Type

သိဒ္ဓိအောင်
လောက၌ ကျင်လည်ရှင်သန်ရာမှာ သတိပညာ ဆိုတဲ့ ဆင်ခြင်တုံတရားကို လက်ကိုင်ထားရမှာ ဖြစ်ပါတယ်။ ဆင်ခြင်တုံတရားကင်းမဲ့တဲ့ ဆောင်ရွက် ပြုမူမှုတွေဟာ အကျိုးရရှိစေမှာထက် အပြစ်တွေ ကိုသာ ရှေးရှုစေတတ်တာကြောင့် အသိရှိရှိ သတိရှိရှိနဲ့ လိုက်နာနေထိုင်ဖို့ လိုအပ်ပါတယ်။
ဆင်ခြင်တုံတရားရှိဖို့ဆိုရင် ကြောင်းကျိုး ဆင်ခြင်ဉာဏ်ရယ်၊ အသိပညာဗဟုသုတရယ် ရှိနေဖို့ လိုအပ်ပါတယ်။ အကြောင်းအရာတွေကို သုံးသပ်နိုင်၊ ခွဲခြမ်းစိတ်ဖြာနိုင်၊ ဆက်စပ်တွေးခေါ် နိုင်တဲ့ ဆင်ခြင်တုံတရားရှိနေရင်တောင် အတ္တတွေ၊ အစွဲတွေရဲ့ လွှမ်းမိုးမှုအရိပ်အောက်က လွတ်ဖို့ အတွက် သတိတို့၊ သတ္တိတို့ ရှိနေရမှာ ဖြစ်ပါတယ်။ အရေးကြီးတာက ‘ငါလည်း မှားနိုင်တယ်’ဆိုတဲ့ အချက်ကို နှလုံးသွင်းထားနိုင်ဖို့ပါပဲ။
သတိထားဖို့ လိုအပ်
နည်းပညာထွန်းကားတဲ့ ယနေ့ကမ္ဘာကြီးမှာ အကြောင်းအရာတစ်ခုကို သိကြားမြင်တွေ့ လိုက်တယ်ဆိုတိုင်း ရာနှုန်းပြည့်မှန်ကန်တယ်လို့ ယုံကြည်လို့ မရပါဘူး။ အဖြစ်အပျက်တွေကို ဦးစွာဆင်ခြင်ပြီးမှ လက်ခံယုံကြည်ရမှာ ဖြစ်သလို ပြန်လည်မျှဝေခြင်းကိုလည်း ပြုလုပ်ရမှာ ဖြစ်ပါ တယ်။ ကနေ့ မြန်မာနိုင်ငံရဲ့ မြို့အချို့က လမ်းမကြီး တွေပေါ်မှာ ဖျက်လိုဖျက်ဆီးစိတ်ဓာတ်နဲ့ စုရုံး ဆူပူကာ မင်းမဲ့စရိုက်ဆန်စွာ ပြုလုပ်နေကြသူ တချို့ဟာ သွေးထိုး လှုံ့ဆော်မှုတွေကြားထဲ မြှောက်ပင့်ပေးတိုင်း အော်ဟစ်နေကြတာကို တွေ့မြင်နေရပါတယ်။ ဥပဒေမဲ့လုပ်ရပ်တွေကို အများပြည်သူဆိုင်ရာလမ်းမကြီးတွေမှာ ပြုလုပ် နေကြသူတွေကြောင့် ဆင်ခြင်တုံတရားကင်းမဲ့တဲ့ လူ့အဖွဲ့အစည်းအဖြစ် ရောက်ရှိသွားနိုင်တယ်ဆိုတာ ဆန္ဒပြဆူပူသူတိုင်း သတိထားဖို့ လိုအပ်ပါတယ်။
