီမံကိန်းတစ်ခုက အရည် အသွေးပိုင်းဆိုင်ရာစံချိန်စံညွှန်းတွေနဲ့ ပြည့်မီနေတာ မျိုးပဲဖြစ်ရမယ်။ ကိုယ်က ကန်ထရိုက်တာကုမ္ပဏီ ဘက်က အင်ဂျင်နီယာမို့ ကိုယ့်အလုပ်ရှင်သူဌေး မြတ်သည်ထက်မြတ်သွားအောင် အရည်အသွေး ပိုင်းကို နည်းနည်းလျှော့လိုက်တာမျိုး အဖြစ်မခံဘူး။ ကိုယ်ကိုယ်တိုင် ကုမ္ပဏီပိုင်ရှင်ဖြစ်နေလို့ ကိုယ်ကိုယ် တိုင်အကျိုးအမြတ်ပိုရမယ်ဆိုရင်တောင်မှ အရည် အသွေးကိုအလျော့မခံဘူး။ ယုတ်စွအဆုံး အလုပ် အပ်တဲ့သူ၊ အဆောက်အအုံပိုင်ရှင်ကိုယ်တိုင်က ကုန်ကျစရိတ်ကိုချုံ့ချင်လို့ ဟိုအပိုင်း၊ ဒီအပိုင်းလေး ကို နည်းနည်းလေးလျှော့ပေးပါလို့ တောင်းဆိုရင် တောင်မှ ဒီအထပ်၊ ဒီအမြင့်နဲ့ဆိုရင် ဒီစံနှုန်းကို လျှော့လို့ မဖြစ်ဘူးဆိုတာကို နားလည်အောင်ရှင်းပြ ပြီး မူလစံနှုန်းအတိုင်းပဲလုပ်ငန်းကို ဆက်လုပ်လိုတဲ့ စိတ်။ အရည်အသွေးပိုင်းကို နည်းနည်းလေးမှ အလျော့မခံနိုင်တဲ့စိတ်။
ကိုယ်က အလုပ်သမားတစ်ယောက် ဖြစ်တယ် ဆိုပါစို့။ အလုပ်ရှင်က၊ ကိုယ့်အထက်က ကြီးကြပ် သူက အနီးကပ်ကြီးကြပ်နေသည်ဖြစ်စေ၊ မျက်ကွယ် ပြုထားသည်ဖြစ်စေ ကိုယ်ရောက်ရမယ့်အချိန် အတိုင်း လုပ်ငန်းခွင်ကိုရောက်အောင်လာ၊ ကိုယ်ပြန် သင့်တဲ့အချိန်မှ အလုပ်ကပြန်ပြီး လုပ်သင့်လုပ်ထိုက် တဲ့အလုပ်တွေကို ကိုယ်စွမ်းဉာဏ်စွမ်းရှိတဲ့အတိုင်း တတ်နိုင်သမျှ အကောင်းဆုံးဖြစ်အောင် အမြဲကြိုးစား လုပ်ကိုင်နေလိုတဲ့စိတ်ထားမျိုး။ အလုပ်သမား ဆိုတာလည်း ဘယ်အလုပ်သမားဖြစ်ဖြစ် သူ့ပညာနဲ့ သူရှိတာပေါ့။ သူတတ်သိနားလည်ထားတဲ့ ပညာ အတိုင်းပဲ အမြဲကောင်းအောင် ကြိုးစားနေလိုတဲ့ အလုပ်သမားဆိုရင် ပညာမာနရှိတဲ့ အလုပ်သမားပေါ့။
ကိုယ်က အရောင်းအဝယ်သမားဆိုရင် အရည် အသွေးမှန်တဲ့ ကုန်ပစ္စည်းကိုပဲရောင်းတယ်။ မှန်ကန် တဲ့၊ သင့်တင့်မျှတတဲ့ ဈေးနှုန်းနဲ့ပဲရောင်းတယ်။ အခါအခွင့်သင့်တုန်းဆိုပြီး အမြတ်တွေအလွန်အကျွံ တင် မရောင်းဘူး။ ကိုယ်အမြတ်ရပြီးရောဆိုပြီး အတု တွေကို အစစ်လုပ်မရောင်းဘူး။ ဒါက သူတတ်မြောက် ထားတဲ့ အရောင်းအဝယ်အတတ်ပညာအပေါ်မှာ ထားတဲ့တန်ဖိုးပါ။
