မြန်မာ့ရိုးရာ ပြက္ခဒိန်နှင့် ဝါထပ်ခြင်း

Type
5

အမျိုးသားစာပေဆုရ အောင်စိုး (တိရစ္ဆာန်ဆေးကုဆရာဝန်)

 

လွန်ခဲ့သောနှစ်သန်းပေါင်း ၄၀ ခန့်ကဟု ယူဆရသည့် လူတူပရိုင်းမိတ်ကို မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ အနောက်ဘက်ခြမ်းရှိ ပုံတောင်ပုံညာဒေသတွင် တွေ့ရှိခဲ့ရသည့် ပုံတောင်ဂျီးယား (Pondaungia) ကျောက်ဖြစ်ရုပ်ကြွင်းများက သက်သေပြနေသည်။ ထို့ကြောင့် ကမ္ဘာ့လူမျိုးအစ ပုံတောင်ပုံညာကဟု ကမ္ဘာ့ပညာရှင်များက အသိအမှတ် ပြုခဲ့ကြသည်။ 


လွန်ခဲ့သော နှစ်ပေါင်းတစ်သန်းနှင့် တစ်သောင်းကြားခန့်  စတုတ္ထကပ်ဦး (နှင်းခဲခေတ်) ပလိုင်စတိုဆင်းယုဂ်ခေတ် (Pleistocene Period) တွင်  ကျောက် ခေတ်လူသားများ နေထိုင်ခဲ့ကြောင်းကို အထောက်အထားပြုသည့် ကျောက်ဖြစ် ရုပ်ကြွင်းများဖြစ်သည့်    ကျောက် လက်နက်များနှင့် သတ္တဝါတို့၏ အရိုးများ ကို တူးဖော်ရရှိခြင်းက သက်သေပြနေ သည်။  ကျောက်ခေတ်၊  ကြေးခေတ်၊ သံခေတ်တို့၏  ပစ္စည်းများ  တူးဖော်ရရှိ ခဲ့သည့်   မြန်မာ့ဒေသများမှာ  မကွေး၊ မင်းဘူး၊  ချောက်၊  ရေနံချောင်း၊  ပုဂံ၊ မြင်းခြံ၊ စစ်ကိုင်း၊ သရက်၊ ပြည်၊ ကချင် တောင်တန်း၊ တနင်္သာရီ၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပြဒါးလင်းဂူ၊ မုံရွာ၊ တောင်ငူ၊ သံတွဲ စသည့်ဒေသများမှ ဖြစ်ပါသည်။ ထိုသို့ မြန်မာ့ကျောက်ခေတ်ယဉ်ကျေးမှု ကို အညာသီယံယဉ်ကျေးမှု (Anyathian Culture)ဟု သုတေသီများက အသိအမှတ် ပြုခဲ့ကြသည်။ 


မြန်မာ့မြေပေါ်တွင်      ကမ္ဘာဦး ကျောက်ခေတ်၊  ကြေးခေတ်၊ သံခေတ် လူသားများ      နေထိုင်ခဲ့ကြောင်းကို သဲလွန်စ   ကျောက်ဖြစ်ရုပ်ကြွင်းများ တွေ့ရှိရလင့်ကစား၊       နှစ်ပရိစ္ဆေဒ တိတိကျကျဖော်ပြရန် မလွယ်ကူပါချေ၊ ခရစ်တော်မပေါ်မီ နှစ်ပေါင်းတစ်ထောင် ခန့်ကပင် မြန်မာ့မြေပေါ်တွင် ယဉ်ကျေး သော လူသားအမျိုးအနွယ်များ နေထိုင် ကြပြီးဖြစ်သည်။ မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်လာကြသည့် လူမျိုးတို့သည် တရုတ်ပြည်အနောက်ပိုင်း (အာရှတိုက် အလယ်ပိုင်း)  မောင်ဂိုလ်  (မောင်းဂွတ်) အနွယ်လူမျိုးများဖြစ်သည့်     မွန်-ခမာနွယ်နှင့် တိဗက် - မြန်မာအနွယ်၊ ထိုင်း-တရုတ်အနွယ်များဖြစ်သည်။ 


“မြန်မာအစ   တကောင်းက”   ဟု ဆိုရိုးစကားမှာ ဒဏ္ဍာရီဆန်သည့် သမိုင်း ဟု   အချို့ကဆိုကြသည်။   သို့သော် ကမ္ဘာတစ်ဝန်းလုံးမှ    ဒဿနပညာရှင်၊ မနုဿဗေဒပညာရှင်      အချို့ကမူ ဒဏ္ဍာရီဖြစ်စေကာမူ  လုံးဝပယ်ကောင်း သည်မဟုတ်ပေဟု   အဆိုရှိထားကြ၏။ တကောင်းရာဇဝင်သည် လက်ခံနိုင်ဖွယ် ရှိသည့်  သမိုင်းအထောက်အထားများ ရှိနေသည်။ ထို့အပြင် မြန်မာရွှေနန်းသုံး ဦးကုလားမဟာရာဇဝင်နှင့်    မှန်နန်း ရာဇဝင်တော်ကြီးတို့ကို ပစ်ပယ်၍မရနိုင် ပါဟု သုံးသပ်ရမည်ဖြစ်သည်။ 


