ပါကစ္စတန်နိုင်ငံ၌ ဇွန် ၂၅ ရက်မှစ၍ မုတ်သုံရာသီအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သေဆုံးသူ ၁၀၁ ဦးအထိတိုးလာ

 

အစ္စလာမ္မာဘတ်  ဇူလိုင်  ၂၁
ပါကစ္စတန်နိုင်ငံတစ်ဝန်း ဇွန် ၂၅ ရက်မှစကာ ယခုအချိန်အထိ မုတ်သုံရာသီအတွင်း သေဆုံးသူ ၁၀၁ ဦး ခန့်ရှိပြီး အခြားဒဏ်ရာရရှိသူ ၁၈၀ ရှိကြောင်း  နိုင်ငံ၏ အမျိုးသားဘေးအန္တရာယ် စီမံခန့်ခွဲမှုအာဏာပိုင် အဖွဲ့ (အင်န်ဒီအမ်အေ)က ပြောကြားသည်။ 
နိုင်ငံ၏အရှေ့ပိုင်း  ပန်ဂျပ်ပြည်နယ်၌  သေဆုံး သူ ၅၇  ဦးနှင့်   ဒဏ်ရာရရှိသူ   ၁၁၈   ဦးရှိပြီး မိုးသည်းထန်စွာ    ရွာသွန်းမှုဒဏ်ကို    အဆိုးရွားဆုံး ခံစားရကြောင်း၊  ပြည်နယ်၏မြို့တော်  လာဟိုး အပါအဝင် ပြည်နယ်အတွင်း  မိုးသည်းထန်စွာရွာသွန်းမှုကြောင့်  နေအိမ် ၅၃ လုံး  ပျက်စီးခဲ့ရကြောင်း အမျိုးသားဘေးအန္တရာယ်   စီမံခန့်ခွဲမှုအာဏာပိုင် အဖွဲ့က ဇူလိုင် ၂၀ ရက်တွင်  ပြောကြားသည်။ ဇူလိုင် ၁၉ ရက်ကလည်း  ရာဝါပင်ဒီမြို့အတွင်း မိုးသည်း ထန်စွာရွာသွန်းမှုကြောင့်  ဆောက်လုပ်ဆဲ  တံတား တစ်စင်း၏ နံရံပြိုကျမှုကြောင့်   ယာယီတဲများတွင် နေထိုင်သည့်  အလုပ်သမား ၁၂ ဦးထက်မနည်း သေဆုံးခဲ့သည်။
 ထို့ပြင် နိုင်ငံ၏အနောက်မြောက်ပိုင်း  ခိုင်ဘာ ပါ့တွန်ခဝါပြည်နယ်တွင် မိုးရွာသွန်းမှုနှင့် ဆက်စပ် သည့် ဖြစ်စဉ်များကြောင့်  ၂၅ ဦး သေဆုံးပြီး   အခြား ၄၁ ဦးမှာ  ဒဏ်ရာရရှိခဲ့ကြောင်း၊ ပြည်နယ် အတွင်း   နေအိမ်အလုံး ၆၀ ပျက်စီးခဲ့ပြီး တိရစ္ဆာန် ၄၃ ကောင် လည်း    သေဆုံးခဲ့ကြောင်း   အာဏာပိုင်များက ပြောကြားသည်။                                   ဆင်ဟွာ