နေ့ချင်းပြန် အပန်းဖြေခရီးသွားနိုင်မည့် ငလိုက်ဆင်စခန်းနဲ့ ငလိုက်ကမ်းသာ Eco Resort

 

ယဉ်လာဒ်၊ ဓာတ်ပုံ-ကျော်ကြီး

စနေ၊ တနင်္ဂနွေပိတ်ရက်တွေမှာ  မြို့ပြမှာနေသူ တွေအနေနဲ့ ချစ်ခင်ရတဲ့သူတွေနဲ့အတူ  နေ့ချင်းပြန် Stress Out Trip  လေးလုပ်လို့ရတဲ့  ခရီးစဉ်နေရာ လေးတစ်ခုအ​ကြောင်း ဒီတစ်ပတ်မှာ ပြောပြပေးချင် ပါတယ်။

ရန်ကုန်နဲ့မဝေးလှတဲ့  မိုင်တိုင်၂၁၅ မိုင် ၅ ဖာလုံ အကွာမှာတည်ရှိပြီး     ဆည်ရေပြင်ကျယ်ကြီးကို အမှီပြုဖွင့်လှစ်ထားတဲ့ ငလိုက်ဆင်စခန်းနဲ့ Nga Laik Kan Tha Eco Resort လေးအကြောင်းကို ခရီးသွား ချစ်သူတွေအတွက်  ဖော်ပြပေးချင်ပါတယ်။ 
ရန်ကုန်ကနေ မနက် ၄ နာရီလောက်  ကားစီး လာရင်  မနက် ၉ နာရီဝန်းကျင်လောက်မှာ ရောက်နိုင် ပြီး တစ်နေ့တာအချိန်ပေး လည်ပတ်လို့ရတဲ့ နေရာ လေးတစ်ခုဖြစ်ပါတယ်။ ၂၁၅ မိုင် ၅  ဖာလုံရောက်တာ နဲ့  ဟိုတယ်ရှေ့နဲ့ဆင်စခန်းကို တိုက်ရိုက်ရောက်တာ မို့ သွားလာရ အဆင်ပြေလွယ်ကူပါတယ်။ 
ဧက ၈၀ ကျော်ကျယ်ဝန်းတဲ့   ငလိုက်ဆည်ကြီး ကိုအမှီပြုပြီး သဘာဝနဲ့  ဟန်ချက်ညီစွာတည်ရှိတဲ့ အိုအေစစ်လေးတစ်ခုလို့ ဆိုရနိုင်ပါတယ်။ 
activities မျိုးစုံလုပ်လို့ရ
မိသားစုလိုက်ပဲဖြစ်ဖြစ်  သူငယ်ချင်းတွေနဲ့သာ မက ပိတ်ရက်လေးမှာ ပျော်ရွှင်စွာအပန်းဖြေနိုင်သလို activities မျိုးစုံလုပ်လို့ရနိုင်တဲ့  နေရာလေးတစ်ခု ဆိုရင်လည်း မမှားပါဘူး။ 
ဟိုတယ်ကိုတော့ နှစ် ၆၀ ဝန်းကျင်ရှိ ရှေးမြန်မာ လက်ရာများနဲ့ တည်ဆောက်ထားပြီး    မြင်ရခဲတဲ့ ကျွန်းအိမ်လုံးတွေကို ရှေးမူမပျက်လက်ရာအတိုင်း တွေ့မြင်ရမှာဖြစ်ပါတယ်။ ဒါ့အပြင် တစ်နေရာတည်း မှာ activities မျိုးစုံကို လုပ်လို့ရတာက တစ်ပန်းသာ ပါတယ်။
ဆည်ပတ်လည် စက်ဘီးစီးမလား၊ ငါးမျှားမလား၊ ဆည်အတွင်း လှေစီးပြီးလေညင်းခံလို့လည်း ရပါ သေးတယ်။ လှေအသေး (ခြောက်ယောက်စီး)  ကို ၂၅၀၀၀ နဲ့ အကြီး(အမိုးပါလှေ)  ၁၅ ယောက်စီးကို ၃၅၀၀၀ နဲ့ စီးလို့ရပါတယ်လို့ ဟိုတယ်က တာဝန် ရှိသူတစ်ဦး​က ဆိုပါတယ်။ ဒါ့အပြင် အမိုးနဲ့ ဖောင်လို လုပ်ထားတဲ့လှေအကြီးပေါ်မှာ   စားသောက်ရင်း အနားယူပြီး ဆင်စခန်းဆီကို သွားရောက်လေ့လာနိုင် ပါသေးတယ်။
ငလိုက်ဆင်စခန်းနဲ့ဆင်ပြတိုက်