မြန်မာအစ     တကောင်းခေတ်၊ ပျူခေတ် ပြည်သူများသည် အချိန်၊ နာရီ၊ နေ့ရက်၊  လ၊  နှစ်တို့ကို ခေတ်နှင့်အညီ လက်ခံသုံးစွဲနေပြီး သက္ကရာဇ် ၂၀ (ဘီစီ ၅၂၄) ခုနှစ် တကောင်းပြည်တွင် သတိုး မဟာရာဇာမင်းကြီး   နန်းတက်သည်။ သာသနာတော်သက္ကရာဇ်   ၄၀  (ဘီစီ ၅၀၄) နှစ်တွင် တကောင်းမင်း၏ မိဖုရား ကိန္နရာဒေဝီသည် သားတော် မဟာသမ္ဘဝ နှင့်   စူဠာသမ္ဘဝအမည်ရှိ  မျက်မမြင် သားတော်နှစ်ဦးကို မွေးဖွားတော်မူ၏ဟု ပြဆိုထားသည်။   မဟာသမ္ဘဝမင်းသည် သာသနာတော်သက္ကရာဇ် ၆၀ ပြည့်နှစ် တွင် ရသေ့မြို့ (သရေခေတ္တရာ) တည်ခဲ့ သည်။  


မြန်မာတို့သုံးခဲ့သည့် သက္ကရာဇ်သမိုင်းအစဉ်အလာ 


မြန်မာနိုင်ငံတွင်   တကောင်း၊  ပျူ (သရေခေတ္တရာ)၊     မွန်(သုဝဏ္ဏဘူမိ) နိုင်ငံများသည်       ဗုဒ္ဓဘာသာတရား ဓမ္မအဆုံးအမ သာသနာတော်နှင့် အိန္ဒိယ ယဉ်ကျေးမှုကို   ဆက်နွှယ်ရရှိခဲ့သည်။ ထို့ကြောင့်  ပျူနှင့်  မွန်ယဉ်ကျေးမှုကို ဆက်ခံသည့် မြန်မာတို့၏ ပုဂံခေတ်အစ ကပင်   သက္ကရာဇ်ဟူသည့်  ဝေါဟာရ အဓိပ္ပာယ်တို့ သိရှိနေပြီး ပုဂံလူမှုရေး၊ ယဉ်ကျေးမှုနယ်ပယ်တွင် သုံးစွဲနေကြပြီ ဖြစ်သည်။


လူသားတို့  ကမ္ဘာလောကကြီးတွင် ဖြစ်ပြီးခဲ့သော   အတိတ်နှစ်များသည် နှစ်ပရိစ္ဆေဒ ကြာညောင်းခဲ့ပြီးဖြစ်သည်။ ကမ္ဘာဦးအစ    မဟာသမ္မတမင်းမှစ၍ အတိတ်နှစ်များကို   စတင်ရေတွက်လာ သည့်ခေတ်ကို ကလိယုဂ်တွင် မြန်မာ သက္ကရာဇ် နှစ်ပြောင်းလဲခဲ့သည်ဟု ပြဆို ၏။ သူရိယာသိဒ္ဓန္တကျမ်းတွင် စတုယုဂ် တစ်ခုတွင်   နှစ်ပေါင်း  ၄၃၂၀၀၀၀  ရှိ၍ ယုဂ်လေးပါး ပိုင်းခြားထားသည်။ 
(၁)    ကတယုဂ် - နှစ် ၁၇၂၈၀၀၀။
(၂)    တြေတယုဂ်    - နှစ် ၁၂၉၆၀၀၀၊ 
(၃)    ဒွါပရယုဂ် - နှစ် ၈၆၄၀၀၀။
(၄)    ကလိယုဂ် - နှစ် ၄၃၂၀၀၀ ဟု 
    ပြဆိုသည်။ 
ဂေါတမပူရာကဏ်ကျမ်း  ပထမ ကဏ္ဍတွင်   ကလိယုဂ် “နှစ်ဆန်းသည် နှစ်ပေါင်း   ၂၅၇၀   ရောက်သောနှစ်၌ ဂေါတမမြတ်စွာဘုရား ပွင့်တော်မူသည်” ဟု ရေးသားထားပါသည်။


