
လင်းလက်ကြယ်
ပြီးခဲ့တဲ့ ရာသီမှာ ခြေစွမ်းကောင်းတချို့ ပြသ ထားနိုင်တဲ့ မန်ယူအသင်း အဓိက တိုက်စစ်ကစား သမား မားကက်ရက်ဖို့ဒ်ကိုရော ထိပ်တန်းကစား သမားလို့ သတ်မှတ်လို့ရပြီလားဆိုတာ မေးစရာ ဖြစ်လာတယ်။ အင်္ဂလန်နိုင်ငံ မန်ချက်စတာမှာ မွေး ဖွားခဲ့တဲ့ ရက်ဖို့ဒ်ဟာ အခုဆိုရင် အသက် ၂၅ နှစ်ကို ရောက်ရှိလာပြီ ဖြစ်တယ်။
အင်္ဂလန်အသင်းအတွက် ရှစ်နှစ်ကြာ ကစားပြီး သွင်းဂိုး ၁၆ ဂိုးသွင်းယူထားနိုင်တဲ့ ရက်ဖို့ဒ်အနေနဲ့ ပြီးခဲ့တဲ့ ရာသီမှာ အသင်းအတွက် လိုအပ်တဲ့ သွင်းဂိုးတွေ၊ အရေးပါတဲ့ သွင်းဂိုးတွေ ရယူထားနိုင်တာ ကြောင့် လက်ရှိအချိန် ဥရောပမှာ တိုက်စစ်အကောင်းဆုံး ကစား သမားတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခံထားရ သူ ဖြစ်နေ ပါပြီ။ နည်းပြတန်ဟက်ရဲ့ လက်ထက်ကျမှ ဒီလို သွင်းဂိုး တွေရယူကာ ထက်မြက်တဲ့ တိုက်စစ်ကစားသမား ဖြစ်လာတာဆိုရင် မှားဖွယ်ရာ မရှိဘူး။ ပြောမယ် ဆိုရင် အိုးထရက်ဖို့ဒ်ကို တန်ဟက် မရောက်လာခင် အချိန်အထိ နည်းပြအဆက်ဆက်မှာ ရက်ဖို့ဒ်ရဲ့ ခြေစွမ်းက သိသိသာသာတိုးတက်လာခြင်း မရှိဘဲ တစ်ရာသီအတွင်းမှာ ရှစ်ဂိုး၊ ၁၃ ဂိုး၊ ၂၂ ဂိုး စသဖြင့်သာ သွင်းယူထားနိုင်ပြီး တစ်ရာသီပြီး တစ်ရာသီ ကုန်ဆုံး ခဲ့ရတာ ဖြစ်တယ်။
သွင်းဂိုးအများဆုံး သွင်းယူထားနိုင်
၂၀၁၉-၂၀၂၀ ရာသီ နည်းပြ ဆိုးလ်ရှား လက်ထက်မှာ ရက်ဖို့ဒ်အနေနဲ့ ပြိုင်ပွဲအရပ်ရပ် ၄၄ ပွဲကစားပြီး သွင်းဂိုး ၂၂ ဂိုး ရယူထားနိုင် တာကြောင့် ကစားသမားဘဝ တစ်လျှောက် သွင်းဂိုးအများဆုံး သွင်းယူထားနိုင်တဲ့ ရာသီလို့ ဆိုနိုင်တယ်။
ဒါပေမယ့် နည်းပြ တန်ဟက် အိုးထရက်ဖို့ဒ်ကို ရောက်ရှိလာတဲ့ ပထမဆုံးရာသီမှာပဲ တိုက်စစ် ကစားသမား ရက်ဖို့ဒ်အနေနဲ့ ပြိုင်ပွဲစုံ ၅၆ ပွဲမှာ ဂိုးပေါင်း ၃၀ အထိ သွင်းယူနိုင်ကာ ခြေစွမ်းသိသိ သာသာ တိုးတက်လာခဲ့ပါတယ်။ ရက်ဖို့ဒ်ရဲ့ ခြေစွမ်း တိုးတက်လာတာကြောင့် လူအများရဲ့ အာရုံစိုက်မှုကို တစ်မုဟုတ်ချင်း ရယူထားနိုင်ခဲ့တယ်။
လက်လွှတ်ဆုံးရှုံးရမယ့် အခြေအနေကို ဆိုက်ရောက်လာ