အဖွဲ့အစည်းတစ်ခု ထွန်းကားဖို့ဆိုရင် ဆွေးနွေး၊ မေးမြန်း၊ စူးစမ်း၊ ရှာဖွေ၊ လေ့လာမှုတွေ ရှိနေရမှာ၊ ပြုလုပ်နေရမှာ ဖြစ်ပါတယ်။ အကြောင်းအရာ ကိစ္စတွေရဲ့ အမှန်တကယ် ဖြစ်စဉ်ကို သိရှိအောင် မေးမြန်းစူးစမ်း လေ့လာခြင်းမရှိဘဲ သွေးထိုး လှုံ့ဆော်မှုတွေကြားမှာ ဝေဝါးယောင်မှားနေမယ် ဆိုရင် အနာဂတ်တို့၊ လွတ်လပ်မှုတို့၊ ဂုဏ်သိက္ခာတို့၊ တည်ငြိမ်မှုတို့နဲ့ ဝေးကွာသွားမှာဖြစ်ပြီး အေးချမ်း သာယာခြင်းဆိုတာကိုပါ ဆုံးရှုံးသွားနိုင်တယ် ဆိုတာ သတိချပ်သင့်ပါတယ်။
ဆင်ခြင်တုံတရားရှိတဲ့ လူ့အဖွဲ့အစည်းဖြစ်
ဆင်ခြင်တုံတရားရှိတဲ့ လူ့အဖွဲ့အစည်းဖြစ်ဖို့ ဆိုရင် အဂတိတရားလေးပါးကို သိရှိပြီး လိုက်နာ ကျင့်သုံးနေထိုင်ကြဖို့ လိုအပ်ပါတယ်။ ဗုဒ္ဓမြတ်စွာ ဘုရားက သိင်္ဂါလလုလင်အား အဂတိတရားလေးပါး ကို မလိုက်စားအပ်ကြောင်း မဟာကရုဏာတော်ဖြင့် ဆုံးမတော်မူခဲ့ရာ ယင်းအဂတိတရားလေးပါးမှာ ဆန္ဒာဂတိ၊ ဒေါသာဂတိ၊ မောဟာဂတိ၊ ဘယာဂတိ တို့ပဲ ဖြစ်ပါတယ်။
အဓိပ္ပာယ်ဖွင့်ဆိုထား
ဆန္ဒာဂတိဆိုရာမှာ (ချစ်ခင်သဖြင့် မလိုက်သင့် သည့်ဘက်သို့ လိုက်ခြင်း၊ မပြုသင့်သည်ကို ပြုခြင်း)၊ ဒေါသာဂတိဆိုရာမှာ (စိတ်ဆိုးသဖြင့် မလိုက်သင့် သည့်ဘက်သို့ လိုက်ခြင်း၊ မပြုသင့်သည်ကို ပြုခြင်း)၊ မောဟာဂတိဆိုရာမှာ (ဆင်ခြင်တုံတရားမရှိဘဲ မိုက်မဲတွေဝေသဖြင့် မလိုက်သင့်သည့်ဘက်သို့ လိုက်ခြင်း၊ မပြုသင့်သည်ကိုပြုခြင်း)၊ ဘယာဂတိ ဆိုရာမှာ (ကြောက်ရွံ့သဖြင့် မလိုက်သင့်သည့်ဘက်သို့ လိုက်ခြင်း၊ မပြုသင့်သည်ကို ပြုခြင်း) စသည်ဖြင့် အဓိပ္ပာယ်ဖွင့်ဆိုထားရှိတာကို ဖော်ပြလိုပါတယ်။
လတ်တလော မြန်မာနိုင်ငံရဲ့ ဖြစ်စဉ်ဖြစ်ရပ်တွေ ကို လေ့လာကြည့်ပါက လမ်းပေါ်ထွက် ဆူပူရမ်းကား ကြသူတွေမှာ လူမှုကွန်ရက်တွေက အခြေအမြစ်မရှိတဲ့ သတင်းတွေ၊ တရားမဝင်အဖွဲ့အစည်းတွေရဲ့ ထုတ်ပြန် ချက်တွေကို ဖတ်ရှုပြီး မြှောက်ပင့်သွေးထိုးတဲ့ စကားတွေအတိုင်း