ယင်းအကြောင်းကို မန်လည်ဆရာ တော်ဘုရားကြီးက   မဟာသုတကာရီ မဃဒေဝလင်္ကာ၊ နိဂမခဏ်းအဆက် ၂၊ ဓမ္မသရိယာ နိသံသဒိပနီအပိုဒ် ၅၅၄ တွင် “xxx လေးတန်ယုဂ၊ ထိုလောက်မျှတွင်၊ ကတ နှစ်တွင်း၊   လူခပင်းတို့၊  မကြွင်း ဿသုံ၊ လုံးစုံသမ္မာ၊ မှန်သစ္စာ၏၊ တြေတာ တုံ၊ လေးပုံပုံငြား၊ သုံးပုံအားဖြင့်၊ တရား တည်ကြ၊    တစ်ပုံပ၏၊   ဒွာပရစက်၊ ထိုယုဂ်သက်နှင့်၊ ထက်ဝက်ကောင်းဆိုး၊ နှစ်မျိုးညီဘိ၊ ယုဂ်ကလိကား၊ အသိအယူ၊ အမူကောင်းစွာ၊ သတ္တဝါနည်းလှ၊ တစ်ဘို့ မျှဖြင့်၊ သုံးဆချွတ်ယွင်း၊  တရားကင်း၏၊ ယင်းကလိယုဂ်၊    သမုတ်လူ့ဘောင်၊ နှစ်ယခေါင်တွင်၊   နှစ်ထောင်ကျော်ထ၊ ငါးရာ့နှစ်ဆယ်၊   ပြည်ကယ်တုံလျက်၊ ဆန်းလွန်တက်မှ၊     ရာသက်ကာလ၊ ယာယန၌၊   သကျသီဟု၊   ဂေါတမဟု၊ လောကထွတ်ထား၊   မြတ်ဘုရားလျှင်၊ ထင်ရှားလူ့ရွာ၊    ဖြစ်ပွင့်လာ၍   xxx” စသည်ဖြင့်    မိန့်ဆိုထားရှိသည်ကို မှတ်သားရပါသည်။


ယခု  မြန်မာနိုင်ငံ၌   အသုံးပြုသော သက္ကရာဇ်သည် ကလိယုဂ်နှစ်များမှ ပျူ၊ မြန်မာမင်းအဆက်ဆက်     သက္ကရာဇ် ဖြိုခဲ့သောနှစ်မှ     ကြွင်းသောနှစ်များ အတိုင်း ယူထားခြင်းဖြစ်ပါသည်။ 


သက္ကရာဇ်ခုနှစ်များကိုတွက်ချက်ခြင်း


(က) သာသနာတော်နှစ်


မြန်မာကောဇာသက္ကရာဇ်ကိုတည်၍ သရေခေတ္တရာ သုမုန္ဒရီမင်း ဖြိုခဲ့သော ၆၂၂ နှင့် ပုဂံပုပ္ပားစောရဟန်းမင်း ဖြိုခဲ့ သော သက္ကရာဇ်   ၅၆၀  ကို ပေါင်းပါက ၁၁၈၂   ရရှိသည်။  ဥပမာ  (ရောက်ဆဲ မြန်မာကောဇာသက္ကရာဇ်   ၁၃၈၅  ကို ဖြိုခဲ့သည့် သက္ကရာဇ် ၁၁၈၂ နှင့်ပေါင်းပါက သာသနာတော်နှစ်  ၂၅၆၇  နှစ် ရောက် ကြောင်း သိရပါမည်။ ရှေးပညာရှင်များက “ဒွေအဋ္ဌနှင့်   ဧကဧကာ  နှောတုံပါက၊ သာသနာနှစ်၊ အတိတ်ဖြစ်၏” ဟု လင်္ကာ သီကုံးခဲ့ကြသည်။    (ပိဋကတ်သင်္ချာ ဟူသမျှ အပြန်ယူလေကြ) ဟူသည်နှင့် အညီ “ဒွေအဋ္ဌဧကဧကာ” လင်္ကာအရ ၂၈၁၁ ကို “၁၁၈၂” နှစ်ဟု ယူရပါသည်။


(ခ) ကလိယုဂ်နှစ်


ယခုရောက်သည့် သာသနာတော်နှစ် ၂၅၆၇ (“သုညသက္က၊ ပည်းဒွယ၊ နှောထ ကလိယုဂ်”) ဟူသည့်အတိုင်း ၂၅၇၀ နှစ်ကိုရောပါက ရောက်ဆဲကလိယုဂ်နှစ် ၅၁၃၇ ကို  ရပေသည်။  ၂၅၇၀ နှစ်ဆို သည်မှာ ဂေါတမမြတ်စွာဘုရားသည် ကလိယုဂ်နှစ်ဆန်းသည်မှ  နှစ်ပေါင်း ၂၅၇၀ သို့ ရောက်တော်မူစဉ် ပွင့်ထွန်း တော်မူသော ကလိယုဂ်နှစ်ဖြစ်ပါသည်။ 
သို့ဖြစ်၍ ယခုရောက်ဆဲ သာသနာ တော်နှစ် ၂၅၆၇ + ၂၅၇၀ ပေါင်းသော် ကလိယုဂ် ၅၁၃၇ ခုနှစ် ဟူ၍ ပြဆိုနိုင်ပါ သည်။ 


(ဂ) ခရစ်နှစ်


မည်သည့်     မြန်မာနှစ်တွင်မဆို ခရစ်နှစ်ကိုသိလိုသော် ရောက်ဆဲ မြန်မာ သက္ကရာဇ်ကိုတည်၍    “၆၃၈”  နှင့် ပေါင်းပါက   ခရစ်နှစ်ကို  ရရှိပါသည်။ “၆၃၈” နှစ်ဆိုသည်မှာ  ပုဂံခေတ်  ပုပ္ပား စောရဟန်းမင်း သက္ကရာဇ်ဖြိုစဉ်အခါက အေဒီ ၆၃၈ နှစ် ဖြစ်ပါသည်။ (ဥပမာ-ယခုရောက်ဆဲ မြန်မာသက္ကရာဇ် ၁၃၈၅ + ၆၃၈ ယခု ခရစ်နှစ်အေဒီ ၂၀၂၃ ခုနှစ် ဖြစ်သည်) ကို တွေ့ရှိရမည်ဖြစ်ပါသည်။ 