ပီအက်စ်ဂျီ၊ ဘာစီလိုနာ စတဲ့ အသင်းကြီးတွေ အပါအဝင် ကလပ်အသင်းအများအပြားက ရက်ဖို့ဒ် ကို ခေါ်ယူဖို့အထိ ဖြစ်လာခဲ့တယ်။ အဲဒီနောက် မန်ယူအသင်းဟာ ဂိုးသွင်းထက်မြက်တဲ့ တိုက်စစ် ကစားသမားကို လက်လွှတ်ဆုံးရှုံးရမယ့် အခြေ အနေကို ဆိုက်ရောက်လာခဲ့တာကြောင့် စာချုပ် သစ်နဲ့ပတ်သက်ပြီး ဆွေးနွေးမှု စတင်ခဲ့ရပါ တော့တယ်။
ရက်ဖို့ဒ်နဲ့ မန်ယူအသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်း က လာမယ့်နှစ်မှာ ကုန်ဆုံးတော့ မှာဖြစ်တာကြောင့် စာချုပ်သစ် ကိစ္စကို ကာလအတန်ကြာ ဆွေးနွေးခဲ့ရပါတယ်။ အဲဒီလို ဆွေးနွေးအပြီး မှာတော့ ရက်ဖို့ဒ် ဟာ တစ်ပတ် လုပ်ခ ပေါင် ၃၂၅ ၀၀၀ နဲ့အတူ ၂၀၂၈ ခုနှစ်အထိ သက်တမ်းတိုး စာချုပ် ချုပ်ဆိုလိုက်ပါတယ်။
ဂိုးသမားနေရာအတွက် ရှာဖွေလုပ်ဆောင်ရပြန်
ဒါ့အပြင် အသင်းမှ အဓိက အားထားရတဲ့ ဂိုး သမား ဒီဂီယာကလည်း အသင်းကနေ ထွက်ခွာသွားပြီ ဖြစ်တာကြောင့် နံပါတ်တစ် ဂိုးသမားနေရာအတွက် အပူတပြင်းရှာဖွေလုပ်ဆောင်ရပြန်ပါတယ်။ သတင်း တွေအရ အင်တာမီလန်အသင်းမှ ကင်မရွန်း ဂိုးသမား အိုနာနာနဲ့ သဘောတူညီမှု ရရှိကာ အိုးထရက်ဖို့ဒ်ကို ရောက်ဖို့ အလွန်နီးစပ်နေတယ်လို့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်ထားတယ်။
မည်သို့ပင်ဆိုစေ မန်ယူအသင်းအနေနဲ့ လာမယ့် နှစ်မှာ ပရီမီယာလိဂ်ဖလားကို စိန်ခေါ်နိုင်ဖို့ဆိုရင် ခံစစ်ပိုင်း ကျစ်လျစ်ကာ အသင်းတိုက်စစ်က ပိုမို ထက်မြက်ပြီး သွင်းဂိုးတွေ ရယူနိုင်ဖို့ လိုအပ်တယ်လို့ ဘောလုံးကျွမ်းကျင်သူတွေက ဝေဖန်ထောက်ပြကြ တယ်။ ပြီးခဲ့တဲ့ ရာသီမှာ ရက်ဖို့ဒ်ခြေစွမ်းပြ ဂိုးတွေ သွင်းယူထားနိုင်သည့်တိုင် မန်ယူအသင်းက ရာသီ ပိတ်သိမ်းချိန်မှာ သွင်းဂိုး ၅၈ ဂိုးသာ ရရှိခဲ့တယ်။
အဲဒီသွင်းဂိုးအရေအတွက်က ထိပ်ဆုံးခြောက်သင်း စာရင်းမှာ အနိမ့်ဆုံးအရေအတွက် ဖြစ်နေတဲ့ အပြင် အဆင့် (၆) မှာ ရပ်တည်နိုင်ခဲ့တဲ့ ဘရိုက်တန် အသင်းတောင် သွင်းဂိုး ၇၂ ဂိုးအထိ ရှိပြီး မန်ယူ အသင်းထက် များနေတာ တွေ့ရတယ်။ ရက်ဖို့ဒ်က ပြီးခဲ့တဲ့ရာသီ ပရီမီယာလိဂ်မှာ မန်ယူအသင်းအတွက် သွင်းဂိုး ၁၇ ဂိုးနဲ့ ဂိုးအများဆုံး သွင်းယူထားတယ်။ အဲဒီနောက်မှာ ဖာနန်ဒက်စ်က ရှစ်ဂိုး၊ ဆန်ချိုက ခြောက်ဂိုး စသဖြင့် အများဆုံးသွင်းယူထားတယ်။