ကိုယ်က ပန်းကန်ဆေးတာလောက်ပဲ တတ်ထား သေးတယ်ဆိုရင် ကိုယ်ဆေးလိုက်တဲ့ ပန်းကန် ခွက်ယောက်တိုင်းက ပြောင်လက်နေရမယ်လို့ ပိုင်းဖြတ်ထားတဲ့စိတ်။ ကိုယ်က တောက်တိုမယ်ရ လောက်ပဲ လုပ်တတ်သေးတယ်ဆိုရင်တောင်မှ အဲ့ဒီတောက်တိုမယ်ရ အလုပ်ကလေးတွေကို လုပ်တဲ့အခါတိုင်းမှာ သေသေသပ်သပ်ပြီးမြောက်သွားအောင်လုပ်လိုက်မယ်ဆိုတဲ့စိတ်။
ပညာနဲ့ချင့်ချိန်ပြီး လုပ်ကိုင်ဆောင်ရွက်
ခြင်္သေ့တွေက သမင်၊ ဒရယ်၊ စိုင်၊ ဆတ်လို ကြီးတဲ့သားကောင်တွေကို ဖမ်းတဲ့အခါပဲဖြစ်ဖြစ်၊ ယုန်လို၊ ဆိတ်လိုငယ်တဲ့သားကောင်တွေကို ဖမ်းတဲ့ အခါပဲဖြစ်ဖြစ် အားစိုက်မှုလုံ့လချင်းကတော့ အတူတူ ပါပဲတဲ့။ အကောင်သေးသေးမို့လို့ဆိုပြီး ပေါ့ပေါ့ လျော့လျော့နဲ့ ဖမ်းတာမျိုးမရှိဘူးတဲ့။ ဒီလိုပါပဲ၊ ပညာမာနရှိတဲ့သူတွေကလည်း ဘယ်အလုပ်ကိုပဲ လုပ်လုပ် ကိုယ်တတ်သိနားလည်ထားတဲ့ပညာနဲ့ ချင့်ချိန်ပြီး လုပ်ကိုင်ဆောင်ရွက်လေ့ရှိသလို ကြိုးစား အားထုတ်မှုလုံ့လဝီရိယကိုလည်း သင့်တင့်မျှတ အောင် ထားကြပါတယ်။ သူတို့လုပ်လိုက်တဲ့အလုပ်၊ သူတို့ဖန်တီးလိုက်တဲ့ဖန်တီးမှုတစ်ခုက သူတို့ တတ်မြောက်ထားတဲ့ပညာရပ်နဲ့ လိုက်လျောညီထွေ ရှိတဲ့ အရည်အသွေးမျိုး ရှိနေရမယ်ဆိုတဲ့ခံယူချက် ကို အမြဲနှလုံးသွင်းထားကြတယ်။
ဘွဲ့နှင်းသဘင်တွေမှာ သက်ဆိုင်ရာဘွဲ့ကို မပေး အပ်ခင် ပေးလိုက်မယ့်ဘွဲ့နဲ့ လိုက်လျောညီထွေရှိတဲ့ ကျင့်ကြံနေထိုင်မှုတွေပြုဖို့၊ ကျင့်ဝတ်သိက္ခာတွေ ကို စောင့်ထိန်းဖို့ ကတိကဝတ်တွေတောင်းပြီးမှ ကတိပြုပြီဆိုမှ ဒီဘွဲ့ကို အပ်နှင်းလိုက်တာမဟုတ် လား။ ဒီလိုပဲ တချို့ပညာရပ်တွေမှာလည်း ဆရာက လက်ဆင့်မကမ်းခင်မှာ ဒီပညာရပ်နဲ့ပတ်သက်လို့ ဘယ်လိုဘယ်လို ကျင့်ဝတ်တွေကို လိုက်နာပါ့မယ် ဆိုတဲ့ ကတိသစ္စာမျိုးတွေပေးပြီးမှ လက်ဆင့်ကမ်း လေ့ရှိကြတယ်။ စာအားဖြင့်၊ နှုတ်အားဖြင့် ကတိပြု ခဲ့သည်ဖြစ်စေ၊ မပြုခဲ့သည်ဖြစ်စေ တတ်သိနားလည် ထားတဲ့ပညာရပ်အပေါ်မှာ တန်ဖိုးထားဖို့၊ သစ္စာရှိဖို့ ကတော့ လူတိုင်းမှာ တာဝန်ရှိပါတယ်။ ဒီတာဝန်ကို နားလည်၊ လက်ခံ၊ ကျင့်သုံးတဲ့သူ၊ ပညာရပ်ဆိုင်ရာ တန်ဖိုးတွေကို တခြားအရာတစ်ခုခုနဲ့ လဲမပစ်နိုင်တဲ့ သူကို ပညာမာနရှိတဲ့သူလို့ ဆိုနိုင်မယ်ထင်ပါတယ်။