မင်းမဲ့စရိုက်ဆန်တဲ့ လုပ်ရပ် တွေကို အဟုတ်ထင်၊ အမှန်ထင်ကာ ပြုလုပ်နေကြသူ တွေ ဖြစ်ပါတယ်။ ဆန္ဒာဂတိကြောင့် ဖြစ်ပေါ်လာတဲ့ ခံစားချက်ကို ဒေါသာဂတိနဲ့ စိတ်လိုက်မာန်ပါကာ မောဟာဂတိနဲ့ ဆင်ခြင်တုံမဲ့ လုပ်ရပ်မှားတွေ ပြုလုပ် နေကြပါက အကောင်းထက် အဆိုးဘက်ကိုသာ ဦးတည်ပြီး ထိခိုက်ဆုံးရှုံးမှုတွေ များလာမှာကို အထူးသတိထားဖို့ လိုပါတယ်။
ပြယုဂ်တွေအကျည်းတန်နေ
ဆန္ဒပြဆူပူနေကြတဲ့ အဖွဲ့တွေမှာ Generation Z ဆိုတဲ့ လူငယ်လူရွယ်တွေကို ရှေ့တန်းတင်ပြီး သွေးထိုးလှုံ့ဆော် မြှောက်ပင့်ပေးနေတာတွေက လူငယ်လူရွယ်တွေကို နေရာပေး အလေးထားသလို ထင်ရကောင်း ထင်ရနိုင်သော်လည်း လက်တွေ့ ဖြစ်စဉ်မှာတော့ တိုင်းပြည်ရဲ့ အနာဂတ် အသီးအပွင့် တွေကို ပွင့်လန်းမွှေးကြိုင်စေခွင့်မရအောင် အဖူးအငုံ ဘဝနဲ့တင် စိတ်ဓာတ်ရော ကိုယ်ကျင့်တရားပါ ရိုက်ချိုး ဖျက်ဆီးနေတာဖြစ်တာကြောင့် နောက်ကွယ်က ဆန္ဒပြပွဲကြိုးကိုင်သူတွေရဲ့ လုပ်ရပ်ကို ရှုတ်ချမိပါ တယ်။ ဆန္ဒပြအဖွဲ့ထဲ ပါဝင်နေကြတဲ့ တချို့လူငယ် တွေမှာ ယဉ်ကျေးတဲ့ စိတ်သန္တာန်ပါ ပျောက်ကွယ် နေကြပြီး ရဟန်းသံဃာတွေ၊ ဆရာ ဆရာမတွေ၊ ဆန္ဒပြဆူပူမှုထဲ မပါဝင်တဲ့ မိတ်ဆွေ ဆရာသမား သူငယ်ချင်းတွေအပေါ်မှာတောင် ညစ်ညမ်းသော စကားလုံး၊ ရိုင်းစိုင်းသောအပြုအမူတွေနဲ့ ပြုမူနေကြ တာကလည်း အနီးဆုံး လက်ဦးဆရာဖြစ်တဲ့ မိဘရဲ့ သွန်သင်ဆုံးမမှု ပေါ့လျော့ခဲ့တာကြောင့်လည်း တစ်ခု အပါအဝင်ပါပဲ။ Generation Z ရဲ့ ဆူပူအုံကြွ ပညာဉာဏ် နည်းပါးသူအချို့ကြောင့် ပြယုဂ်တွေ ဟာ အကျည်းတန်နေရပြီ မဟုတ်ပါလား။
ပညာစစ်ဖြစ်နေဖို့လိုအပ်
