
ပွင့်ဖြူ ဇူလိုင် ၂၁
မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် ၌ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီကာလ စားဖိုဆောင်သီးနှံဖြစ်သည့် ငရုတ်သီးနှံ စိုက်ပျိုးခြင်းကို တစ်မြို့နယ်လုံး ၄၀၄ ဧက လျာထားစိုက်ပျိုးဆောင်ရွက် လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရ သည်။
ပွင့်ဖြူမြို့နယ်၌ ဒေသခံတောင်သူများ က မဲဇလီရေလွှဲဆည်ရေအပြင် မုန်းချောင်းရေ နှင့် မြေအောက်ရေကို အကျိုးရှိစွာ အသုံးချပြီး (နွေ ၊ မိုး ၊ ဆောင်း )တစ်နှစ်ပတ်လုံး စိုက်ပျိုးရေး လုပ်ငန်းကို စီးပွားဖြစ်စိုက်ပျိုးလုပ်ကိုင်ကြ ကြောင်းသိရကာ ယခုလို မိုးသီးနှံစိုက်ပျိုးရာသီ ကာလတွင် သီးနှံအပိုဝင်ငွေရရှိစေရန် ဟင်းသီး ဟင်းရွက်စားပင်သီးနှံမျိုးစုံကိုလည်း အားထား စိုက်ပျိုးလုပ်ကိုင်ကြကြောင်း သိရသည်။
အဆိုပါ ဟင်းသီးဟင်းရွက်သီးနှံများ စိုက်ပျိုးရာ၌ စီးပွားရေးတွက်ခြေကိုက်သည့် ငရုတ်သီးနှံစိုက်ပျိုးရေးလုပ်ငန်းကို စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကြကြောင်း၊ ထိုသို့ စိုက်ပျိုး လုပ်ကိုင်ရာ၌ သီးနှံအမျိုးအစားအလိုက် အထွက်နှုန်း တိုးတက်ကောင်းမွန်စေရန် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ အခြေခံစိုက်ပျိုး ရေး နည်းပညာများနှင့် သွင်းအားစုပစ္စည်း သုံးစွဲပုံအဆင့်ဆင့်ကိုတောင်သူများ စနစ်တကျ လိုက်နာဆောင်ရွက်နိုင်ရန် အသိပညာပေး လုပ်ငန်းများ ကြီးကြပ်ဆောင်ရွက်ပေးနေ ကြောင်း သိရသည်။
“ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် ဒေသခံ တောင်သူတွေက သီးနှံဝင်ငွေ တိုးပွားစေရန်အတွက် စားဖိုဆောင်သီးနှံတွေဖြစ်တဲ့ ခရမ်းချဉ် ၊ ပန်းမုန်လာ၊ မုန်ညင်း၊ မုန်လာဥ၊ ဆလတ်၊ ခရမ်း၊ ချဉ်ပေါင်၊ ကန်စွန်း၊ ရုံးပတီ၊ ကြက်ဟင်းခါး၊ သခွား၊ ဘူး၊ ဖရုံ၊ တိုင်ထောင်ပဲ၊ နံနံပင်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုတ် စတဲ့သီးနှံတွေကို စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင် ကြတယ်။
စားဖိုဆောင်သီးနှံများ စိုက်ပျိုးရာ၌ တစ်မြို့နယ်လုံး ငရုတ်သီးနှံစိုက်ပျိုးရေးလုပ်ငန်း အနေနဲ့ စိုက်ဧက ၄၀၄ ဧက လျာထားစိုက်ပျိုးဆောင်ရွက်သွားမှာဖြစ်ပြီး ယနေ့အထိ ငရုတ်စိုက် ဧက ၄၅ ဧက စိုက်ပျိုး ဆောင်ရွက်ပြီးစီးသွားပြီ ဖြစ်ပါတယ်။ ငရုတ်သီးနှံက ဈေးကွက်ရှိတဲ့အတွက် တောင်သူတွေက အားထားစိုက်ပျိုးလုပ်ကိုင်ကြ တယ်။ တောင်သူတွေ အများဆုံးစိုက်ပျိုးတဲ့ ငရုတ် သီးနှံကတော့ သာမို - ၁၁ ငရုတ်မျိုးဖြစ်ပြီး ငရုတ်ပွနဲ့ ကုလားအော်သီး ငရုတ်မျိုးကိုလည်း စိုက်ပျိုးကြ ပါတယ်။ သီးနှံများစိုက်ပျိုးရာတွင် တောင်သူတွေကို အခက်အခဲမရှိအောင် GAP စိုက်ပျိုးရေး နည်းစနစ် တွေနဲ့ သွင်းအားစုပစ္စည်း အသုံးပြုပုံနည်းစနစ်တွေ ကို ကွင်းဆင်းကြီးကြပ်ပြီးတော့ တောင်သူပညာပေး လုပ်ငန်းများ ဆောင်ရွက်ပေးနေပါတယ်” ဟု ပွင်ဖြူ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောသည်။
ပွင့်ဖြူမြို့နယ်၌ ဒေသခံတောင်သူများသည် စိုက်ပျိုးရေ အဆင်ပြေမှုနှင့် စိုက်ပျိုးမြေကောင်းမွန် သည့်အတွက် (နွေ ၊ မိုး ၊ ဆောင်း) တစ်နှစ်ပတ်လုံး စိုက်ပျိုးရေးလုပ်ငန်းကို စီးပွားဖြစ်လုပ်ကိုင်ကြပြီး သီးနှံများစိုက်ပျိုးရာ၌ ဒေသတွင်း စားနပ်ရိက္ခာ ဖူလုံစေရန်နှင့် သီးနှံဝင်ငွေတိုးပွားစေရေးအတွက် ဈေးကွက်ရှိသည့် စပါး၊ မြေပဲ၊ နှမ်း၊ နေကြာ ၊ ပန်းနှမ်း စသည့် ဆီထွက်သီးနှံများနှင့် ပဲမျိုးစုံသီးနှံများကို စိုက်ပျိုးသည့်အပြင် သီးနှံအပိုဝင်ငွေတိုးပွားရေး အတွက် စားဖိုဆောင်သီးနှံ စိုက်ပျိုးရေးလုပ်ငန်း ကိုလည်း တစ်ပိုင်တစ်နိုင် စိုက်ပျိုးလုပ်ကိုင်ကြ ကြောင်း သိရသည်။
လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)
ဓာတ်ပုံ - ရဲဝင်းနိုင်(ပြန်/ဆက်)