နိုင်ငံတော်၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP)၊ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်အဖွဲ့(NDAA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP) ကိုယ်စားလှယ်အဖွဲ့တို့ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေး

 

နေပြည်တော်   ဇူလိုင်   ၂၀
နိုင်ငံတော်၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် “ဝ” ပြည်သွေးစည်း ညီညွတ်ရေးပါတီ (UWSP)၊ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့(NDAA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP) ကိုယ်စားလှယ်အဖွဲ့တို့ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော် ရှိ  Horizon  Lake  View ဟိုတယ်၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် က တွေ့ဆုံဆွေးနွေးပွဲသို့  တက်ရောက်လာကြသည့်  UWSP ၊ NDAA၊ SSPP အဖွဲ့တို့မှ  ငြိမ်းချမ်းရေးဆွေးနွေးရေး  ကိုယ်စားလှယ်အဖွဲ့များ ကို ရင်းရင်းနှီးနှီး ကြိုဆိုနှုတ်ဆက်သည်။  
တွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထောင်စုဝန်ကြီး  ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး   ရာပြည့်၊   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ အမျိုးသားစည်းလုံးညီညွတ် ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်နှင့် ညှိနှိုင်းရေး ကော်မတီအဖွဲ့ဝင်များ၊ “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP) မှ   ဒုတိယဥက္ကဋ္ဌ ဦးလော့ယာကု၊ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ (NDAA)မှ ဒုတိယဥက္ကဋ္ဌ ဦးစန်ပေ့၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)မှ ဒုတိယ ဥက္ကဋ္ဌ(၃) စဝ်ဆေပိုင်ဖတို့ ဦးဆောင်သည့်  ငြိမ်းချမ်းရေးဆွေးနွေးရေး ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
တွေ့ဆုံဆွေးနွေးပွဲတွင် ငြိမ်းချမ်းရေးဆွေးနွေးရေး အဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် တက်ရောက်လာကြသည့်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ သုံးဖွဲ့ကိုယ်စား “ဝ” ပြည် သွေးစည်းညီညွတ်ရေး ပါတီ (UWSP)  ဒုတိယဥက္ကဋ္ဌ  ဦးလော့ယာကုတို့က  နှုတ်ခွန်းဆက် အမှာစကားများ ပြောကြားကြသည်။
ထို့နောက် ယခင်ဆွေးနွေးပွဲများ၌ သဘောတူထားသည့်အချက်များ ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးကိစ္စ၊ ငြိမ်းချမ်းရေးညီလာခံ ကျင်းပရေးကိစ္စ၊ ဒေသဖွံ့ဖြိုးရေးဆောင်ရွက်မှုအခြေအနေများနှင့် EAO များဘက်မှ ဆွေးနွေးလိုသည့်အချက်များအား  အပြန်အလှန်ဆွေးနွေး ညှိနှိုင်းခဲ့ကြပြီး ဆွေးနွေးညှိနှိုင်းချက်များအရ သဘောတူညီချက်များ ရယူနိုင်ရန် မူကြမ်းများကို ဆွေးနွေးညှိနှိုင်းခဲ့ကြကာ တွေ့ဆုံဆွေးနွေးပွဲ ပထမနေ့ကို ရပ်နားခဲ့သည်။ 
ဆွေးနွေးပွဲ     ဒုတိယနေ့ကို    ဇူလိုင်  ၂၁  ရက်တွင်    ဆက်လက် ကျင်းပသွားမည်ဖြစ်ပြီး နှစ်ဖက်တူညီသည့်သဘောထားများကို သဘော တူညီချက်များအဖြစ်  လက်မှတ်ရေးထိုးသွားမည်ဖြစ်ကြောင်း  သိရ သည်။                                                                        

သတင်းစဉ်