(၁၉) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ အမျိုးသား၊ အမျိုးသမီး ဘောလုံးပြိုင်ပွဲတွင် မြန်မာအသင်းများ ဝင်ရောက်ယှဉ်ပြိုင်မည်

 

ရန်ကုန်   ဇူလိုင်    ၂၈ 


(၁၉)  ကြိမ်မြောက်    အာရှအားကစားပြိုင်ပွဲ အမျိုးသား၊    အမျိုးသမီး  ဘောလုံးပြိုင်ပွဲတွင် မြန်မာဘောလုံးအသင်းများ    ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ပြီး ယင်းပြိုင်ပွဲများ၏   အုပ်စု မဲခွဲပွဲကို    ဇူလိုင် ၂၇ ရက်က  တရုတ်နိုင်ငံ၌ ကျင်းပသည်။


အုပ်စုမဲခွဲမှုအရ  မြန်မာအမျိုးသားအသင်း သည် အုပ်စု (A) တွင် အိမ်ရှင် တရုတ်၊ ဘင်္ဂလား ဒေ့ရှ်၊ အိန္ဒိယ၊ မြန်မာအမျိုးသမီးအသင်းသည် အုပ်စု(E)တွင်   တောင်ကိုရီးယား၊   ဟောင် ကောင်၊  ဖိလစ်ပိုင်တို့နှင့် ကျရောက်ခဲ့သည်။ အမျိုးသမီးဘောလုံးပြိုင်ပွဲတွင်   အသင်းစုစု ပေါင်း ၁၇ သင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး စက်တင်ဘာ ၂၅ ရက်မှ အောက်တိုဘာ ၆ ရက်အထိကျင်းပမည်ဖြစ်သည်။ အုပ်စုခွဲဝေထားမှု အရ အုပ်စု (A)တွင် အိမ်ရှင်တရုတ်၊ ဥဇဘက်ကစ္စတန်၊ မွန်ဂိုလီးယား၊ အုပ်စု (B) တွင် ထိုင်း၊ အိန္ဒိယ၊ တရုတ်(တိုင်ပေ)၊ အုပ်စု (C) တွင် မြောက်ကိုရီးယား၊  စင်ကာပူ၊  ကမ္ဘောဒီးယား၊  အုပ်စု (D) တွင် ဂျပန်၊ ဗီယက်နမ်၊ နီပေါ၊ အုပ်စု (E)တွင် တောင်ကိုရီးယား၊ ဟောင်ကောင်၊ ဖိလစ်ပိုင်နှင့် မြန်မာအသင်းတို့  ပါဝင်သည်။   မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည်  အာရှအားကစားပြိုင်ပွဲတွင်   ပထမဆုံး ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်သည်။


အမျိုးသားဘောလုံးပြိုင်ပွဲကို စက်တင်ဘာ ၁၉ ရက်မှ အောက်တိုဘာ ၇ ရက်အထိ ကျင်းပမည်ဖြစ်ပြီး အသင်းစုစုပေါင်း ၂၃ သင်းကို အုပ်စု ခြောက်ခုခွဲ၍ ကျင်းပမည်ဖြစ်သည်။ အုပ်စုတစ်ခုစီမှ  ပထမနှင့် ဒုတိယ နေရာရ ၁၂ သင်း၊ တတိယနေရာရ အသင်းများအနက် အကောင်းဆုံး လေးသင်း စုစုပေါင်း ၁၆ သင်းမှာ နောက်တစ်ဆင့်  တက်ရောက်ခွင့်ရမည် ဖြစ်သည်။  အုပ်စုမဲခွဲမှုအရ  အုပ်စု (A) တွင် အိမ်ရှင်တရုတ်၊ ဘင်္ဂလား ဒေ့ရှ်၊ မြန်မာ၊ အိန္ဒိယ၊ အုပ်စု (B) တွင် ဗီယက်နမ်၊ ဆော်ဒီအာရေဗျ၊ အီရန်၊ မွန်ဂိုလီးယား၊ အုပ်စု (C)တွင် ဥဇဘက်ကစ္စတန်၊ ဆီးရီးယား၊ ဟောင်ကောင်၊  အာဖဂန်နစ္စတန်၊ အုပ်စု (D) တွင် ဂျပန်၊ ပါလက်စတိုင်း၊ ကာတာ၊ အုပ်စု (E) တွင် တောင်ကိုရီးယား၊ ဘာရိန်း၊ ထိုင်း၊ ကူဝိတ်၊ အုပ်စု (F) တွင်   မြောက်ကိုရီးယား၊   အင်ဒိုနီးရှား၊  ကာဂျစ္စတန်၊ တရုတ်(တိုင်ပေ)တို့ ပါဝင်သည်။ 


 အဆိုပါပြိုင်ပွဲတွင်    အသင်း ၁၀ သင်းသာ    ရွှေတံဆိပ်ဆုရရှိဖူးပြီး တောင်ကိုရီးယားက ငါးကြိမ်ဖြင့်  အများဆုံးရရှိထားပြီး မြန်မာအသင်း သည်  နှစ်ကြိမ်ရရှိဖူးကာ အာရှအားကစားပြိုင်ပွဲတွင် ရွှေတံဆိပ်ဆု ရရှိဖူးသည့်   တစ်သင်းတည်းသော  အရှေ့တောင်အာရှအသင်းဖြစ်သည်။


ညီမြတ်သော်တာ