အဲဒီအချက်အလက်ကို ကြည့်ခြင်းအားဖြင့် မန်ယူအသင်းအနေနဲ့ သွင်းဂိုးရယူနိုင်ရေးမှာ ရက်ဖို့ဒ် အပေါ်ကို မှီခိုအားထားနေရတယ်ဆိုတာ မြင်သာ တယ်။ ရက်ဖို့ဒ်အနေနဲ့ ဂိုးအများဆုံးသွင်းယူထား နိုင်တယ်ဆိုသော်ငြား အပိုင်အခွင့်အရေးတွေကိုသာ ဂိုးအဖြစ်ပြောင်းလဲနိုင်ခဲ့ရင် ထိုအရေအတွက်ထက် ပိုမိုများပြားနိုင်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ် ကြတယ်။
အားကိုးဖွယ်ရာ မရှိ
နောက်ပြီး ရက်ဖို့ဒ်အနေနဲ့ ဂိုးသမားနဲ့ တစ်ဦး ချင်း ရင်ဆိုင်တွေ့တဲ့အခါတိုင်း၊ အပိုင်အခွင့်အရေး တွေ ရရှိတဲ့အခါတိုင်း ဂိုးအဖြစ်ပြောင်းလဲနိုင်စွမ်း မရှိ ခြင်းက ဂိုးသွင်းယူနိုင်မှုစွမ်းရည် လိုအပ်ချက်တွေ များစွာ ရှိနေတယ်လို့လည်း ထောက်ပြဆိုကြတယ်။ တိုက်စစ်မှာ အလှည့်အပြောင်းအနေနဲ့ မာရှယ်ရှိတယ် ဆိုသော်ငြား ပြီးခဲ့တဲ့ရာသီမှာ ပယ်နယ်တီတစ်ဂိုးအပါ အဝင် ခြောက်ဂိုးသာ သွင်းယူထားနိုင်တာကြောင့် အားကိုးဖွယ်ရာ မရှိဘူးလို့လည်း ဆိုကြတယ်။
လက်ရှိ ဇူလိုင် ၂၁ ရက်အထိ မန်ယူအသင်း ကစားသမား ခေါ်ယူမှုကိုကြည့်ရင် မေဆင်မောင့်၊ အီဗန်စ်နဲ့ အိုနာနာတို့ကိုသာ ခေါ်ယူထားနိုင်တာကို တွေ့ရတယ်။ နောက်ထပ် တိုက်စစ်ကစားသမား ဟိုးလန်းနဲ့ မူအာနီကို ခေါ်ယူသွားမယ်လို့လည်း သိရ ပါတယ်။
ထိပ်တန်းအဆင့် တိုက်စစ်ကစားသမား ခေါ်ယူဖို့ မရှိ
လက်ရှိအချိန်အထိ မန်ယူအသင်းက အသင်း ပိုင်ရှင် အပြောင်းအလဲမှာ သိသာထင်ရှားတဲ့ အရိပ် အယောင် မတွေ့ရသေးသလို ကစားသမားခေါ်ယူမှု အတွက်လည်း လုံလောက်တဲ့ ပြောင်းရွှေ့ကြေး မရ တာကြောင့် ထိပ်တန်းအဆင့် တိုက်စစ်ကစားသမား ခေါ်ယူဖို့ မရှိဘူးလို့ သတင်းတွေမှာ အကျယ်တဝင့် ဖော်ပြထားပါတယ်။
ဒါကြောင့် မန်ယူအသင်းအနေနဲ့ ဂိုးသွင်းစွမ်းရည် ကြွယ်ဝတဲ့ တိုက်စစ်ကစားသမားမျိုး မရရှိဘဲ လက်ရှိစုဖွဲ့မှုနဲ့ ပရီမီယာလိဂ်ဖလားစိန်ခေါ်နိုင်ဖို့ ဆိုတာ ခါချဉ်ကောင် မာန်ကြီးပြီး တောင်ကြီးဖြိုမယ့် ကြံ ခါးကမသန်ဆိုတဲ့ အဖြစ်မျိုးနဲ့ ကြုံတွေ့ ရနိုင်တယ်လို့ ကျွမ်းကျင်သူတွေ က ထောက်ပြပြောကြတယ်။