(ဃ) သာကမင်းဆက်အိန္ဒိယသက္ကရာဇ်


အိန္ဒိယနိုင်ငံမင်းဆက်    (သာက မင်းဆက်)ကို အကြောင်းပြု၍ စတင်ခဲ့ သောကြောင့် သက္ကရာဇ် (ခုနှစ်) ဟု ခေါ်ပါသည်။     အိန္ဒိယသမိုင်းတွင် “သာကခေတ်”  နှစ်မျိုးရှိသည်။  သာက ခေတ်ဟောင်းသည်  ခရစ်တော်မပေါ်မီ (BC 123) ခုနှစ်နှင့် ညီသည်။  သာက ခေတ်သစ်   သက္ကရာဇ်သည်  ခရစ်တော် ဖွားမြင်ပြီး အေဒီ ၇၈ ခုနှစ်နှင့်ညီသည်။


သရေခေတ္တရာ      သုမုန္ဒရီမင်းကြီး လက်ထက် ၆၂၃ သို့ ရောက်သောအခါ အိန္ဒိယပြည် မြောက်ပိုင်းကို အုပ်စိုးသော သာလိဝါဟနသက (ခေါ်) ဘုရင်ကနစ်သျှ မင်းသည် ရောက်နေဆဲ အိန္ဒိယသက္ကရာဇ် ၃၁၈၀ မှ ၃၁၇၈ ဖြိုပစ်၍ ၂ ခု ကြွင်းထား ခဲ့သည်။ သုမန္ဒီမင်းသည်လည်း သက္ကရာဇ် ၆၂၄ (အေဒီ ၈၀) မှ ၆၂၂ ကို ဖြိုပစ်ကာ  ၂ ခုကြွင်းထားသည်။  ထိုအချိန်မှစ၍ မြန်မာနှင့် အိန္ဒိယသည် အကြွင်းချင်း ညီကာသက္ကရာဇ်ချင်းလည်း တူညီခဲ့သည်။


(င) မြန်မာသက္ကရာဇ်


အေဒီ   ခုနစ်ရာစု   အလယ်ခန့်က ဆူဆန် (Hsuan) နှင့် အိဆန် (I Tasnq) အမည်ရှိသော တရုတ်ခရီးသည် နှစ်ဦး၏ မှတ်တမ်းများတွင်ကား   သီရိခေတ္တရာ မြို့ကြီးသည် ဗုဒ္ဓဘာသာထွန်းကားသော နိုင်ငံဟု ဆိုခဲ့သည်။ ပျူတို့သည် မြန်မာ သက္ကရာဇ် ၆၃၈ ကို စထွင်ခဲ့ဟန်ရှိကြောင်း ပြဆိုကြသည်။ ခရစ်သက္ကရာဇ်  ၁  ရာစု တွင်ပျူတို့သည် ယခုမြန်မာတို့သုံးသည့် သက္ကရာဇ်ကို စတင်တီထွင်ကြောင်းကို မှတ်သားရပါသည်။


သုမုန္ဒရီမင်းဖြိုပြီးနောက် သက္ကရာဇ် တို ၁၆ (အေဒီ ၉၄) ခုနှစ်တွင် သရေခေတ္တရာ ပြည်ပျက်၏။   သက္ကရာဇ်တို   ၂၉  နှစ် (အေဒီ ၁၀၇) ခုနှစ်တွင် သမုဒ္ဒရာဇ်မင်း သည် ပုဂါရာမပြည်ကို တည်ထောင်ခဲ့ သည်။ ဆက်လက်၍ မြန်မာသက္ကရာဇ် ၂၂၁ (အေဒီ ၈၄၉) ခန့်တွင် ပျဉ်ပြားမင်း သည်  ပုဂံပြည်ကို   စတင်တည်ထောင် သည်။ 


သက္ကရာဇ်များကို       ဆက်လက် ရေတွက်လာခဲ့ရာမှ    သက္ကရာဇ်  ၅၆၂ (အေဒီ ၆၃၈) သို့   ရောက်သောအခါ ထွန်ချစ်မင်း၏ မိဖုရားဆရာ သံဃရာဇာ မင်းဟုခေါ်သည့်    ပုပ္ပါးစောရဟန်း မင်းကြီးသည်     သက္ကရာဇ်ဖြိုကိန်းနှင့် ကြုံပြီး ၅၆၀ ကို ဖြိုပစ်ကာ အကြွင်း ၂ ထားခဲ့သည်။ ထို့ကြောင့် ယခုရောက်ဆဲ မြန်မာသက္ကရာဇ်  ၁၃၈၅  ခုနှစ်ကို ၆၃၈ ပေါင်းပါက ခရစ်နှစ် ၂၀၂၃ ဖြစ်ကြောင်းကို သိနိုင်သည်။ ၁၃၈၅ + ၆၃၈=၂၀၂၃ ဖြစ်ပါ ၏) အိန္ဒိယပြည်မင်းတို့မှာ ပုဂံပြည့်ရှင် ပုပ္ပားစောရဟန်းမင်းကဲ့သို့   သက္ကရာဇ် မဖြိုဘဲ ဆက်လက်ရေတွက်လာခဲ့သည့် အတွက်   သာသနာတော်သက္ကရာဇ်နှစ် နှင့်လည်း  မတူညီ၊   မြန်မာသက္ကရာဇ်နှင့် လည်း မတူညီတော့ပေ။ သီရိလင်္ကာ (သီဟိုဠ်) လူမျိုးမှာမူ သာသနာသက္ကရာဇ် ကိုသာ    ဆက်လက်အသုံးပြုကြသည်။ 