ပညာလို့ ဆိုလိုက်တာကြောင့် ဆူပူဆန္ဒပြ အဖွဲ့ထဲမှာ ပါဝင်ကြတဲ့ Generation Z တွေက ‘ငါတို့က ပညာတတ်၊ ဘယ်တက္ကသိုလ်တက်နေတာ၊ ဘယ် ကျောင်းက ဘာမေဂျာနဲ့ ဘွဲ့ရထားတာ’ ဆိုပြီး ပြန်တုံ့ပြန်ကြမယ်ဆိုတာ ယုံကြည်ပါတယ်။ ဆိုလိုချင်တဲ့ ‘ပညာ’ ဆိုတာက ‘အမှားအမှန်ကို သေချာစွာ ခွဲခြမ်း သိမြင်နိုင်ခြင်း’ပါ။ ‘အသိမပါတဲ့ အတတ်သည် အကန်းနှင့်တူပြီး အတတ်မပါသော အသိသည် အကျိုးနှင့်တူ၏’ဟု ပညာရှိတို့က ဆိုခဲ့ကြပါတယ်။ တက္ကသိုလ်တွေ မည်သို့ပင် တက်တက်၊ စာတွေ ဘယ်လောက်တတ်တတ် ပညာ(သင်ညာ)သာ သင်ယူပြီးမြောက်ခြင်းဟု ဆိုနိုင်ပါတယ်။ အသိပညာ ပြည့်စုံဖို့ ပုံစံမျိုးစုံနဲ့ လေ့လာသင်ယူနေရမှာ ဖြစ်သလို အတတ်ပညာ ဖြစ်လာဖို့လည်း အချိန်များစွာ ရင်းနှီးပြီး လေ့ကျင့်ဖို့ လိုအပ်ပါတယ်။ သို့မှသာ အမှန် တကယ် အလုပ်ဖြစ်တဲ့၊ ဆင်ခြင်တုံတရား ရှိတဲ့ ‘ပညာ’ကို ရရှိပိုင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ‘ပညာ သည် တန်ခိုးစွမ်းအင် (Knowledge is Power)’ဟု ဆိုရိုးရှိသော်လည်း အလုပ်ဖြစ်သော၊ အသုံးချ နိုင်သော ပညာစစ်ဖြစ်နေဖို့ လိုအပ်ပါတယ်။
ပညာသင်ယူနေတဲ့ အရွယ်၊ ဘဝကို စတင် ရုန်းကန်နေတဲ့ အရွယ်တွေဖြစ်တဲ့ Generation Z တွေရဲ့ ဒီကနေ့ ပြုလုပ်နေတဲ့ Campaign မျိုးစုံဟာ မှန်ကန်တဲ့ လုပ်ရပ်လား၊ မှားတဲ့လုပ်ရပ်လားဆိုတာ ကိုယ်တိုင်တွေးခေါ် စဉ်းစားဆုံးဖြတ်ပြီး လူမှု ကွန်ရက်က ရင်းမြစ်မရှိတဲ့ စာသားတွေအတိုင်း အဖျက်အမှောင့်လုပ်ရပ်၊ ဆူပူမှုတွေကို ဆက်လက် လုပ်သင့်သလားဆိုတာ မျက်စိဖွင့် နားစွင့်ရင်း ဆင်ခြင်တုံတရားရှိရှိနဲ့ ဆန်းစစ်ဆင်ခြင်ကြရမှာ ဖြစ်ပါတယ်။ လူငယ်လူရွယ်တွေ လက်ရှိပြုလုပ် နေတဲ့ လမ်းပေါ်ထွက် ဆန္ဒပြမှုတွေအပြင် အဖျက် အမှောင့် လုပ်ရပ်တွေကို အမြန်ဆုံး အဆုံးသတ်ကာ နိုင်ငံချစ်စိတ်နဲ့အတူ နိုင်ငံသားကောင်းပီသစွာ ဥပဒေဘောင်အတွင်း နေထိုင်ပြီး ဆင်ခြင်တုံ တရားရှိရှိ တာဝန်နဲ့ ဝတ္တရားတွေကို လေးစား လိုက်နာ နေထိုင်နိုင်ကြရေး အသိပေးရေးသား လိုက်ရပါတယ်။ ။
- Log in to post comments