ဗြိတိန်နိုင်ငံရှိ အထင်ကရနေရာများနှင့် ရုပ်တုများ

Type
Image not available
 
 
 
 
စာဆိုတမန်
 
ဗြိတိသျှဝန်ကြီးချုပ်ဟောင်းများ၏ ရုပ်တုများအပါအဝင် ကမ္ဘာ့ထိပ်တန်း ခေါင်းဆောင်၊ အကြီးအကဲများနှင့် ထင်ရှားကျော်ကြားသည့် ပုဂ္ဂိုလ် ၁၂ ဦး၏ ရုပ်တုများ တည်ရှိပါသည်-
 
၇။ ဗြိတိသျှဝန်ကြီးချုပ်နေအိမ် (No. 10 Downing Street, London)
10 Downing Street ဟု လူသိများသည့် ဗြိတိန်ဝန်ကြီးချုပ်နေအိမ်သည် ဗြိတိသျှဝန်ကြီးချုပ်၏ နေအိမ်ဖြစ်ရုံသာမက ဝန်ကြီးချုပ်ရုံးလည်း ဖြစ်ပါသည်။ 10 Downing Street သည် ဗြိတိန်နိုင်ငံ လန်ဒန်မြို့၌ ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်မှု အများဆုံးသော အဆောက်အဦများအနက် တစ်ခုဖြစ်ပြီး လန်ဒန်မြို့လယ် အချက်အချာကျသည့် ဝန်ကြီးဌာနများ ရုံးစိုက်ရာ ဧရိယာတွင် တည်ရှိသည်။ သို့သော် အဆိုပါရုံးထဲသို့ ဝင်ရောက်လေ့လာခွင့်မရှိဘဲ လုံခြုံရေးများ တာဝန်ချထားသဖြင့် ရုံးဝင်းအပြင်ဘက်တွင်သာ လည်ပတ်နိုင် သည်။ 10 Downing Street သည် ဗြိတိန်ဘုရင်မကြီး၏နန်းတော် ဘာကင်ဟမ် နန်းတော်၊ ဗြိတိသျှပါလီမန်နှင့် St. James' Park အနီးတွင် တည်ရှိသည်။
 
10 Downing Street ကို ၁၇၃၅ ခုနှစ်မှ စတင်တည်ထောင်ခဲ့ပြီး နှစ်ပေါင်း ၂၇၅ နှစ်အတွင်း ဗြိတိန်နိုင်ငံ၏ အရေးကြီးသည့် ဆုံးဖြတ်ချက်များကို ချမှတ်သည့် နေရာတစ်ခုဖြစ်သည်။ 10 Downing Street တည်ဆောက်ထားသည့် နေရာတစ်ဝိုက်သည် ရှေးခေတ်ရောမများဖြစ်သည့် Anglo-Saxon လူမျိုးများနှင့် Norman တို့ အခြေချရာနေရာများဖြစ်ခဲ့ပြီး လွန်ခဲ့သည့် နှစ်ပေါင်း ၁၀၀၀ ခန့်ကပင် ဂုဏ်သတင်းကြီးမားသော နေရာတစ်ခု ဖြစ်ခဲ့သည်။
 
၁၆၈၂ ခုနှစ်တွင် King Charles II က တော်ဝင် Whitehall Palace ၏ တစ်စိတ်တစ်ပိုင်းအား Sir George Downing သို့ ပိုင်ဆိုင်ခွင့် ပေးအပ်ခဲ့သည်။ ယင်းနေရာအား ၎င်း၏အမည်ပါဝင်သည့် Downing Street ဟူ၍ အမည် ခေါ်ဝေါ်စေခဲ့သည်။ ၎င်းသည် နယ်သာလန်နိုင်ငံ သည်ဟိတ်ဂ်မြို့တွင် သံတမန် နှင့် အစိုးရ Administrator အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သော်လည်း ရက်စက်ပြီး ဆိုးရွားခက်ထန်သူတစ်ယောက်ဖြစ်ခဲ့သည်။ နောက်ပိုင်းတွင် King Charles II က ပထမဦးဆုံး ဗြိတိသျှဝန်ကြီးချုပ် Sir Robert Walpole အား Downing Street နေအိမ်ကို ပေးအပ်ခဲ့ပြီး လက်ရှိအထိ ဗြိတိသျှဝန်ကြီးချုပ်ရုံးနှင့် နေအိမ်ဖြစ်လာခဲ့သည်။
 
