အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုပွဲစဉ်များ အမေရိကန်၊ အင်္ဂလန်နှင့် ဂျပန်တို့ အနိုင်ရ

 

ဇူလိုင် ၂၂ ရက်က ယှဉ်ပြိုင်ကစား ခဲ့သည့်  အမျိုးသမီးကမ္ဘာ့ဖလား ပြိုင်ပွဲ အုပ်စုပွဲစဉ်များတွင်  နာမည် ကြီး  အမေရိကန်၊   အင်္ဂလန်နှင့် ဂျပန်အသင်းတို့ နိုင်ပွဲရရှိခဲ့သည်။ 


အုပ်စု (အီး)  မှ   နာမည်ကြီး အမေရိကန်နှင့် ဗီယက်နမ်အသင်း တို့ပွဲစဉ်ကို ဇူလိုင် ၂၂ ရက် နံနက် ၇    နာရီခွဲက  ယှဉ်ပြိုင်ကစားခဲ့ ခြင်းဖြစ်ပြီး     အမေရိကန်အသင်း က သုံးဂိုးပြတ်  အနိုင်ရရှိခဲ့သည်။  ယခုနှစ်မှ ကမ္ဘာ့ဖလားပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိခဲ့သည့် ဗီယက်နမ်အသင်းသည်  အမေရိကန်အသင်းဘက်သို့   ဂိုးကန်သွင်းမှု တစ်ကြိမ်မျှ  ပြုလုပ်နိုင်ခြင်းမရှိဘဲ ဂိုးပြတ်ရှုံးနိမ့်ခဲ့သည်။  အမေရိကန် အသင်းအတွက် သွင်းဂိုးများကို စမစ်နှင့်  ဟိုရန်တို့က သွင်းယူပေးခဲ့ သည်။ 


နိုင်ပွဲကို ဖော်ဆောင်


အုပ်စု (ဒီ) မှ အင်္ဂလန်နှင့် ဟေတီအသင်းတို့ပွဲစဉ်ကို ညနေ ၄ နာရီ က ယှဉ်ပြိုင်ကစားခဲ့ပြီး  အင်္ဂလန်အသင်းက  ပွဲချိန်  ၂၉   မိနစ်တွင် ရရှိခဲ့သော   စတန်ဝေးက   ပယ်နယ်တီသွင်းဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ ပြိုင်ဘက်ဟေတီအသင်း၏    တုံ့ပြန်ကစားပုံကောင်းမွန်မှုကြောင့် အင်္ဂလန်အသင်း သွင်းဂိုးရရှိရန် အခက်တွေ့ခဲ့ရသည်။  သို့သော်လည်း အင်္ဂလန်အသင်းသည် ဘောလုံးပိုင်ဆိုင်မှုအသာ၊ ဂိုးကန်သွင်းမှုအသာနှင့် အတူ လိုအပ်သည့် နိုင်ပွဲကို ဖော်ဆောင်နိုင်ခဲ့သည်။ 


ငါးဂိုးပြတ် အနိုင်ရရှိ


အခြားသောပွဲစဉ်အဖြစ် အုပ်စု (စီ) မှ ဇမ်ဘီယာနှင့် ဂျပန်အသင်း တို့ပွဲစဉ်ကို မွန်းလွဲ ၁ နာရီခွဲက  ယှဉ်ပြိုင်ကစားခဲ့ရာ  ဂျပန်အသင်းက ဂိုးအသာ၊ ခြေအသာဖြင့် ပွဲချိန်တစ်လျှောက် ဖိအားပေးကစားနိုင်ခဲ့ပြီး ငါးဂိုးပြတ် အနိုင်ရရှိခဲ့သည်။  ဂျပန်အသင်းအတွက်    သွင်းဂိုးများကို မိယာဇဝါ၊ တာနာကာ၊ အန်ဒိုတို့က သွင်းယူပေးနိုင်ခဲ့သည်။ 


အောင်ဇော်