ပညာမာနရှိတဲ့သူ
အထက်ကပဲမေးမေး၊ အောက်ကပဲမေးမေး အကြံဉာဏ်တွေပေးဖို့ အခွင့်အရေးရလာရင် သူ့ပညာအရ လျော်ကန်သင့်မြတ်တဲ့ အကြံဉာဏ် တွေကိုပဲ အမြဲပြောလေ့ရှိတဲ့သူကို ပညာမာနရှိတဲ့ သူလို့ဆိုနိုင်မှာပေါ့။ ကိုယ့်ထက်နိမ့်ပါးတဲ့သူက မေးလာလို့ဆိုပြီး ပြီးလွယ်စီးလွယ် ကပျက်ကချော် မပြောဘူး၊ ကိုယ့်ထက်မြင့်တဲ့သူမို့လို့ဆိုပြီး ကြောက်ကြောက်လန့်လန့်နဲ့ မေးခွန်းရှင်ရဲ့ လိုလား ချက်အပေါ်ပဲမူတည်ပြီး ခေါင်းညိတ်၊ ခေါင်းခါမလုပ် ဘူး။ ဖြစ်သင့်ဖြစ်ထိုက်တဲ့ အနေအထားတစ်ခုကိုပဲ ကျိုးသင့်ကြောင်းသင့် ရှင်းလင်းပြောကြားဝံ့တဲ့သူ၊ အကြံပြုဝံ့တဲ့သူပေါ့။ ကိုယ်သိရှိနားလည်ထားတဲ့ ပညာရပ်တစ်ခု၊ အမှန်တရားတစ်ခုအပေါ်မှာ သစ္စာ ရှိတဲ့သူ၊ စောင့်စည်းတဲ့သူလို့ ဆိုနိုင်မယ်ထင်ပါရဲ့။ ဂရိအတွေးအခေါ်ပညာရှင်ကြီး ဆိုကရေတီးကတော့ သူယုံကြည်တဲ့ဝါဒကို စွန့်လွှတ်ရမယ့်အစား၊ သူ့ပြော ခဲ့တဲ့စကားတွေကို ပြန်လည်ရုပ်သိမ်းရမယ့်အစား အဆိပ်ခွက်ကိုပဲ ရွေးချယ်ခဲ့သတဲ့။ အသက်နဲ့ကိုယ်ကို စွန့်လွှတ်ဝံ့တဲ့ အထိ ပညာကိုတန်ဖိုးထားဖို့ကတော့ သိပ်ကိုခက်ခဲ မှာပါ။ ဘာပဲဖြစ်ဖြစ် အတိုင်းအတာတစ်ခုအထိတော့ တန်ဖိုးထားဖို့၊ စောင့်စည်းဖို့၊ ကာကွယ်ဖို့လိုနေမှာ ပါ။ နေရာဌာနပေါင်းစုံမှာ ပညာရှင်တွေရှိပါတယ်။ အများကြီးရှိကြပါတယ်။ နားလည်တတ်ကျွမ်းထား တဲ့ပညာနဲ့ မိမိအကျိုး၊ မိမိပတ်ဝန်းကျင်အကျိုးကို ဆောင်နိုင်ဖို့ အရေးကြီးပါတယ်။ ဒီလိုအကျိုးဆောင် နိုင်ဖို့အတွက် ပညာမာန်ရှိနေဖို့ လိုအပ်မှာပါ။