၈။ ထရာဖယ်ဂါရင်ပြင် (Trafalgar Square)
 
ထရာဖယ်ဂါရင်ပြင်သည် အများပြည်သူ စုဝေးလာရောက်သည့် နေရာ တစ်ခုဖြစ်ပြီး လန်ဒန်မြို့ရှိ အထင်ကရနေရာများဖြစ်သည့် ပြခန်းများ၊ ရှေးဟောင်းအဆောက်အဦများ၊ ရုပ်တုများ၊ အထိမ်းအမှတ် အဆောက်အဦ များထဲတွင် တစ်ခုအပါအဝင်ဖြစ်သည်။ အဆိုပါနေရာသည် လန်ဒန်မြို့ အာဏာပိုင်အဖွဲ့၏ အုပ်ချုပ်မှု၊ ပံ့ပိုးမှုဖြင့် အခမ်းအနားများ တစ်နှစ်ပတ်လုံး စည်ကားနေသည့် နေရာဖြစ်သည်။
၁၈၀၅ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် ထရာဖယ်ဂါတိုက်ပွဲတွင် ဗြိတိန်နိုင်ငံ အောင်ပွဲရခဲ့ခြင်း အထိမ်းအမှတ်အဖြစ် အဆိုပါအမည်အား ခေါ်ဆိုခဲ့ခြင်းဖြစ် သည်။ ဗြိတိန်နိုင်ငံအနေဖြင့် အဆိုပါတိုက်ပွဲတွင် နပိုလီယံ၏ ပြင်သစ်ရေတပ်ကို အနိုင်ရခဲ့သော်လည်း ရေတပ်ဗိုလ်ချုပ်ကြီး Lord Horatio Nelson သည် HMS Victory အမည်ရှိ သင်္ဘောပေါ်တွင် ကျဆုံးသွားခဲ့သည်။ ဗိုလ်ချုပ်ကြီး Nelson အသက်ပေးလှူခဲ့ခြင်းအပေါ် ဂုဏ်ပြုသောအားဖြင့် Nelson ကျောက်တိုင် အား ထရာဖယ်ဂါရင်ပြင်တွင် တွေ့မြင်နိုင်သည်။ ကျောက်တိုင်၏ အောက်ခြေ ထောင့်လေးထောင့်တွင် တွေ့မြင်ရသည့် ခြင်္သေ့ရုပ်တုလေးရုပ်သည် ဗိုလ်ချုပ် ကြီး Nelson ၏ ရေတပ်က အနိုင်ရရှိခဲ့သည့် စစ်ပွဲလေးပွဲကို ကိုယ်စားပြုထားခြင်း ဖြစ်သည်။
ယခင် ၁၄ ရာစုနှင့် ၁၇ ရာစု၏ တော်ဝင်မြင်းဇောင်းများ ထားရှိသည့် နေရာသည် ယခု ထရာဖယ်ဂါရင်ပြင်တည်ရှိသည့် နေရာဖြစ်သည်။
 
အဆိုပါ မြင်းဇောင်းများအား ၁၉ ရာစုတွင် ယခု ဘာကင်ဟမ်နန်းတော် ဆောက်လုပ် ထားသည့်နေရာသို့ ရွှေ့ပြောင်းခဲ့သည်။ သမိုင်းတစ်လျှောက် ကန့်ကွက်ဆန္ဒပြပွဲ များ၊ ဆန္ဒပြပွဲများနှင့် လူထုစုဝေးရာနေရာ၊ အများပြည်သူနှင့် သက်ဆိုင်သည့် အခမ်းအနားများအဖြစ် တည်ရှိခဲ့ပြီး ယနေ့ခေတ်တိုင်အောင် အဆိုပါ အစဉ်အလာအတိုင်း တွေ့မြင်ရမည် ဖြစ်သည်။
၉။ စကျင်ကျောက်ဂိတ်မုခ်ဦး (Marble Arch)
စကျင်ကျောက်ဂိတ်မုခ်ဦးသည် လန်ဒန်မြို့ရှိ အထင်ကရ လည်ပတ်စရာ နေရာများထဲမှ တစ်ခုဖြစ်ပြီး ယခင် ဘုရင့်တော်ဝင်များနေထိုင်ရာ အိမ်တော် ဝင်းရှိ တော်ဝင်ပန်းခြံ Hyde Park ၏ ထောင့်တစ်နေရာတွင် တည်ရှိသည်။
 