နှစ်တစ်နှစ်၏  အပိုင်းအခြား သတ်မှတ်ရာ ပြက္ခဒိန်


ပြက္ခဒိန်ဟူသည်မှာ နေ့ရက်၊  လ၊ နှစ်၊ ရာသီအပိုင်းအခြား သတ်မှတ်ထားခြင်း ဖြင့် ရွေ့လျားတိုးတက်ပြောင်းလဲနေသည့် မှတ်တမ်းတစ်ခုပင်ဖြစ်သည်။ ပါဠိသက် ဝေါဟာရအဘိဓာန်တွင် ပက္ခဒိနဟူသည့် ပါဠိမှ    ဆင်းသက်လာသည်။   (ပက္ခ-လဆန်းဆယ့်ငါးရက်၊ လဆုတ်ငါးရက်)(ဒိန-နေ့) ဟူ၍  အဓိပ္ပာယ်ဖွင့်ဆိုသည်။ ပြက္ခဒိန်ဟူသည့်   ခေါ်ဝေါ်သည့်စာလုံး ပေါင်းမှာ ပက္ခဒိန်-ဟူသည့် အရေးအသား မှ မြန်မာစာပေ ပြောင်းလဲမှုအဆင့်ဆင့် တွင်  ခေတ်နှင့်အညီ   ရေးသားလာကြ ခြင်းဖြစ်သည်။ 


ကမ္ဘာမြေလုံးကြီးသည်    နေကို လှည့်ပတ်သွားလာခြင်းအားဖြင့်  ရာသီ များဖြစ်ပေါ်လာ၏။ တစ်ပတ်ပြည့်သော အချိန်ကို တစ်နှစ်ဟုသတ်မှတ်ကြသည်။ တစ်နှစ်လျှင် ၃၆၅ ရက် ၆ နာရီခန့်ရှိ၏။ နွေ၊ မိုး၊ ဆောင်း ရာသီသုံးမျိုး ထားရှိ သည်။ လကို သတ်မှတ်ရာတွင် မြန်မာ တို့က   လဆန်း၊  လပြည့်  ၁၅ ရက်၊ လဆုတ်လကွယ် ၁၅ ရက်စီ သို့မဟုတ် ၁၄ ရက်စီ  သတ်မှတ်၏။  တစ်လတွင် ရက်ပေါင်း ၂၉ ရက် ၁၂ နာရီကျော်ရှိ၏။ ထို့ကြောင့် ၁၂ လတွင် ရက်မစုံ ၂၉ ရက် (၆) လ၊ ရက်စုံ ၃၀ ရက် (၆) လ သတ်မှတ် ထားသည်။ ၁၂ လတွင် ၃၅၄ ရက်ကျော် ၃၅၅ ရက်ရှိသည်။ 


အင်္ဂလိပ်ပြက္ခဒိန်   ပညာရှင်များက တွက်ချက်ရာ၌ နေသွားကို အခြေပြုထား သည်။  ၁၂  လတွင် တစ်လချင်းစီ ၃၀ ရက်နှင့် ၃၁ ရက်သတ်မှတ်သည်။ လထပ် ဟူ၍မရှိ။ ရက်ငင်သာရှိသည်။ 


မြန်မာအပါအဝင် အာရှအရှေ့နိုင်ငံ များတွင်   တွက်ချက်ရာ၌   ပြက္ခဒိန်ကို စီစဉ်ရာတွင်  လထပ်၊  ရက်ငင်အရေးများ မှန်ကန်စွာ   ညီညွတ်စေရန်   သာမန် လူများမတွက်နိုင်ပါ။     နက္ခတ်ပညာ တွက်ကိန်းများကို လိုက်စားသူများသာ တွက်ချက်နိုင်၏။   ထို့ကြောင့်  မြန်မာ ပြက္ခဒိန်ကို စီစဉ်ရာ၌လည်း လထပ်ရက် ငင် တွက်ချက်မှု မှန်ကန်ညီညွတ်စေရန် မြန်မာနိုင်ငံပြက္ခဒိန်   အကြံပေးအဖွဲ့ကို ဖွဲ့စည်းတာဝန်ပေးထားပါသည်။ 