ပညာရပ်ဆိုင်ရာ စံတန်ဖိုးတွေကို အထိခိုက်မခံ တာနဲ့ သဘောထားတင်းမာတာကိုတော့ ရောထွေး မပစ်လိုက်မိဖို့ လိုမယ်ထင်ပါတယ်။ တစ်နည်းအား ဖြင့် ရပ်တည်ချက်ခိုင်မာတာနဲ့ သဘောထားတင်းမာ တာကို နားလည်မှုလွဲမသွားဖို့ အရေးကြီးပါတယ်။ တချို့ကလည်း ကိုယ်ဖြစ်စေချင်သလို မဖြစ်တာနဲ့ပဲ ပညာရှင်တချို့ အပေါ်မှာ ‘ညှိမရ၊ နှိုင်းမရ၊ ခွတီးခွကျ လူတွေ’ ဆိုတဲ့တံဆိပ်မျိုး ကပ်လိုက်ကြပါတယ်။ တကယ့်ကို ခွတီးခွကျနိုင်တဲ့သူမျိုးရှိနိုင်ပေမယ့် ပင်ကို ကိုယ်ရည်ကိုယ်သွေးကြောင့်လား၊ သူတတ်မြောက် ထားတဲ့ပညာကြောင့်လားဆိုတာကိုတော့ ခွဲခြား ကြည့်ဖို့လိုမှာပါ။
အစပိုင်းမှာတင်ပြခဲ့တဲ့အတိုင်း ပညာမာနဆိုတာ ပညာတွေတတ်လို့ မာနကြီးလာတာမျိုးကို မဆိုလို ပါဘူး။ ကိုယ်တတ်သိနားလည်ထားတဲ့ ပညာရပ် တစ်ခုခုကို အကြောင်းပြုပြီး ကိုယ့်ပတ်ဝန်းကျင်မှာ ထောင်လွှားတဲ့သူတစ်ယောက်၊ မောက်မာတဲ့သူ တစ်ယောက်၊ မော်ကြွားတဲ့သူတစ်ယောက်၊ အသားလွတ်အခြောက်တိုက် ဘဝင်မြင့်နေတဲ့သူ တစ်ယောက်ဖြစ်လာတာမျိုးကို မဆိုလိုပါဘူး။ အဆန်မပြည့်သေးလို့ အနှံထောင်နေတဲ့အနေအထား မျိုးကို မဆိုလိုပါဘူး။ ပညာကို တန်ဖိုးထားလေးစား တဲ့စိတ်၊ ပညာရပ်ဆိုင်ရာစံတန်ဖိုးတွေကို ထိန်းသိမ်း ကာကွယ်လိုတဲ့စိတ်၊ ပညာရပ်ဆိုင်ရာကျင့်ဝတ်သိက္ခာ တွေကို စောင့်စည်းလိုတဲ့စိတ်၊ ခံယူချက်မြင့်မြင့်မားမား ထားရှိလိုတဲ့စိတ်ကိုသာ ဆိုလိုရင်း ဖြစ်ပါတယ်။
ပညာနဲ့မာနကိုပေါင်းထားတဲ့ ပညာမာန၊ ဒီနှစ်ခု မှာ ပညာက အခရာလို့ဆိုရမှာပါ။ ပညာဦးစီးတဲ့ ပညာမာနကသာ ရေရှည်အကျိုးစီးပွားကို ဆောင်မှာ ပါ။ ပညာမပါဘဲ မာနတက်နေရင် သူရော ကိုယ်ရော အကျိုးစီးပွားပျက်စီးရာ ပျက်စီးကြောင်းတွေ ဖြစ်လာ မယ်။ ထိုက်သင့်တဲ့မာန်မရှိဘဲ ပညာသက်သက် ကိုပဲ တတ်သိထားရင်လည်း ထိုက်သင့်သလောက် အကျိုးမပြုနိုင်ဘဲ ဖြစ်နေမယ်။ တစ်ခါတစ်ခါ လုံးဝအကျိုးမပြုနိုင်ဘဲလည်း ဖြစ်ချင်ဖြစ်သွားမယ်။ တွေးမိတာလေးတွေပါ။ ဘုရားဟောပိဋကတ်တော် က ထုတ်နုတ်ထားတာမဟုတ်တဲ့အတွက် မှန်ပါ တယ်လို့ မဆိုဝံ့ပါ။
ပညာရှင်တွေ များသည်ထက်များပါစေ။ ပညာ မာနထားနိုင်ကြပါစေ။ လောကကိုလည်း အကျိုးပြု နိုင်ကြပါစေ။ ။
- Log in to post comments