နပိုလီယံစစ်ပွဲများတွင် အင်္ဂလိပ်တို့ အနိုင်ရ အောင်ပွဲများအတွက် ခမ်းနားထည်ဝါစွာ ကျင်းပလိုခြင်း၊ ဘာကင်ဟမ်နန်းတော်သို့ အဝင်လမ်းဂိတ် တွင် A Triumphal Arch (အောင်ပွဲခံမုခ်ဦး) အဖြစ် တည်ဆောက်ရန် ရည်ရွယ်ကာ စတုတ္ထမြောက် ဂျော့ဘုရင် (George IV )က ၎င်းသဘောကျ နှစ်ခြိုက်သော ဗိသုကာပညာရှင် John Nash ကို ဒီဇိုင်းရေးဆွဲစေခဲ့သည်။ သို့သော် စတုတ္ထမြောက် ဂျော့ဘုရင် (George IV) နတ်ရွာစံချိန်တွင် နန်းတက် လာသော ဘုရင် William IV သည် John Nash ရေးဆွဲထားခဲ့သည့် Marble Arch (A Triumphal Arch) ဒီဇိုင်းမှာ အလွန်တရာ ကြီးကျယ်ခမ်းနား လှပခဲ့ သော်လည်း ကုန်ကျစရိတ်မှာ များပြားသည်ဟုယူဆခဲ့သည်။ ထို့ကြောင့် ၁၈၃၃ ခုနှစ် Marble Arch မုခ်ဦးသည် John Nash ရေးဆွဲထားခဲ့သလို George IV ဘုရင် ပုံတူရုပ်တုနှင့်အတူ မူရင်းဒီဇိုင်းများ ပါဝင်ခြင်းမရှိဘဲ တည်ဆောက်ပြီးစီးခဲ့သည်။
 
၁၈၃၇ ခုနှစ် ဘုရင်မကြီးဝိတိုရိယ (Queen Victoria) နန်းတက်၍ ဘာကင် ဟမ်နန်းတော်သို့ ပြောင်းရွှေ့နန်းစံချိန်တွင် ကြီးမားသောနန်းတော်အတွင်း စကျင်ကျောက်ဂိတ်မုခ်ဦးမှာ သေးငယ်လွန်းသည်ကို တွေ့ရှိရသဖြင့် စကျင် ကျောက်ဂိတ်မုခ်ဦးကို စနစ်တကျဖြုတ်သိမ်း၍ ယနေ့တိုင် တည်ရှိနေသော Hyde Park ၏ ထောင့်အဝင်လမ်းနေရာတွင် ပြန်လည်တည်ဆောက်ခဲ့သည်။ ယင်းမုခ်ဦးတည်ဆောက်ပြီးချိန်မှစ၍ တော်ဝင်အခမ်းအနားများတွင် စီတန်းလှည့်လည်ခြင်းများ ပြုလုပ်လေ့ရှိခဲ့ပြီး ၁၉၅၃ ခုနှစ်တွင် ဒုတိယမြောက် အယ်လီဇဘတ် (Queen Elizabeth II) ဘုရင်မကြီး နန်းတက်စဉ် စကျင်ကျောက်ဂိတ်မုခ်ဦးမှ ရွှေရောင်ရထားလုံးဖြင့် ဖြတ်သန်း၍ နန်းတက်ပွဲ တက်ရောက်ခဲ့သည်။
 
ယခုအခါ စကျင်ကျောက်ဂိတ်မုခ်ဦးသည် ဖွံ့ဖြိုးတိုးတက်လာသော လန်ဒန်မြို့၏ လမ်းမများဖောက်လုပ်ခြင်းကြောင့် Hyde Park ပန်းခြံနှင့် သီးခြားဖြစ်လာခဲ့သည်။ ထိုနေရာအနီး မြေအောက်ရထားဘူတာရုံ Marble Arch station ၊ Park Grand London Kensington Hotel နှင့် ဆက်စပ်လျက် တည်ရှိသည်။
 
ဗိသုကာပညာရှင် John Nash ရေးဆွဲထားခဲ့သော စကျင်ကျောက်ဂိတ် မုခ်ဦး မူရင်းဒီဇိုင်းပုံတူကို လန်ဒန်မြို့ ဝိတိုရိယနှင့် အဲလ်ဘတ်ပြတိုက်တွင် တွေ့မြင်နိုင်သည်။
 