မြန်မာနိုင်ငံ၌  ယခုအခါ ပြက္ခဒိန် တွက်ချက်ရာတွင်   အနောက်နိုင်ငံသုံး သူရိယသိဒ္ဓန္တကျမ်းကို    မှီငြမ်းပြု၍ တွက်ချက်သည်။ နက္ခတ်ပညာသည် အနောက်နိုင်ငံများတွင်  ပိုမိုထွန်းကား လျက်ရှိပြီး နက္ခတ်မျှော်စင်၊ မှန်ပြောင်း များဖြင့်        လေ့လာနေခြင်းကြောင့် အနောက်နိုင်ငံများ၏   ကိန်းဂဏန်းများ က    သာလွန်မှန်ကန်လျက်ရှိကြောင်း တွေ့ရှိရသည်။  
သူရိယသိဒ္ဓန္တကျမ်းတွက်အရ မြန်မာ့ ပြက္ခဒိန်တွက်ချက်ရာ၌  အခြေပြုသော   ကိန်းဂဏန်းများ  (၃)  မျိုးရှိပါသည်။ 


(၁)    သူရိယမာသနှစ်    (၃၆၅  ရက် 
    ၆ နာရီ ၁၂ မိနစ်၊ ၃၇ စက္ကန့်)
(၂)    စန္ဒရမာသနှစ်     (၃၅၄   ရက် 
    ၈ နာရီ ၄၈ မိနစ်၊ ၃၄ စက္ကန့်)
(၃)    ဝေါဟာရမာသနှစ် (၃၅၄ ရက်)။


သူရိယမာသနနှစ်သည်    ရှေ့နှစ် သင်္ကြန်တက်ချိန်မှ   နောက်နှစ်သင်္ကြန် တက်ချိန်အထိဖြစ်သည်။ 
စန္ဒရမာသနှစ်သည်   ကောင်းကင် မျက်မြင်ရှေ့လဆန်း     စသည့်နေ့မှ နောက်လဆန်း စသည့်နေ့အထိ တစ်ကြိမ် သတ်မှတ်၍   အကြိမ်ပေါင်း  ၁၂  ကြိမ် ပြည့်ချိန်ဖြစ်၏။


ဝေါဟာရမာသနှစ်မှာ   နှစ်မျိုးရှိ၏။ (က)  သာမန်နှစ်  (လပေါင်း ၁၂ လ) နှင့် (ခ) ဝါထပ်နှစ် တစ်လပေါင်း ၁၃ လ ဖြစ်၏။
မြန်မာပြက္ခဒိန်၏ နှစ်အပိုင်းအခြားနှင့်အနောက်နိုင်ငံ၏ ပြက္ခဒိန်နှစ်အပိုင်း အခြားသည်   မူအားဖြင့်  အတူတူဖြစ် သည်။ နေသွားကို အမှီပြုထားကြသည်။ သို့အတွက် နှစ်ဆန်းသင်္ကြန်ကျရက်သည် အနောက်နိုင်ငံသုံးပြက္ခဒိန်  ဧပြီလ  ၁၃ ရက် သို့မဟုတ် ၁၄ ရက်စသည်ဖြင့် လ၊ ရက်နှင့်   ကိုက်ညီနေကြောင်း   တွေ့ရ သည်။ 


မြန်မာ့ဆယ့်နှစ်လရာသီခွင်ပြက္ခဒိန်


မြန်မာတို့၏ ရာသီစက်ဝန်းရေတွက် ပုံသည်  ခရစ်နှစ်ပြက္ခဒိန်နှင့်  တူညီစွာ ၁၂   လ ပိုင်းခြားသတ်မှတ်ထားသည်။ မြန်မာတို့၏ ၁၂ လ လအမည်မှာ တန်ခူး၊ ကဆုန်၊   နယုန်၊     ဝါဆို၊   ဝါခေါင်၊ တော်သလင်း၊         သီတင်းကျွတ်၊ တန်ဆောင်မုန်း၊  နတ်တော်၊  ပြာသို၊ တပို့တွဲ၊ တပေါင်းဟူ၍ဖြစ်သည်။ 


လတစ်လတွင် လဆန်း ၁ ရက်နေ့မှ လပြည့် ၁၅ ရက်၊ လဆုတ် ၁ ရက်နေ့မှ လကွယ် ၁၅ ရက် (သို့မဟုတ်) ၁၄ ရက် ထား၍ ရေတွက်သည်။ ထို့ကြောင့် ၁ လလျှင် ရက် ၃၀ (သို့မဟုတ်) ၂၉ ရက်ဟု သတ်မှတ်သည်။ 


မြန်မာတို့သည် ပြက္ခဒိန်စတင်ရေးဆွဲ ခဲ့ရာတွင် တစ်လလျှင်   ရက်သတ္တပတ် လေးပတ်ထားခဲ့သည်။ လပြည့်၊ လကွယ် ရက်သတ္တပတ်    နှစ်ပတ်  မျှဝေခဲ့ပြီး လကွယ် ရက်သတ္တပတ်လျှင် ၁၅ ရက် သို့မဟုတ် ၁၄ ရက်စီရှိသည်။ ၇ ရက် နေ့အတွက်    မြန်မာအမည်  အသီးသီး ပေးထား၏။ ရက်သတ္တပတ် ၇ ရက်တွင် တနင်္ဂနွေ၊   တနင်္လာ၊   အင်္ဂါ၊  ဗုဒ္ဓဟူး၊ ကြာသပတေး၊   သောကြာ၊  စနေဟု အစဉ်အလိုက် အမည်ပေးခေါ်ဝေါ်ခဲ့ပြီး ၎င်းရက်အစဉ်အတိုင်း   တစ်ရက်ပြီး တစ်ရက်  ဆက်လက်ရေတွက်ခဲ့သည်။ ရက်ငင်ရက်ထပ်     လထပ်ခြင်းကြောင့် နေ့အမည်မပြောင်းလဲခဲ့။ လ၊ နေ့အမည် အစဉ်အတိုင်းသာ   ရေတွက်ခဲ့ခြင်းမှာ နှစ်ပေါင်းများစွာမှ ယနေ့အထိ ခိုင်မာစွာ ရပ်တည်လျက်ရှိပါသည်။ 