ငလိုက်ဆင်စခန်းမှာ ဆင်အစာကျွေး၊ ဆင်စီးပြီး ဆင်ပြတိုက်များကိုလည်း လည်ပတ်လေ့လာနိုင်ပါ တယ်။ ငလိုက်ဆင်စခန်းမှာရှိတဲ့  အရှည်ဆုံးကျွန်း တံတားဆီကို Trekking သွားလို့ရပါသေးတယ်။ 
ငလိုက်ဆင်စခန်းကို ၂၀၁၇ ခုနှစ်မှာ စတင်ဖွင့်လှစ် ခဲ့တာမို့ အခုဆိုရင် ဆင်အကောင်ရေ ၂၁ ကောင် ရှိနေပါပြီ။ ဝင်ကြေးအနေနဲ့ မြန်မာနိုင်ငံသား တစ်ဦး ကို ၂၀၀၀ ကျပ်နဲ့ နိုင်ငံခြားသားတစ်ဦးကို ၁၀၀၀၀ ကောက်ခံတယ်လို့ သိရပါတယ်။  ရဟန်းသံဃာနဲ့ ငါးနှစ်အောက် ကလေးတွေကိုတော့ ဝင်ကြေးအခမဲ့ သတ်မှတ်ပေးထားပါတယ်လို့ ငလိုက်ဆင်စခန်းမှ ဒုတာဝန်ခံ ဦးညီညီလွင်က စာရေးသူကို  ပြောပြပါ တယ်။ ဆင်စီးခကတော့ မြန်မာတစ်ဦးကို ၃၀၀၀ ကျပ်နဲ့စီးနိုင်ပြီး        နိုင်ငံခြားသားတစ်ဦးကိုတော့ ၁၀၀၀၀ ကျပ် သတ်မှတ်ထားပါတယ်။ 
ဆင်စခန်းထဲမှာ    မြန်မာပြည်ရဲ့    အရှည်ဆုံး ကျွန်းတံတားလည်းရှိတဲ့အပြင် ဆင်အရိုးစု၊   ဆင် အသုံးအဆောင်၊ ဆင်အခေါ်အဝေါ်တွေကို လေ့လာ နိုင်တဲ့ ဆင်ပြတိုက်ကိုလည်း   ကြည့်ရှုနိုင်ပါတယ်။ ဒါ့အပြင် လျှိုကိုဖြတ်ပြီးဆောက်လုပ်ထားတဲ့ ကြိုး တံတားအပါအဝင်    ထင်းရှူးတောအုပ်ငယ်လည်း ရှိတာမို့      ဓာတ်ပုံရိုက်ဝါသနာပါသူတွေအတွက် ဓာတ်ဖမ်းနိုင်တဲ့နေရာတစ်ခုလည်း ဖြစ်ပါတယ်။ 
နေ့ချင်းပြန်လည်ပတ်လို့ရနိုင်
ရန်ကုန်ကဖြစ်ဖြစ်၊  မန္တလေးကဖြစ်ဖြစ်   လမ်း တစ်ဝက်မှာရှိတာမို့    အဆင်ပြေစေနိုင်ရုံသာမက နေပြည်တော်ကနေလာရင်လည်း အမြန်လမ်းမိုင်တိုင် ၂၁၅ မှာရှိတာမို့   နေ့ချင်းပြန်  လည်ပတ်လို့ရနိုင်တဲ့ နေရာတစ်ခုဖြစ်ပါတယ်။ နေပြည်တော်အတွင်းက သွားမယ်ဆိုရင် မြို့​မစျေးကနေ   တောင်ညိုလမ်း အတိုင်း ငလိုက်ဆည်အထိတည့်တည့်   ၁၅ မိနစ် လောက် မောင်းရုံနဲ့ရောက်တာမို့ ရန်ကုန်ကပဲဖြစ်ဖြစ်၊ နေပြည်တော်ကပဲဖြစ်​ဖြစ်၊ မန္တလေးလေးကပဲဖြစ်ဖြစ် သွားလာရလွယ်ကူပြီး    အချက်အချာကျတဲ့နေရာ လေးမှာ တည်ရှိတာ၊  တစ်နေရာတည်းမှာ   အပန်း လည်းဖြေ ဗဟုသုတလည်းရနိုင်ပြီး စိတ်ဖိစီးမှုတွေကို ဖြေလျှော့နိုင်တာကြောင့်  ငလိုက်ကမ်းသာ    Eco  Resort လေးနဲ့  ငလိုက်ဆင်စခန်းကို  ပိတ်ရက်မှာ သွားရောက်လည်ပတ်နိုင်စေဖို့     ရေးသားဖော်ပြပေး လိုက်ပါတယ်။            ။