၁၀။ မြင်းခေါင်းရုပ်တု (Still Water Horse Head Sculpture)
လန်ဒန်မြို့ တော်ဝင်ပန်းခြံ Hyde Park ပန်းခြံထောင့် စကျင်ကျောက် ဂိတ်မုခ်ဦးကျောက်တံခါးအနီးရှိ မြင်းခေါင်းရုပ်တုကို ခရီးသွားများအနေဖြင့် တွေ့မြင်ရမည်ဖြစ်သည်။
 
၎င်းရုပ်တုကို ဗြိတိန်နိုင်ငံ နာမည်ကျော် ပန်းပုပညာရှင် Nic Fiddian Green က ထုလုပ်ခဲ့ပါသည်။ မြင်းစီးခြင်းအတတ်ပညာအား ကလေးလူကြီးအပေါင်းက မြတ်နိုးကြသည်ကို အနုပညာရသဖြင့် ဖော်ကျူးထုဆစ်ပြသထားသော မြင်းခေါင်းရုပ်တုသည် ၃၃ ပေအရှည်ရှိ၍ ဘေးမှ ဒေါက်တိုင်များမပါဘဲ မြင်းမှ ရေသောက်နေသည့်ဟန်၊ မြင်း၏ နှာခေါင်းရိုးဖြင့်ထောက်၍ အမှီအခိုကင်းစွာ ဟန်ချက်ညီညီ ထောင်မတ်နေရန် ထုလုပ်ထားသည်ကို တွေ့ရှိရပါသည်။ ပန်းပုပညာရှင် Nic Fiddian Green သည် ကြီးမားသော မြင်းခေါင်းရုပ်တုကို ကြေးသတ္တုဖြင့် ထုလုပ်ထားပြီး ၂၀၁၁ ခုနှစ်တွင် ခင်းကျင်းပြသနိုင်ခဲ့သည်။ လန်ဒန်မြို့ရှိ အမှီအခိုကင်းသော ကြေးပန်းပုရုပ်များအနက် အကြီးဆုံး ရုပ်တု တစ်ခု ဖြစ်လာခဲ့သည်။ ပန်းပုပညာရှင် Fiddian Green သည် ရွှံ့၊ မြေစေး၊ အင်္ဂတေ၊ ခဲသတ္တု၊ စကျင်ကျောက် စသည်ဖြင့် ထုဆစ်ခြင်းများကို ပြုလုပ် လျက်ရှိသူဖြစ်ပြီး ၎င်းသည် ဗြိတိန်ပြတိုက်ရှိ ဘီစီ ၅ ရာစုနှစ်မှ Pathenon (ရှေးဟောင်းဂရိလူမျိုးများ ထုဆစ်သော) ရုပ်တု ပန်းပုလက်ရာ ရှေးဂရိခေတ် အဆောက်အအုံများ ရှေ့မျက်နှာစာမြင်းမိုရ်ပိတ်တွင် တွေ့ရလေ့ရှိသော - Horse of Selence ကို အခြေခံ၍ စိတ်ကူးများဖြစ်ပေါ်ကာ အမှီအခို ကင်းစွာဖြင့် တည်ငြိမ်နေသော မြင်းခေါင်းရုပ်တုကို ထုဆစ်ခဲ့သည်ဟု သိရှိရပါသည်။
 