မြန်မာပြက္ခဒိန်


မြန်မာပြက္ခဒိန်များသည်   မြန်မာ နှစ်သစ်ကူးအစ   တန်ခူးလကို  အဖွင့် စာမျက်နှာတင်၍ ရိုက်နှိပ်ထုတ်ဝေခြင်း မပြုပါ။ ကမ္ဘာသုံးပြက္ခဒိန် အင်္ဂလိပ်ခုနှစ် နှင့် ဇန်နဝါရီလကိုသာ အဖွင့်စာမျက်နှာ၌ ဖော်ပြသည်။   ယင်းသို့ဖော်ပြရာတွင် ဇန်နဝါရီလဆန်း   ၁  ရက်နေ့မှစ၍ ရောက်ဆဲ မြန်မာ ခုနှစ်  လ၊  ရက်၊  နေ့ တို့ကို ယှဉ်တွဲဖော်ပြသည်။

 
မြန်မာပြက္ခဒိန်တွင် နှောင်းတန်ခူး လဆန်း ၁၂  ရက် (စနေ)နေ့မှ ကဆုန် လဆန်း ၁၂  ရက် (တနင်္ဂနွေ) နေ့အထိ ပြသည်။ အင်္ဂလိပ်ပြက္ခဒိန်၌ ဧပြီ ၁ ရက် (စနေ)နေ့မှ ၃၀ ရက် (တနင်္ဂနွေ) တို့ ယှဉ်တွဲဖော်ပြထားသည်။ မြန်မာ့အထိမ်း အမှတ် နေ့ကြီးရက်ကြီးများ၊ ရုံးပိတ်ရက် များ၊ ရက်ရာဇာ၊ ပြဿဒါး၊ နဂါးခေါင်း လှည့်နှင့်   ဝါရမိတ္တုရက်၊  သင်္ကြန်အခါ တော်ရက်များကိုပါ   ပြဆိုထားသည်။ နှစ်ဆန်း ၁ ရက်နေ့မှာ သင်္ကြန်အတက် နေ့နောက်နေ့ကို ယူထားပြီး ဦးတန်ခူး လပြည့်ကျော်  ၁၃  ရက်ဟု သတ်မှတ် ကာ နှစ်ဆန်း ၁ ရက်နေ့ဟု ခေါ်ဝေါ်၍ ၁၃၈၅ ခုနှစ်ဟု သတ်မှတ်သည်။ 


ဝါကြီးဝါထပ်ပြဆိုချက်


အင်္ဂလိပ်ပြက္ခဒိန်တွင် ကမ္ဘာမြေကြီး က နေကိုလှည့်ပတ်ရာ၌   ၃၆၅  ရက် ၆နာရီ ၁၂ မိနစ် ၃၇ စက္ကန့်ကြာသည်။ အင်္ဂလိပ်ပြက္ခဒိန်တွင် တစ်နှစ်ကို ၃၆၅ ရက်သာ  သတ်မှတ်ထားရှိသောကြောင့် ၆ နာရီ ၁၂မိနစ် ၃၇ စက္ကန့်အစွန်းထွက်ခြင်း ကို ၁၂ လအလိုက် တစ်လစီ ရက် ၃၀ နှင့် ၃၁ ရက်ဟူ၍    အစဉ်လိုက်ယူသည်။ သို့သော်   ဇူလိုင်လနှင့်   ဩဂုတ်လကို ၃၁ ရက်စီထားရှိသည်။ ထို့အပြင် လေးနှစ် တစ်ကြိမ်  ၁  ရက်တိုး၍ ဖေဖော်ဝါရီတွင် ၂၈ ရက်အစား ၂၉ ရက်တိုး၍ ပြဆိုခြင်း ဖြင့် ရက်ငင်ရက်ကွာခြားချက်ကို ညှိထိန်း ၍ သတ်မှတ်သည်။