၁၁။ အာခီလီစ်ရုပ်တု (Statue of Achilles also known as Ladies of England) လန်ဒန်မြို့ Hyde park ပန်းခြံ၊ Queen Elizabeth ဂိတ်အနီးတွင် တွေ့ရသော အာခီလီစ်ရုပ်တုသည် မျိုးချစ်စိတ်ထက်သန်သော Ladies of England ဟုခေါ်တွင်သည့် အထက်တန်းလွှာ လူ့အဖွဲ့အစည်းမှ စုပေါင်း ကမကထပြုလုပ် ထုဆစ်စေခဲ့ခြင်းကြောင့် Ladies of England ရုပ်တုဟု လည်း လူသိများကြပါသည်။ ထိုရုပ်တုကို ၁၈၂၂ ခုနှစ်တွင် Sir Richard Westmacott က ထုဆစ်ခဲ့ပြီး ဝယ်လင်တန်တိုက်ပွဲအတွင်း ပြင်သစ်နိုင်ငံမှ သိမ်းဆည်းရရှိခဲ့သော အမြောက်များမှရရှိသည့် ကြေးအလေးချိန် စုစုပေါင်း ၃၃ တန်ခန့် အသုံးပြုထုဆစ်ခဲ့ပါသည်။
အင်္ဂလန်သမိုင်းတွင် ထင်ရှားကျော်ကြားသော ဝယ်လင်တန်မြို့စား Sir Arthur Wellesley, 1st Duke of Wellington (1769-1852) ကို ဂုဏ်ပြုသော ပထမဆုံး အထိမ်းအမှတ်ရုပ်တုဖြစ်ပြီး ဗြိတိသျှတို့၏ နယ်ခြားတွင် ပြင်သစ် စစ်ဗိုလ်ချုပ် နပိုလီယံကို အောင်နိုင်ခဲ့ခြင်းအပေါ် အောင်ပွဲခံစိတ်ဓာတ်ကို ဂုဏ်ယူပြသနေသည့် အထိမ်းအမှတ်ရုပ်တု ဖြစ်ပါသည်။ နပိုလီယံကို နောက်ဆုံး အနိုင်ရခဲ့မှုအပြီး ဥရောပတစ်ခွင်တွင် တစ်မူထူးခြားသော လက်ရာများဖြင့် စိုက်ထူထားသော ရုပ်တုတစ်ခုဖြစ်ပါသည်။ ဝယ်လင်တန်မြို့စား Arthur Wellesley ၏ ရွပ်ရွပ်ချွံချွံ တိုက်ခိုက်မှုများကြောင့် Salamanca တိုက်ပွဲ၊ Vitoria တိုက်ပွဲ၊ Toulouse တိုက်ပွဲ၊ Waterloo တိုက်ပွဲတို့တွင် ဗြိတိသျှတို့ အောင်နိုင်မှု များ ရရှိခဲ့ပါသည်။
 
Sir Richard Westmacott သည် ဝယ်လင်တန်မြို့စား Arthur Wellesley ကို ဂုဏ်ပြု၍ ကြီးမားခမ်းနားသောရုပ်တု ပြုလုပ်ရန်အတွက် သိမ်းဆည်းရမိခဲ့ သည့် အမြောက်များကို အသုံးပြုမည့် အကြံဉာဏ်ကို ရောမမြို့ Capitoline Hill ပေါ်ရှိ Dioscuri (ခေါ်) Alexander နှင့် Bucephalus colossal ရုပ်တုများကို အခြေခံလေ့လာ၍ ရရှိခဲ့ခြင်းဖြစ်ပါသည်။ ၁၈၁၄ ခုနှစ်တွင် နာမည်ရ ပန်းချီ၊ ပန်းပုပညာရှင် အမျိုးသမီး Countess Spencer သည် Sir Richard Westmacott အား ထိုအကြံဉာဏ်ကို မူလပြသပေးခဲ့ပါသည်။ Countess Spencer က ယင်း ရုပ်တု ထုဆစ်ရန် ပန်းပုပညာရှင် အမျိုးသမီးများထံမှ ရန်ပုံငွေ ဦးဆောင်ရှာဖွေ ခဲ့သူဖြစ်ပါသည်။ ဝယ်လင်တန်မြို့စားအထိမ်းအမှတ် ရုပ်တုသည် Countess Spencer ဦးဆောင်သော အမျိုးသမီးအများစု၏ ရန်ပုံငွေမတည်မှုများ၊ တိုက်ပွဲများမှ အနိုင်ရသိမ်းဆည်းခဲ့သော အမြောက်များ၏ တန်ဖိုးများဖြင့် ရန်ပုံငွေ စတင်ထူထောင်နိုင်ခဲ့ခြင်း ဖြစ်ပါသည်။
ခြောက်ပေအမြင့်ရှိသော အာခီလီစ် ရုပ်တုသည် စစ်သူရဲကောင်း၏ သန်မာသော ကြွက်သားများကို ပေါ်လွင်အောင် ထုဆစ်ထားပါသည်။ ဘယ်ဘက် လက်တွင် အဝိုင်းသဏ္ဌာန်ရှိသောဒိုင်းကို မြှောက်ထားသည်။ ညာဘက်လက် တွင် ကိုင်ဆောင်ထားသော အလွန်ရှေးဆန်သော ဓားကိုမူ ၁၈၆၀ ပြည့်နှစ်တွင် ထပ်မံထည့်သွင်းခဲ့သည်။ ဘယ်လက်မောင်းတွင် ဝတ်ရုံကို လွှမ်းခြုံထား ပြီး ညာဘက်ခြေထောက်သည် အနောက်ဘက် သံချပ်ကာပေါ်တွင် ရပ်လျက် အနေအထားဖြင့် ထောက်ထားသည်။ ဦးခေါင်းသည် ဘယ်ဘက်သို့ လှည့်နေ ပြီး ခြေထောက်များဖြန့်ကား၍ အားမာန်အပြည့်ဖြင့် ထောက်ထားသည်။ ရုပ်တုကို အဆင့်သုံးဆင့်ဖြင့် သယ်ပိုးမှတ်ထူထား၍ ဘုရင် George III ၏ ကမ္ပည်းစာများ ရေးထိုးထားပါသည်။
 