မြန်မာရက်လနှစ်ကို    သတ်မှတ် ရာတွင်   နေကိုအခြေခံ  မသတ်မှတ်ဘဲ လကို       အခြေပြုသတ်မှတ်သည်။ ထို့ကြောင့် လဆန်း(လပြည့်နေ့)၊ လဆုတ် (လကွယ်နေ့)ဟု    သတ်မှတ်သည်။ လသည် ကမ္ဘာကို လှည့်ရာ၌ တစ်ပတ် ပြည့်ရန် ၂၉ ရက် ၁၂ နာရီ ၄၇ မိနစ် ၃၀ စက္ကန့်ကြာမြင့်သည်။ ထို့ကြောင့် တစ်လ ကို ၂၉   ရက်တစ်ခါ  ၃၀    ရက်တစ်ခါ (၆)လစီထားသဖြင့် တစ်နှစ်တွင် ၃၅၄ ရက်သာရှိသည်။ ကမ္ဘာတစ်ပတ်ပြည့်ရန် တစ်နှစ်တွင် ၁၁ ရက်လိုနေပြီး အင်္ဂလိပ် ပြက္ခဒိန်ထက် ၁၁ ရက် နောက်ကျနေ၏။ ထို့ကြောင့် မြန်မာပြက္ခဒိန်တွင် ဝါထပ် ပေးခြင်းဖြင့် အင်္ဂလိပ်-မြန်မာ ရက်ငင် များကို ရှစ်နှစ် တစ်ကြိမ်  တွက်ချက်၍ ညှိရန်ဆောင်ရွက်ရ၏။


အင်္ဂလိပ်ပြက္ခဒိန်တွင် လေးနှစ်လျှင် တစ်ရက်တိုး၍ ရှစ်နှစ်နေလျှင် နှစ်ရက် တိုးသည်။  မြန်မာက  အင်္ဂလိပ်တစ်နှစ် ပြည့်ရန်(သို့မဟုတ်)  ကမ္ဘာတစ်ပတ်ပြည့် ရန်   တစ်နှစ်လျှင်  ၁၁  ရက်လိုသဖြင့် ရှစ်နှစ်ဆိုလျှင် ၈၈ ရက်လို၏။ အင်္ဂလိပ် ရက်ငင် ၂ ရက်ဖြင့် ပေါင်းသော်ရက်ပေါင်း ၉၀ ကွာဟနေသည်။


ထိုလိုသော ရက် ၉၀ ပြည့်အောင် ရှစ်နှစ်လျှင်    ဝါသုံးကြိမ်ထပ်ပေးရန် လိုအပ်သည်။    ထို့ကြောင့်   သုံးနှစ်  တစ်ကြိမ်    ဝါနှစ်ခါထပ်ပြီး    နှစ်နှစ် တစ်ကြိမ် ဝါတစ်ခါ ထပ်ပေးရသည်။


သင်္ကြန်ရက်သည်    တန်ခူးလတွင် သာထားရသည်။   ကဆုန်လထဲတွင် သင်္ကြန်တစ်ရက်နှစ်ရက်   ရောက်သွား မည်ဆိုပါက  လက်ခံသည်။  သို့သော် တပေါင်းလမှာကား   သင်္ကြန်ရက် လုံးဝ ထားရှိ၍ မရပေ။ ထို့ကြောင့် သင်္ကြန်ရက် သည် တပေါင်းလထဲသို့ ရောက်သွားမည် ဖြစ်၍ ၎င်းနှစ်တွင် ဝါထပ်ပေးရသည်။


(က) ဝါကြီးထပ်၊ ဝါလေးထပ်


နယုန်လသည်  ပုံမှန်အားဖြင့်  ၂၉ ရက်သာရှိ၏။   ဝါထပ်သည့်နှစ်တွင် နယုန်လ၌ ၂၉ ရက်ထားလျှင် ဝါလေးထပ်၊ နယုန်လတွင် ၃၀ ရက်ထားလျှင် ဝါကြီး ထပ်ဟု ခေါ်သည်။


ထိုသို့ဝါကြီးထပ်နှစ်တွင် နယုန်လကို ရက် ၃၀ ထားရခြင်းမှာ လ-က ကမ္ဘာ လှည့်ပတ်ရာတွင် တစ်ပတ်ပြည့်ရန် ၂၉ ရက် ၁၂ နာရီ ၄၇ မိနစ် ၃ စက္ကန့်ကြာသော ကြောင့်  အစွန်းမိနစ်၊  စက္ကန့်များသည် လချီ၊ နှစ်ချီ၍ကြာလျှင် တစ်ရက်တိုးသွား သည်။ ထိုသို့ ရက်တိုးသွားခြင်းကို အစား ထိုးရန် နယုန်လကို ရက်၃၀ အပြည့်ထား ၍  ဝါထပ်ပေးခြင်းကို    ဝါကြီးထပ်ဟု ခေါ်သည်။   အကယ်၍  တစ်ရက်တိုး၍ ဝါကြီးထပ်လုပ်မပေးနိုင်လျှင်  နှစ်ကြာ လာသောအခါ    လပြည့်၊   လကွယ် တွက်ချက်မှုများ မှားယွင်းသွားနိုင်သဖြင့် မဖြစ်မနေလုပ်ရခြင်းဖြစ်ပေသည်။    ။


ရည်ညွှန်းကျမ်းများ
စာပေဗိမာန်
မြန်မာ့စွယ်စုံကျမ်းအတွဲ(၆) (၁၃)
လမ်းစဉ်ပါတီ
အခြေပြုမြန်မာ့နိုင်ငံရေးသမိုင်း
မန်လည်ဆရာတော်
မဃဒေဝလင်္ကာကျမ်း
မှန်နန်းမဟာရာဇဝင်တော်ကြီး