၁၂။ လန်ဒန်မြင်ကွင်းစုံ ရဟတ်ကြီး (London Eye)
 
၁၃၅ မီတာ မြင့်မားသည့် ကိုကာကိုလာ လန်ဒန်မြင်ကွင်းစုံ ရဟတ်ကြီး အား ကမ္ဘာ့အကြီးမားဆုံး ယာဉ်ထိန်းမောင်းတံဖြင့် တည်ဆောက်ထားပါသည်။ ရဟတ်ကြီးအား Marks Barfield ဗိသုကာပညာရှင်များအဖွဲ့က ဆောက်လုပ် ခဲ့ပြီး ၂၀၀၀ ပြည့်နှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။ အဆိုပါ ရဟတ်ကြီး၏ အံ့မခန်းသည့် ဗိသုကာလက်ရာနှင့် နည်းပညာမြင့်မားပြီး အရွယ်အစား ကြီးမားမှုကြောင့် ပြည်တွင်း ပြည်ပ ဆုပေါင်း ၈၅ ခုကျော် ချီးမြှင့်ခြင်း ခံခဲ့ရပါသည်။ ဗြိတိန်နိုင်ငံ၏ ဧည့်သည်များ လာရောက်လည်ပတ်မှု အများဆုံး နေရာတစ်ခုလည်း ဖြစ်ပါသည်။
 
လန်ဒန်မြင်ကွင်းစုံ ရဟတ်ကြီးသည် မိုးမြင့်မျှော်စင်ကြီး ဖြစ်ရုံသာမက ၎င်း၏ ထူးခြားဆန်းကြယ်သည့် သွင်ပြင်၊ ပုံစံနှင့် နည်းပညာကြောင့် လန်ဒန် မြို့သို့ လာရောက်လည်ပတ်သည့် ဧည့်သည်များအတွက် အတွေ့အကြုံ အသစ်များ အမြဲရရှိစေပါမည်။ မူလက ရဟတ်ကြီးအား ယာယီအနေဖြင့်သာ ထားရှိရန် ရည်ရွယ်ခဲ့သော်လည်း နေရာသစ်သို့ ရွှေ့ပြောင်းရန် အဆင်မပြေသည့်အတွက်ကြောင့် ငါးနှစ်အထိ ထပ်မံထားရှိသွားရန် ရွှေ့ဆိုင်း ခဲ့ရပါသည်။ သို့ရာတွင် နှစ်စဉ် သန်းပေါင်းများစွာ ခရီးသွားဧည့်သည်များ လာရောက်မှု၊ ရဟတ်ကြီး၏ ထင်ရှားကျော်ကြားမှု စသည်တို့ကြောင့် ထားရှိမှု ကာလအား ထပ်မံတိုးမြှင့်ခဲ့ရပါသည်။ ယခုအချိန်တွင် လန်ဒန်မြင်ကွင်းစုံ မိုးမြင့်ရဟတ်ကြီးသည် ကြီးကျယ်ခမ်းနားသည့် အထင်ကရနေရာတစ်ခု အဖြစ် လန်ဒန်မြို့ကြီးတွင် အစဉ်အမြဲ တွေ့မြင်နိုင်ပြီဖြစ်ပါသည်။ ။
 
 
(ဆက်လက်ဖော်ပြပါမည်)